မြန်မာ ယူ-၂၁ အသင်း ထိုင်းကို ဂိုးပြတ်အနိုင်ယူပြီး တတိယနေရာရရှိ
ရန်ကုန် ဒီဇင်ဘာ ၂၂
၂ဝ၁၇ ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ် ပြိုင်ပွဲ တတိယနေရာလုပွဲကို ယနေ့ ညနေပိုင်းက ဗီယက်နမ်နိုင်ငံ ကန်တိုမြို့၌ ကျင်းပရာ မြန်မာ ယူ-၂၁ အသင်းက ထိုင်းယူ-၂၁ အသင်းကို လေးဂိုး-နှစ်ဂိုး ဖြင့် အနိုင်ရခဲ့သည်။
မြန်မာ ယူ-၂၁ အသင်းသည် ထိုင်း အသင်းကို တတိယ လုပွဲတွင်လည်း ထပ်မံအနိုင်ယူကာ တတိယနေရာရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲတွေ့ဆုံစဉ်က ထိုင်းကို အနိုင် ရခဲ့သလို ယခုပြန်လည်တွေ့ဆုံရာတွင်လည်း ဂိုးပြတ် အနိုင်ရခဲ့သောကြောင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် တတိယဆုရရှိခဲ့သည်။ ဦးကြည်လွင် ကိုင်တွယ် သည့် မြန်မာ ယူ-၂၁ အသင်းသည် ပြင်ဆင်ချိန်နည်းပါးပြီး ကစားသမားကောင်းများ ပါဝင်ခြင်းမရှိ၍ ယခုပြိုင်ပွဲတွင် အကောင်းဆုံးအနေအထား မရခဲ့သော်လည်း ထိုင်းအသင်း ကိုမူ နှစ်ပွဲစလုံး အနိုင်ကစားနိုင်ခဲ့သည်။
မြန်မာ ယူ-၂၁ အသင်းသည် ပွဲထွက် လူစာရင်းကို အပြောင်း အလဲအချို့ ပြုလုပ်ခဲ့ပြီး ပွဲစကတည်းက ဂိုးရရန် ကြိုးပမ်းခဲ့ သည်။ ပွဲအစ သုံးမိနစ်တွင် မြန်မာအသင်းဂိုးစရခဲ့ပြီး ယခုပွဲ တွင် ပထမဆုံး ပွဲထွက်ကစားခွင့်ရသည့် တိုက်စစ်မှူး ရွှေကိုက အီစိုး၏ ဖန်တီးပေးမှုမှတစ်ဆင့် သွင်းယူပေးခဲ့သည်။
ဂိုးပေးလိုက်ရပြီးနောက်ပိုင်းတွင် ထိုင်း ယူ-၂၁ အသင်း ချေပဂိုးရရန် ကြိုးပမ်းလာခဲ့ ပြီး ၂၁ မိနစ်တွင် နာတာဝပ်က ခေါင်းတိုက်ပြီး ချေပဂိုး ပြန်သွင်းခဲ့သည်။ ဂိုးပြန်ပေး လိုက်ရသော်လည်း မြန်မာအသင်း ကစားကွက်ပျက်မသွားဘဲ ထိုင်းအသင်းဘက်သို့ ဆက်လက်ဖိကစားနိုင်ခဲ့ပြီး ၃၅ မိနစ်တွင် ဒုတိယဂိုးရခဲ့သည်။
သွင်းယူပေးခဲ့ယင်းဂိုးကို တောင်ပံကစားသမား ကျော်မြင့်ဝင်းက သွင်းယူခဲ့သည်။ ဒုတိယ ပိုင်းတွင် ထိုင်းအသင်း ချေပဂိုးရရန် ကြိုးပမ်းခဲ့သော်လည်း မြန်မာအသင်း ခံစစ်ပိုင်း အမှားအယွင်းမရှိဘဲ ဖျက်ထုတ်နိုင်ခဲ့သည်။ ၈၂ မိနစ်တွင် ပီတာဝပ်၏ ချေပဂိုး သွင်းယူမှုကို ခွင့်ပြုခဲ့ရသော်လည်း မြန်မာအသင်းမှာ အနိုင်ဂိုးများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ၈၄ မိနစ်တွင် ကျော်မြင့်ဝင်းနှင့် ၈၅ မိနစ်တွင် အီစိုးတို့က သွင်းယူပေးခဲ့သည်။
ဖိုးသော်ဇင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment