Latest News

Thursday, December 14, 2017

မန်ယူအသင်း ဦးစားပေး တိုက်စစ်မှူး လူကာကူကို နည်းပြမော်ရင်ဟို ဖယ်ထုတ်တော့ မှာလား

မန်ယူအသင်း ဦးစားပေး တိုက်စစ်မှူး လူကာကူကို နည်းပြမော်ရင်ဟို ဖယ်ထုတ်တော့ မှာလား

မန်ယူနဲ့ မော်ရင်ဟို၊ မော်ရင်ဟိုနဲ့မန်ယူ ဒီနှစ်ခုကိုပေါင်းဖက်ကြည့်ရင် ဘာတွေဘယ်လို ပြောင်းလဲတိုးတက် လာမလဲဆိုတာကို ဒီနှစ်ပိုင်းတွေအတွင်း ဘောလုံးလောကမှာ ပရိသတ်တွေ အသိချင်ဆုံး ဖြစ်ခဲ့ကြမှာပါ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီကစလို့ မော်ရင်ဟိုက မန်ယူအသင်းနည်းပြရာထူးကို လက်ဝယ်ပိုင်ပိုင်ရသွားတော့ အားလုံးမျှော်လင့်နေတဲ့ မေးခွန်းတစ်ခု မကြာမီ အဖြေပေါ်တော့မှာပဲဆိုပြီး ဝမ်းသာခဲ့ကြပါတယ်။

ဒါပေမဲ့ ပထမရာသီမှာ မန်ယူက ပရီးမီး ယားလိဂ်မှာ အသင်းပြန်လည်ပြင်ဆင် ထူထောင်ဆဲကာလဖြစ်လို့ ရလဒ်မ ကောင်းပေမယ့် ယူရိုပါလိဂ်ချန်ပီယံအဖြစ်နဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရသွားတော့ဘာပဲ ဖြစ်ဖြစ် ဘဝင်ကျစရာ ဖြစ်ခဲ့ရပါတယ်။

ဒီရာသီမှာတော့ မော်ရင်ဟိုက လိုအပ်တဲ့ ကစားသမားတွေထဲက မာတစ်နဲ့ လူကာကူတို့ကိုခေါ်ယူနိုင်အပြီး အသင်းက တော်တော်လေးပြည့်စုံတဲ့ အနေအထား ရောက်ပြီဆိုပြီး အကောင်းဆုံး တိုက်စစ်ကစားဟန်နဲ့ မော်ရင်ဟိုရဲ့ မန်ယူလာပြီဆိုပြီး မန်ယူပရိသတ်တွေ မျှော်လင့်တကြီး ဖြစ်ခဲ့ ကြတယ်။ ရာသီအစပိုင်း ၁ဝ ပွဲမှာ လူကာကူ ၁၁ ဂိုးသွင်းနိုင်ခြင်းနဲ့အတူ မန်ယူရဲ့ကစားပုံက အားရကျေနပ် စရာကောင်းပြီး တိုက်စစ်ပိုင်းကစားရာမှာ စိတ်ကျေနပ်စရာ ကောင်းခဲ့ပါတယ်။

