Latest News

Thursday, December 28, 2017

မကွေးတိုင်းဒေသကြီးမှ စိုက်ပျိုးရေးဦးစီးဌာန ကွင်းဝန်ထမ်းများအတွက် ထိုင်းနိုင်ငံထုတ်ဆိုင်ကယ်အစီး ၃၀၀ ထောက်ပံ့ပေးမည်

မကွေးတိုင်းဒေသကြီးမှ စိုက်ပျိုးရေးဦးစီးဌာန ကွင်းဝန်ထမ်းများအတွက် ထိုင်းနိုင်ငံထုတ်ဆိုင်ကယ်အစီး ၃၀၀ ထောက်ပံ့ပေးမည်

မကွေး ဒီဇင်ဘာ ၂၈

 တောင်သူများ၏ လယ်ကွင်းများအရောက် သွားရောက် ၀န်ထမ်းဆောင်နေသော စိုက်ပျိုးရေးဦးစီးဌာန ကွင်း ၀န်ထမ်းများအတွက် တစ်စီးလျင် ကျပ် ၁၃သိန်းခွဲခန့် တန်ဖိုးရှိသည့် ထိုင်းနိုင်ငံထုတ် Honda Wave 110 ဆိုင်ကယ်အစီး ၃၀၀ မကွေးတိုင်းစိုက်ပျိုးရေးဦးစီး ဌာနရုံးတွင် ရောက်ရှိနေပြီး မကြာမီထောက်ပံ့ပေးသွားတော့မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။

 ပွင့်ဖြူ ၊ စလင်းနှင့် မင်းဘူးမြို့များတွင် မုန်းချောင်းရေလျှံပြီး ရေကြီးနစ်မြုပ်ခဲ့ရသည့် သဘာဝဘေးအန္တရာယ် အတွက် လိုအပ်ချက်များ တင်ပြတောင်းခံရန် ညွှန်ကြားချက်ရရှိပြီး မျိုး၊ ဓါတ်မြေသြဇာ၊ သီးနှံသိုလှောင် အိတ်များ ၊ ၀န်ထမ်း သွား လာမှုလွယ်ကူရေး အတွက် ယာဉ်များ တောင်းခံလိုက်သည့်အပေါ် ပြည်ထောင်စုအစိုးရအစီအစဉ်ဖြင့် ချထားပေးခဲ့ခြင်းဖြစ်သည်။

 “ အရင်တုန်းကတော့ ဒီလိုပံ့ပိုးတာမရှိဘူး။ မကွေးတိုင်းမှာ ရေကြီးနစ်မြုပ်တာတွေနဲ့ပတ်သက်ပြီး လိုအပ်ချက် တွေတင်ပြတောင်း ခံတော့ ၀န်ထမ်းတွေ သွားရေးလာရေးအတွက် ဒါဖြည့်ဆည်းမှ ဖြစ်မယ်ဆိုပြီးတော့ IRM Project ချေးငွေနဲ့  ထောက်ပံ့ပေးတာပါ ” ဟု မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ၊ တိုင်းဦးစီးမှူး ဦးခင်မောင်ဝင်း ကပြောသည်။

           ရေဘေးသင့်ခံရသည့်မြို့နယ်များရှိ ကွင်းဝန်ထမ်းများကို အဓိကဦးတည်ချထားပေးမည်ဖြစ်ကာ ကျန်မြို့နယ် များသို့လည်း ကြိုတင် ကာကွယ်ရေးစီမံချက်အနေဖြင့် သင့်တင့်လျောက်ပတ်သည့် ခွဲတမ်း တစ်ခုသတ်မှတ်ပေးမည်ဖြစ်ကြောင်း ၊ နေပြည်တော်(ရုံးချုပ်)၏ စီမံခန့်ခွဲမှု ၊ တိုင်းဒေသကြီးအစိုးရ၏လမ်းညွှန်မှုအပေါ် အသုံးတည့်သည့်အသုံးချမှုမျိုး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။

          “ ခရီးစရိတ်ကလည်း ၀န်ထမ်းတွေကိုအလောက်အဌထောက်ပံ့ပေး နိုင်တာ မရှိဘူး။ ဆိုင်ကယ်လေးတွေ ပေးနိုင် တယ်ဆိုရင် ကွင်းဝန်ထမ်း လေးတွေက ဘာပဲပြောပြော ပေးတဲ့ခရီးစရိတ်ကို ဆီဖိုးသုံးနိုင်မယ် ဆိုရင်ကို မိမိတို့ရဲ့ ကွင်းတာဝန်ကျ ကျေးရွာတွေကို သွားနိုင်မယ်။ တောင်သူနဲ့ ကွင်းထဲမှာ ထဲထဲဝင်ဝင်တွေ့နိုင်မယ်။ အကြံပြုတဲ့ လုပ်ငန်းတွေကို အေးအေးဆေး ဆေး လုပ်နိုင်မယ်။ ဓါတ်ခွဲဖို့လိုတာရှိရင် တိုင်းဒေသကြီးဓါတ်ခွဲခန်းကို အမြန်ပို့လို့ရမယ်။ အဖြေကိုလည်း တောင်သူ့ဆီ အမြန် လက်ဆင့်ကမ်းပြန်ပေးလို့ရမှာဖြစ်တယ်။ လုပ်ငန်းတွင်ကျယ်ဖို့အတွက် အလွန်ထိရောက်တဲ့ ထောက်ပံ့မှုတစ်ခုပဲလို့ပဲ မြင်ပါတယ် ” ဟု တိုင်းဦးစီးမှူး ဦးခင်မောင်ဝင်းက ဆိုသည်။

         သဘာဝဘေးအန္တရာယ်ကြုံ စာရင်းဇယားများ ကွင်းဆင်း ကောက်ယူနိုင်ရေးသာမကဘဲ တောင်သူ့လိုအပ်ချက် အရ သီးနှံပြန်လည် စိုက်ပျိုးလိုလျင် မြန်မြန်ဆန်ဆန်အကြံပြုနိုင် ၊ ဆွေးနွေးညှိနှိုင်းနိုင် ၊ မှန်ကန် သည့် အဖြေတစ်ခုကို ချက်ချင်း ချနိုင်ခြင်း နှင့်  ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းအကျိုးများ ရလာမည်ဟုလည်း ၄င်းကပြောသည်။

       ကုမ္ပဏီမှ အသုတ်လိုက်ခွဲပို့ခဲ့သည့်ဆိုင်ကယ်များ မကွေးတိုင်းသို့ အောက်တိုဘာလကရောက်ရှိလာခဲ့ပြီး နေပြည် တော်တွင် လိုင်စင်လုပ်နေဆဲဖြစ်၍ လိုင်စင်နံပတ်များရလျင် မြို့နယ်များသို့  လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း မကွေးတိုင်း စိုက်ပျိုးရေးဦးစီးဌာန မှ သိရှိရသည်။  ဇေယျတု(မကွေး)

No comments:

Post a Comment