Latest News

Thursday, December 14, 2017

သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ကို လာမည့် ဇန်နဝါရီလအတွင်းရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ၌ ပြောင်းရွှေ့ဖွင့်လှစ်မည်

သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ကို လာမည့် ဇန်နဝါရီလအတွင်းရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ၌ ပြောင်းရွှေ့ဖွင့်လှစ်မည်

ရန်ကုန် ဒီဇင်ဘာ ၁၃

ဗဟန်းမြို့နယ် သံလွင်လမ်း၌ ဖွင့် လှစ်ထားသည့် သတင်းအချက်အလက် နည်းပညာ  တက္ကသိုလ်ကို ၂ဝ၁၇-၂ဝ၁၈   ပညာသင်နှစ်ဖြစ်သော ဇန်နဝါရီ ၂ ရက်မှစ၍ ပထမနှစ် အပါ အဝင် မာစတာတန်းအထိ တက်ရောက် မည့် ကျောင်းသားကျောင်းသူများကို ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)၌ အသစ်ဖွင့်လှစ်မည့် သတင်းအချက် အလက်   နည်းပညာတက္ကသိုလ် ကျောင်းတွင် ပြောင်းရွှေ့ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။

သတင်းအချက်အလက် နည်းပညာ တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ စောစန္ဒာအေးက   ''ဒီဇင်ဘာ ၄ ရက် နေ့မှာ    တခြားတက္ကသိုလ်တွေလို ဖွင့်မယ်လို့       လျာထားခဲ့ပေမယ့်ဆောက်လုပ်ရေးလုပ်ငန်းက မပြီးပြတ်သေးတာရယ်၊ လျှပ်စစ်မီးကလည်း ထရန်စဖော်မာတွေ ပြန်ထိုင်ရမယ်၊ စာသင်ခန်းတွေကလည်း အဆင်သင့် မပြီးစီးသေးတာကြောင့်  ကျောင်းဖွင့်ချိန်  နောက်တစ်လ ရွှေ့လိုက်တာပါ၊ အဓိက က ကျောင်းသား ကျောင်းသူတွေ  သက်သောင့်သက်သာ အေးအေး ချမ်းချမ်းနဲ့ ပညာသင်ကြားဖို့ဖြစ်ပါတယ်''ဟု ပြောသည်။

ယခုဖွင့်လှစ်မည့်    သတင်းအချက်အလက်   နည်းပညာတက္ကသိုလ်ကို ခြောက်ထပ်ဆောင်နှစ်ဆောင်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး နောက်နှစ် ဘတ်ဂျက်ရရှိသည့်အခါ  အဆောင်များ  ထပ်မံတိုးချဲ့ဖွင့်လှစ်သွားမည်   ဖြစ် ကြောင်း သိရသည်။ ဖွင့်လှစ်ပြီးပါက ဆရာ ဆရာမ ဦးရေ ၁၂ဝ နှင့် ပထမနှစ်မှ မာစတာတန်းအထိ ကျောင်းသား  ကျောင်းသူ ၁ဝဝဝ ခန့် သင်ကြားနိုင်မည် ဖြစ်သည်။ Ph.D အတန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

''အဓိက သင်ကြားတာကတော့ ကွန်ပျူတာဘာသာရပ်ကို အထူးပြု သင်ကြားပြီး   အဆင့်မြင့် ကွန်ပျူတာတက္ကသိုလ်အနေနဲ့ သတ်မှတ်ထား ပါတယ်၊ တက္ကသိုလ်ဝင်ခွင့်ရမှတ် ၄၈၇ မှတ်နဲ့ ကျောင်းသား ကျောင်းသူ ၂ဝဝ လက်ခံပါတယ်၊ အရင်နှစ်တွေက မိန်းကလေးဦးရေပိုများပေမယ့် ဒီနှစ်မှာက ကျောင်းသား ကျောင်းသူ ဦးရေက မျှတတယ်၊ ဒါက ထူးချွန်တဲ့ကျောင်းသား ကျောင်းသူတွေအနေနဲ့ITနည်းပညာကို ပိုပြီးစိတ်ဝင်တစားရှိလာတယ်လို့ ထင်မိပါတယ်၊ အမှတ်မီတဲ့ ကျောင်းသား ကျောင်းသူတွေ လျှောက်ထားမှု များပြားတာကြောင့် အခု ပထမနှစ်မှာ ၂၂ဝ  အထိ   လက်ခံသင်ကြားသွားမှာ ဖြစ်ပါတယ်''ဟု ပါမောက္ခချုပ်က ဆက်လက်ပြောကြားသည်။

''အဆောင်အနေနဲ့ ကျွန်မတို့မှာ ကိုယ်ပိုင်အဆောင်မရှိသေးပါဘူး၊ လှော်ကားဘက်က အဆောင်တွေမှာရော ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကပိုင်တဲ့ ကျောင်းဆောင်တွေမှာပါ ကျောင်းသား ကျောင်းသူဦးရေ ၂ဝဝ ခန့်  ထားပါ တယ်''ဟု ကျောင်းသားရေးရာဌာနမှူး ဒေါ်တင်တင်ထွေးက ပြောသည်။

နောက်ဆုံးနှစ်(ပဉ္စမနှစ်) ကျောင်းသား  ကျောင်းသူများကို လုပ်ငန်းခွင် အတွေ့အကြုံရရှိစေရန် ပြည်တွင်းကုမ္ပဏီများနှင့် ပြည်ပအခြေစိုက်ဖြစ်သည့် အမေရိကန်၊ အင်္ဂလန်၊ စင်ကာပူ စသည့်ကုမ္ပဏီပေါင်း ၃၁ ခုနှင့် ချိတ်ဆက်၍ လက်တွေ့သင်ယူစေခဲ့ကြောင်း၊    ကျောင်းသား  ကျောင်းသူများအနေဖြင့် ကုမ္ပဏီများ၌   လက်တွေ့ပရိုဂရမ်ရေးနည်း၊   ဆော့ဖ်ဝဲလ်ရေးနည်းစသည့် နည်းပညာများကို   တိုက်ရိုက်လေ့လာနိုင်သည့်အတွက်   စာသင်ခန်းတွင် အထောက်အကူများစွာရရှိကြောင်း သိရသည်။

၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်မှစ၍ သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခု  သက်တမ်း ငါးနှစ်ရှိပြီဖြစ်ကြောင်း သိရသည်။  ဘွဲ့ရကျောင်းသား  ကျောင်းသူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းရရှိမှု မြင့်မားရုံမက နိုင်ငံတကာကုမ္ပဏီများကလည်း အလုပ် ခန့်ထားမှု များပြားကြောင်းသိရသည်။

သတင်း - ဥမ္မာသန့်၊ မြတ်စန္ဒီ၊ ဓာတ်ပုံ - ရဲထွဋ်(ကြေးမှုံ)

No comments:

Post a Comment