ဒါပေမဲ့ ပေါ့ဂ်ဘာ ဒဏ်ရာရ သွားပြီးနောက်ပိုင်းမှာ မန်ယူအသင်းကစားပုံက သိသိသာသာ ကျဆင်းသွားပါတယ်။ လီဗာပူးနဲ့ပွဲမှာဆိုရင် မော်ရင်ဟိုက အသင်းကြီးဖြစ်ပေမယ့် တစ်ဖက်သတ် ပိတ်ကစားလို့ ဘတ်စကားကြီး ဂိုးရှေ့ ပိတ်ကစားတဲ့ အသင်းအဖြစ် လှောင်ပြောင်ခံခဲ့ရတယ်။ နောက်ပိုင်း အာဆင်နယ်နဲ့ ပွဲမှာ ၃ ဂိုး- ၁ ဂိုးနဲ့နိုင်ပေမယ့် ခံစစ်ကိုသာ ပိတ်ကစားပြီး အာဆင်နယ်က ဂိုးကန်ချက် ၃၃ ကြိမ်လုပ်နိုင်တဲ့အထိ အသာစီးက ကစားသွားသလို ဘောလုံး ပိုင်ဆိုင်မှုမှာလည်း တစ်ဖက်သတ်နိမ့်ပါးခဲ့လို့ ဝေဖန်ချင်စရာတွေ ထပ်တိုးလာရတယ်။ ဒီဇင်ဘာ ၁ဝ ရက်ညကလည်း မန်ယူက အိမ်ကွင်းမှာ မန်စီးတီးနဲ့ကစားတော့ ခံစစ်ကိုပဲ အားပြုကစားပြီး မန်စီးတီးကသာ တစ်ပွဲ လုံးဖိကစားရင်း ၂ ဂိုး- ၁ ဂိုးနဲ့ ရှုံးသွားလို့ မန်စီးတီးကို လိုက်မီဖို့ ၁၁ မှတ်လိုတဲ့အနေအထား ရောက်သွားရ ပါတယ်။

 မော်ရင်ဟိုမတိုင်မီ မန်ယူကို နည်းပြတဲ့ ဗန်ဟားကိုယ်တိုင်က သူ့လက်ထက် မန်ယူအသင်းကတောင် လက်ရှိ မန်ယူအသင်းထက် ဆွဲဆောင်မှုရှိတဲ့ တိုက်စစ်ကစားဟန်ကို ကစားနိုင်ခဲ့တယ်။ မော်ရင်ဟိုရဲ့ မန်ယူကတော့ စိတ်ပျက်ငြီးငွေ့ဖွယ် ခံစစ်အားပြုကစားတဲ့ အသင်းကြီးဖြစ်နေပြီလို့ ဝေဖန်ခဲ့ပါတယ်။ တကယ်လည်း ဝေဖန်ချင်စရာဖြစ်ေ နလို့ ဘာတွေမှားခဲ့တာလဲလို့ သုံးသပ်ရတော့မှာပါ။  အဓိကအားဖြင့် မန်စီးတီးနဲ့ပွဲက ပေးလိုက်ရတဲ့ နှစ်ဂိုးစလုံးမှာ အပြစ်မကင်းတဲ့ တိုက်စစ်မှူးလူကာကူရဲ့ လက်ရှိအခြေအနေကို ပြန်လည်သုံးသပ်ရမှာပါ။ မန်ယူကို ရောက်စက လူကာကူဆိုတာ ဂိုးတွေ အဆက်မပြတ် သွင်းပြီးတိုင်း မန်ယူပရိသတ်ရှေ့မှာ လက်နှစ်ဖက်ဆန့်တန်းပြီး အောင်ပွဲခံနေကျပါ။ မန်စီးတီးနဲ့ပွဲမှာရော၊ အာဆင်နယ်နဲ့ပွဲမှာရော လီဗာပူးနဲ့ပွဲမှာပါ လူကာကူကစားပုံ တော်တော်ညံ့ဖျင်းပြီး ယုံကြည်မှု၊ ဦးတည်ရာ ပျောက်ဆုံးနေသူအဖြစ်သာ က စားနိုင်ခဲ့တယ်။ မန်စီးတီးနဲ့ပွဲမှာဆိုရင် ပေးလိုက်ရတဲ့ နှစ်ဂိုးစလုံးက သူ့ပယောဂ မကင်းပါဘူး။

