Latest News

Tuesday, December 19, 2017

မြို့လယ်ခေါင်က လူသတ်မှု နှင့် ကျောက်စိမ်းတွင်းက သံချေးတက်နေသော အုပ်ချုပ်ရေး ယန္တယား


၁၉.၁၂.၂၀၁၇နေ့ နံက် ၁၁နာရီခွဲကျော်လောက်က ဖားကန့်မြို့နယ်ရဲ့ ( ယ က တ ) ပုဂ္ဂလိက မော်တော်ယဉ် ကြီးကြပ်ရေး ကော်မတီ ဥက္ကဌ ၊ဖားကန့်ရတနာ မော်တော်ယဉ်အသင်း ဂိတ်ပိုင်ရှင် ဦးခင်စိုးဟာ ဖားကန့်မြို့လယ်ခေါင်က သူ့ရဲ့ ဖားကန့် ရတနာ ကားဂိတ်ထဲ သူ့သမီးနဲ့ ထိုင်စကားပြောနေရင်း သူ့ဦးခေါင်း ဘယ်ဘက် ဂျိုဇောင်းကို သေနတ်နဲ့ တေ့ပစ်သွားတာ ခံလိုက်ရတယ် ။ အမည်မသိ သေနတ်သမားက လေးယောက် ၊ဆိုင်ကယ်နှစ်စီး ။ နှစ်ယောက်က ဆင်းလာပြီး ကားလက်မှတ် ဝယ်ချင်ဟန်ဆောင်ပြီး အနီးကပ် ပစ်သတ်သွားတယ် ။ဦးခေါင်းတချက် ၊ဝမ်းဗိုက် သုံးချက်နဲ့ ဖားကန့်ဆေးရုံမှာ အသက်ထွက်သွားခဲ့ရတယ် ။

ဦးခင်စိုးကို ပစ်သတ်သွားတာက နေ့ခင်းကြောင်တောင်ကြီး ၊ ဦးခင်စိုးပစ်သတ်ခံရတဲ့ နေရာနဲ့ ဘေလီတံတား လုံခြုံရေး ရဲကင်းနဲ့ အလွန်ဝေးလှမှ ကိုက် နှစ်ရာပေါ့ ။မြန်မာ့တပ်မတော်က တပ်မ ၁၀၁ စခန်းနဲ့ ဝေးလှ ၂ ဖာလုံပေါ့ ။ဖားကန့်မြို့မရဲစခန်းနဲဆို လွန်ရော ကျွံရော သုံးဖာလုံပေါ့ ။နောက်ပြီး ဦးခင်စိုး တပ်မတော်သားဟောင်း လုံးခင်းသားလို့လဲ ပြောနေကြပြီး ဦးခင်စိုး ယောက်ဖအရင်းဟာ ဗျူဟာမှူး တာဝန်နဲ့ လက်ရှိ ကချင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေတယ်လို့လဲ သိရပြန်ပါတယ် ။

ဆန်ခါရွာက ဦးတိုးနဲ့ နမ္မဖြစ်က အလယ်တန်းပြ ကျောင်းဆရာလေး ကိုအောင်ဇင်ထွန်းတို့ နှစ်ဦးကို ၁၅ နာရီပဲ ခြားပြီး ဆက်တိုက် သတ်ပြသွားတယ် ။ အမျိုးသမီးအုပ်ချုပ်ရေးမှူး ဒေါ်နန္ဒာလှိုင် ၊ ဆိပ်မူက ဗိုက်ကလေး ( ခေါ် ) ကျော်မျိုး ၊ နန့်ယားက ပြည်သူ့စစ် မျိုးမင်းထွန်း ၊ နမ့်မှော်က စိုင်းထွန်းလွင် ၊ ဝှေခါက ကိုကံဆက် တို့ကို ပစ်သတ်သွားတာ လက်ရာ ခြေရာ တထပ်ထဲ တူနေပေမဲ့ တပ်မတော် ၊ ရဲတပ်ဖွဲ့ ဒီနေ့အချိန်ထိ မဖော်ထုတ်နိုင်သေး ။

ဒါတင်မကသေးပါဘူး ဆိပ်မူ ရဲကင်းက ရဲအင်ဖော်မာ အရှည်ကြီး ၊ ကံဆီးက စရဖ အင်ဖော်မာ ဖန်သီး စတဲ့သူတွေ တလေကြီးဟာ အမည်မသိ သေနတ်သမား လက်ချက်နဲ့ အသက်ထွက်ခဲ့ရပေမဲ့ ကိုရွှေအစိုးရ တာဝန်ရှိသူတွေက ဖော်ထုတ်မပေးနိုင်ကြ ။ ပြည်သူကို ကာကွယ်ခြင်း ၊စောင့်လျှောက်ခြင်း ဆိုတဲ့ ပေတံတွေနဲ့ ကိုယ်ဖာသာကိုသာ တိုင်းကြပါ ။

တရားခံမိအောင် မဖမ်းနိုင်မှန်း ဒေသခံတွေက သိပြီးသားမို့ ဖြစ်တုန်းခဏမှာ တမြို့လုံး တနယ်လုံး အုံးကြွက်ကြွက် လုံခြုံရေးတွေ တင်းကြပ်ပြအုံးမယ် ဆိုတာလဲ အလွတ်ရနေပါပြီ ။ အပိုဆာဒါးတွေနဲ့ မရောင်ရာ ဆီလူး အစီဗူးထောင်ပြီး ကား ၊ဆိုင်ကယ်ထဲမှာ ဒုတ် ၊ ဓါး လက်နက်နဲ့ ကျောက်စိမ်းများ မတော်တဆတွေ့ရင် အချုပ်ထဲ ရောက်ကြရပါအုံးမယ် ။ တနယ်လုံး အုံးအုံးထထ သနားကြမည် ။ကျင်နာကြမည် ။ရက်စက်သူက ရက်စက် ။ ကျင်နာသနားမည့်သူက ကျင်နာသနားကြမည် ။ ဒါသည်ပင် လူသာဆန်ခြင်း မဟုတ်ပါလော ။ ငြိမ်ငြိမ်နေ တိုးတိုးပြော အေးအေးလူလူ မဆက်ဆံရင် ငါ့အလှည့် ဘယ်အချိန်ရောက်လာမလဲဆိုပြီးတော့လည်း တွေးပူနေကြအုံးမည် ။တရားဥပဒေက စိုးမိုးတာကိုး ။ ဖားကန့်မှာ သေချင်းတရားနဲ့ ကြွယ်ဝ ချမ်းသာခြင်းဟာ ရင်ဘတ်နဲ့ ကျောလို နီးနီးလေးရယ်ပါ ။ အပြောကောင်းရင် လျှာဖျားလေးနဲ့ ငွေသီးလာအောင် ဖန်တီးနိုင်သလို ၊အပြောမကောင်းရင် ဘူးလက် ဆုလဒ်တွေ အရဇတ် ရောက်လာတတ်ပါတယ် ။
ဒီလောက်ပြည်သူတွေ အမည်မသိ သေနတ်သမားလက်ချက်နဲ့ သေနေတာတောင် တရားခံကို မဖော်ပေးနိုင်ခြင်းကိုထောက်ရင် ကျောက်စိမ်းတွင်းက အုပ်ချုပ်ရေး ၊တရားဥပဒေစိုးမိုးရေး ယန္တယားကြီး သံချေးတက်နေပြီလားဆိုတာ မေးခွန်းထုတ်စရာပါ ။

အဓိက မှာချင်တာက ဒီရက်ပိုင်း မိုးချုပ်ရင် အပြင်မထွက်ကြပါနဲ့ ။ဥပဒေနဲ့ ညိစွန်းတဲ့ ပစ္စည်းတွေ ကားဆိုင်ကယ်မှာထည့်မလာကြပါနဲ့ ။ ဖားကန့်တစ်ခုံး လုံခြုံရေး တင်ကြပ်ထားပါတယ် ။
ယုံထောင်တာ ကြောက်မိပြီး ရှိတဲ့ငွေယားလေး အချောင်ကုန်နေပါအုံးမယ် အမျိုးတို့ ရေ ...
သေချာတာကတော့ ကိုယ့်အသက်ရှင် ဘို့ ကိုယ့်ကို ကိုယ်သာ အားကိုးပါလို့ အထက်မှာ ဖော်ပြထားတဲ့ အမည်မသိ သေနတ်သမားလက်ချက်နဲ့ သေဆုံးသူများက မှာကြားနေပါတယ် ....
အားလုံးကျန်းမာ ချမ်းသာကြပါစေ ။
ဇော်မိုးထက်
photo - သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားသော ဦးခင်စိုး ရုပ်အလောင်းအား ၄င်းမိသားစု ရှိရာ မန္တလေးမြို့သို့ သယ်ဆောင်ရန် ဖားကန့်မြို့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံမှ သယ်ထုတ်လာစဉ် .....

No comments:

Post a Comment