ပထမပေးလိုက်ရတဲ့ဂိုးမှာ အော့တမန်ဒီလို သူ့ထက်အရပ်ပုတဲ့ ကစားသမားက ထောင့်ကန် ဘောကို နောက်ကနေ ခေါင်းလျှိုတိုက်ပြီး ဆေးလ်ဗားဆီချပေးရာက ပေးလိုက်ရတယ်။ ခံစစ်ကို လိုက်ကူ ရာမှာ လူကာကူက ဘောလုံးလာရာလမ်းကြောင်းကို ငေးနေပြီး နောက်ကတိုးတိုက်မယ့်သူကို ကျောပေးထားခြင်းက မန်ယူ ပထမပေးလိုက်ရတဲ့ဂိုးရဲ့ အဓိက အဖြေပါ ပဲ။ နောက်တစ်ဂိုးကို ကြည့်ရင်လည်း ဂိုးရှေ့မှာ ကပ်ထားသူမရှိဘဲ ဘောလုံးကို ရှင်းထုတ်ရာမှာ နောက်ပြန်ကန်ချက်နဲ့ရှင်းပြီး ကိုယ့်လူကိုယ်ထိလို့ ကျလာတဲ့ ဘောလုံးကို အော့တမန်ဒီက သွင်းယူသွားတာ ဖြစ်ပါတယ်။ မန်ယူအ တွက် အကောင်းဆုံး အခွင့်အရေး အဖြစ် ဂိုးသမားနဲ့တစ်ဦးချင်း တွေ့တော့လည်း မျက်နှာကိုကန်ခဲ့လို့ ဂိုးမရတာကိုကြည့်ရင် လူကာကူက ဘောလုံးမရချိန် ဘောလုံးနောက်ကို တိုက်စစ်မှူးပါ ပြန်ဆင်းကစားရတဲ့ မော်ရင်ဟိုရဲ့ ခံစစ်ကစားပုံမှာ ယုံကြည်မှုတွေ ပျောက်ဆုံးသွားတာကို အထင်းသား တွေ့နေရပါပြီ။ ပေါင် ၇၅ သန်းတန် တိုက်စစ်မှူးတစ်ဦးက တစ်ဖက်ဂိုးရှေ့မှာသာ ကောင်းနေလို့မရဘဲ မမှားသင့်တဲ့ ဘောလုံးအခြေခံတွေကိုတော့ ရှောင်နိုင်ဖို့ လိုပါတယ်။ နောက်ဆုံး ၁၄ ပွဲမှာ လူကာကူဂိုးမသွင်းနိုင်တဲ့ ပွဲပေါင်း ၁၂ ပွဲရှိလာပြီဖြစ်ပါတယ်။

 ဒီရာသီ ထိပ်တန်း အဆင့် (၆) ထဲဝင်တဲ့အသင်းတွေနဲ့ ငါးပွဲရင်ဆိုင်ပြီးခဲ့ရာမှာ လူကာကူ တစ်ဂိုးမှ မသွင်းနိုင်ပါဘူး။ လူကာကူ မန်ယူကိုရောက်တော့မယ် ဆိုကတည်းက ထိပ်တန်းအသင်းမှာ မကစားဖူးလို့ ထိပ်တန်းပြိုင်ဘက် တွေနဲ့ အရေးကြီးပွဲတွေမှာ ဂိုးသွင်းနိုင်ပါ့မလားဆိုတာ သံသယ ဖြစ်မိပါတယ်။ လူကာကူက ပရီးမီးယားလိဂ် ကစားသမား ဘဝမှာ မန်စီးတီး၊ အာဆင်နယ်၊ ချယ်လ်ဆီး၊ လီဗာပူး၊ စပါးနဲ့ ယခင်မန်ယူစတဲ့ အသင်းကြီးတွေ နဲ့ ၆၂ ပွဲရင်ဆိုင်ပြီးရာမှာ ၁၅ ဂိုးသာ သွင်းနိုင်ခဲ့တဲ့မှတ်တမ်းကို ထောက်ပြပြီး အသင်းကြီးတွေနဲ့ တွေ့ဆုံတဲ့ ပွဲတွေမှာ အလုပ်မဖြစ်သူ အဖြစ် စတင်သတ်မှတ်လာကြပါပြီ။ ဟယ်ရီကိန်းက ထိပ်တန်းပြိုင်ဘက်တွေနဲ့ ၃၁ ပွဲကစားရာမှာ ၁၆ ဂိုး၊ အဂူရိုက ၅၂ ပွဲကစားရာမှာ ၃၅ ဂိုး၊ ဂျေမီဗာဒီက ၃၉ ပွဲကစားရာမှာ ဂိုး ၂ဝ သွင်းထားနိုင်တဲ့ စံချိန်တွေနဲ့ ယှဉ်ရင် လူကာကူက အသင်းငယ်တွေနဲ့ပွဲမှာသာ ဂိုးသွင်းနှုန်းကောင်းတဲ့သူ ဖြစ်နေကြောင်း ပေါ်လွင်လာပါတယ်။

မန်စီးတီးနဲ့ပွဲကို ရုပ်သံတွေကနေ တင်ဆက်သွားတဲ့ ဂရေမီဆောင်းနက်စ်က ဒီပွဲမှာ လူကာကူဆီက အရည်အသွေးရှိတဲ့ ဝန်ဆောင်မှုကို မန်ယူမရခဲ့ဘူးလို့ ဝေဖန်သွားတယ်။ ဂယ်ရီနဗီးလ် က မန်ယူအသင်း တိုက်စစ်မှူး တစ်ဦးအနေနဲ့  ဒီထက်ပိုမြန်သင့်တယ်။  ယုံကြည်မှု ပျောက်ဆုံးနေသူ တစ်ဦးလို့ ဝေဖန်တယ်။ ပရီးမီးယားလိဂ်မှာ ဂိုးပေါင်း ၂၆ဝ သွင်းခဲ့တဲ့ အလန်ရှီး ယားက တိုက်စစ်မှူး ကောင်းတစ်ဦး အနေနဲ့ တစ်ဖက်ဂိုးနဲ့ ၁၈ ကိုက်အကွာမှာ ပိုနေသင့်တာ မှန်ပေမယ့် ဘောလုံးပေးပို့မှုပိုင်းမှာ ဒီထက်တိကျ သင့်တယ်လို့ ဝေဖန်အကြံပေးတာတွေက လူကာကူရဲ့ အားနည်းချက်ကို ပိုပြီးပေါ် လွင်စေမယ်ထင် ပါတယ်။ ဒီလို ဝေဖန်သုံးသပ်လို့ လူကာကူ သုံးမရတော့ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ လူကာကူမှာ ကောင်းကွက် တွေလည်း အများကြီးရှိပါတယ်။ သူက ဒီရာသီမှာ ပရီးမီးယားလိဂ် တိုက်စစ်မှူးတွေထဲ လက်စ တာ တိုက်စစ် မှူးဗာဒီ ( ၁၅၄ ဒသမ၂ ကီလိုမီတာ) ပြီးရင် ပြေးလွှားကစားခဲ့မှု အများဆုံး (၁၄၈ ဒသမ ၄ ကီလိုမီတာ) က စားသမားဖြစ်နေပါတယ်။

 တာတိုပြေးမှု ၇၂၂ ကြိမ်လုပ်နိုင်ခဲ့ခြင်းက စပါးတိုက်စစ်မှူး ဟယ်ရီကိန်းထက် ၁၂၉ ကြိမ်ပိုများပြီး ဗာဒီတစ်ဦးသာ သူ့ထက် တာတိုပြေးလွှားမှု ပိုလုပ်ထားနိုင်ပါတယ်။ မော်ရင်ဟိုက လူကာကူကို ဒီရာသီ ပရီးမီးယားလိဂ် ပွဲတိုင်း၊ မိနစ်တိုင်း အသုံးပြုကစားရာမှာ သူကရက်ရှ်ဖို့ဒ်၊ လင်ဂတ်၊ မာရှယ်တို့ အားလုံးနဲ့ တွဲဖက်ကစားနိုင်စွမ်းရှိတာ အမှန်ပါ။ ဒါပေမဲ့ ကွင်းလယ်မှာ ပေါ့ဂ်ဘာမပါနိုင်တဲ့ ပွဲဆိုရင်တော့ အသင်းတိုက်စစ်ကစားပုံ လုံးဝပျက်ယွင်း သွားတတ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ငါးရာသီကစားပြီးတဲ့ ကစားသမားဖြစ်လို့ အသက် ၂၄ နှစ်ဆိုတဲ့ ပေတံနဲ့နှိုင်းပြီး လျှော့ပြောလို့ မရနိုင်ပါဘူး။ လူကာကူက အင်အားသုံးပြီး ဘယ်ခြေ၊ ညာခြေမရွေး ကြုံသလိုဂိုး ကန်သွင်းနိုင်သူ တိုက်စစ်မှူး စစ်စစ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဂိုးကန်ချက် တိကျမှု ရာခိုင်နှုန်းက အလယ် အလတ်တန်းစား ဘောလုံးသမား တစ်ဦးရဲ့ နှုန်းဖြစ်တဲ့ ၅၄ ဒသမ ၁၄ ရာခိုင်နှုန်း၊ ဘောလုံးပေးပို့မှုက ၆၆ ဒသမ ဝ၈ ရာခိုင်နှုန်းသာ ရှိနေခြင်းကတော့ တော်တော်ဆိုးရွားတဲ့ အနေအထားပါ။

ချယ်လ်ဆီးကို ဒီရာသီမှရောက်လာတဲ့ စပိန်တိုက်စစ်မှူး မိုရာတာဆိုရင် ပရီးမီးယားလိဂ်သွင်းဂိုး ကိုးဂိုးကို ကစားခွင့်ရချိန် ၁၃ဝ ဒသမ ၂၂ မိနစ်တိုင်း တစ်ဂိုးနှုန်း သွင်းနိုင်တာကြောင့် နည်းစနစ်ပိုင်း ပိုကျေညက်တဲ့ ကစားသမားအဖြစ် သတ်မှတ်ရမှာပါ။

ရာသီအစ ၁ဝ ပွဲမှာ ၁၁ ဂိုးသွင်းနိုင်တဲ့ အရည်အချင်းကြောင့် မော်ရင်ဟိုက လူကာကူကို ပွဲထွက်ကစားသမား စာရင်းကထုတ်ပြီး ဒဏ်ရာပြန်ကောင်းလာပြီဖြစ်တဲ့ ဝါရင့် တိုက်စစ်မှူး မိုဗစ်ခ်ျကို ပွဲထွက်ခွင့် နေရာပေးဖို့ကတော့ ချက်ချင်းဖြစ်မလာ နိုင်လောက်သေးပါဘူး။ မိုဗစ်ခ်ျက လူကာကူလောက်အားသုံးပြီး လျင်မြန်မှုရှိတဲ့ ကစားသမား မဟုတ်ပေမယ့်  အတွေ့အကြုံ၊ ပါးနပ်မှု၊ ဂိုးသွင်း သေသပ်တိကျမှု၊ အသင်းကို ဦးဆောင်နိုင်မှုတွေ မှာတော့ လူကာကူထက် အများကြီးသာတာကြောင့် မှန် ကန်တဲ့ ပြောင်းလဲမှုတစ်ရပ်ကို အချိန်မီ မပြောင်းလဲနိုင်ရင် နစ်သထက်နစ်ပြီး နောက်ထပ် ကျရှုံးရတဲ့ ရာသီ ဖြစ်လာနိုင်စရာ ရှိနေပြီလို့ပဲ သုံးသပ်လိုက်ရပါတယ်။ဇေယျာ(MWD)

No comments:

Post a Comment