Latest News

Friday, December 1, 2017

စိတ် မသက်သာ ဖွယ် ဖြစ်နေရဆဲ မြန်မာ့ ပညာရေး


အစိုးရမှ ပညာရေး အသုံးစရိတ်ကို တိုးမြှင့် သုံးစွဲနေသော်လည်း ဆရာ များ နှင့် ကျောင်းသားများအဖို့ စိတ်မချမ်းမြေ့ အဘယ်ကြောင့် ဖြစ်နေရဆဲ ဆိုသည်ကို ယနေ့ထုတ် The Economist မဂ္ဂဇင်းကြီး က အခုလို ဖေါ်ပြထားပါတယ်။
နေရာကား ရန်ကုန် ရှိ ကိုလိုနီခေတ် လက်ကျန် အဆောက်အဦးတခုတွင် ဖွင့်လှစ်ထားသော စာသင်ခန်း
တခုအတွင်းတွင် ဖြစ်၏၊
ဆရာမက လက်ထဲက ကြိမ်လုံးဖြင့် အဖြူရောင် သင်ပုန်းချပ် ပေါ်ရှိ စာသားများကို ထောက်ပြရင်း
"လိုက်ဆိုပါ" ဟု အမိန့်ပေးလိုက်၍ တတန်းလုံးရှိ ကလေးများ သံပြိုင်ညီညာစွာ လိုက်ဆိုကြပေသည်။
အဆိုပါ ကလေးများက စာကြောင်းများကို ကြက်တူရွေးလို နှုတ်တိုက် ရွတ်ဖတ် ဆိုနေကြပြီး တမနက်ခင်းသာ ကုန်သွားခဲ့သော်လည်း ဆရာမအား လက်ထောင်ပြီး မရှင်းတာ ကို မေးမည့်သူမရှိ၊ ဆရာမကလည်း ဘာမေးခွန်းမှ မေးတာ မတွေ့ခဲ့ရ။

ကျောင်းသားများ အဖို့ကား နောက်တတန်းသို့ တက်ရန် အရေးသည် သင်ကြားနေသည့်အကြောင်းအရာကို ကျေညက်စွာ နားလည်ရန် မလို၊ ပြဌာန်းစာအုပ်ကို အလွတ်ကျက်မှတ်နိုင်ရေးသည်သာ အဓိက
လိုအပ်နေပေသည်။ မိမိမြင်တွေ့ခဲ့ရသော ကျောင်းသား လေးဆယ်ခန့်က အခုလို အလွတ်ကျက်
မှတ်ခြင်းဖြင့်သာ အထက်တန်းပညာ ပြီးဆုံးသွားပေတော့မည်။

သို့သော် ကျောင်းသား ဆယ်ဦးလျင် တဦးနှုန်းမျှသာ အထက်တန်း အထိ ဆက်နေ၍ ပညာ ဆုံးခန်း
တိုင်အောင် သင်ယူခဲ့ကြသည်။ နိုင်ငံတွင်း ကလေး အမြောက်အမြားသည် မူလတန်းကျောင်းကို
တက်ရောက် ပညာသင်ကြားခဲ့ကြပေမယ့် ၎င်းတို့ထဲက တ၀က်လောက်သည် အလယ်တန်းကျောင်း
အရောက်တွင် ကျောင်းမှ ထွက်ကုန်ကြသည်ကို လေ့လာသိရှိခဲ့ရသည်။ အချို့က မိဘများ ၀င်ငွေတဖက်
တလမ်းမှ ရရှိအောင် ကူညီပေးရန် လိုအပ်၍ ဖြစ်ပြီး အချို့က ပျင်းရိညည်းငွေ့ကာ ဆက်လက်ပညာာ
သင်ကြားလိုစိတ် မရှိကြတောသောကြောင့်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ပညာရေးသည် တသမတ်တည်း ဆိုးရွားနေခဲ့ခြင်းကား မဟုတ်ပေ။ ရာစုနှစ် နှင့် ချီတည်ရှိ
ခဲ့သော ဘုန်းကြီးကျောင်း ပညာရေးကြောင့် လွတ်လပ်ရေး ရခဲ့သည့် ၁၉၄၈ တွင် အရှေ့တောင်အာရှတွင် စာတတ်မြောက်သူ အများဆုံးရှိသော နိုင်ငံ ဖြစ်လာခဲ့ရသည်။ ရန်ကုန် တက္ကသိုလ်သည် ဒေသတွင်း နိုင်ငံများ အကြား အလေးစားခံရဆုံး တက္ကသိုလ်ကြီး အဖြစ် ရပ်တည်လာခဲ့သည်။ ဗြိတိသျှ အုပ်ချုပ်ရေး
စနစ်ကြောင့် အင်္ဂလိပ်စာကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ခဲ့ကြသည်။

သို့သော် ထိုအောင်မြင်မှုများအားလုံးက ၁၉၆၂ စစ်တပ်အာဏာသိမ်းပြီးခဲ့ချိန်မှစ၍ ပြောင်းလဲ သွားခဲ့
ရပေတော့သည်။
ကျောင်းသား သမဂ္ဂ အဆောက်အအုံ အား ဖေါက်ခွဲဖျက်စီးခဲ့မှုနှင့်အတူ ပြည်ပ သြဇာ သက်ရောက်မှုများဆိုကာ စတင် တိုက်ဖျက်လာခဲ့ကြပေတော့သည်။ ကျောင်းများအား ပြည်သူပိုင် သိမ်းခဲ့ကြပြီး ပညာရေး အသုံးစရိတ်သည်လည်း တဟုန်ထိုး ကျဆင်းသွားခဲ့ရသည်။

၂၀၀၇-၁၀ အတွင်း ပညာရေး အသုံးစရိတ်သည် တမျိုးသားလုံး ထုတ်ကုန် စုစုပေါင်း ပမာဏ၏ ၁% မျှပင် မရှိတော့ပေ။ ယင်းသည်ကား ဒေသတွင်း နိုင်ငံများ အသုံးစရိတ်၏ သုံးပုံ တပုံပင် မရှိခဲ့ပေ။ ၂၀၁၄ တွင် ကမ္ဘာဘဏ်မှ သုတေသန ပြုချက်များအရ ရန်ကုန်ရှိ ငွေကြေးတတ်နိုင်သူ မိသားစုဝင် ကလေးများသည် စာဖတ်ရာတွင် အင်ဒိုနီရှား၊ ဖီလစ်ပိုင်၊ ဗီယက်နမ် နိုင်ငံများကို မမှီခဲ့ယုံမက လက်တင်အမေရိကရှိ ဆင်းရဲ သော နိုင်ငံများ ဖြစ်သည့် ဂွာတီမာလာ နှင့် နိုင်ကာရာဂွာ ကလေးများ၏ အဆင့်အတန်းပင် မရှိခဲ့ကြသည်ကို တွေ့ခဲ့ကြရသည်။

စစ်အစိုးရ အဆက်ဆက်က ပြဌာန်းစာများအား ၀ါဒဖြန့် ရိုက်သွင်းနိုင်သည့် လက်နက်ကိရိယာ တခု အဖြစ် ရှု့မြင်ခဲ့ကြသည်။ စာသင်ခန်းများထဲတွင် ကလေးများအား မိမိထက် ကြီးသူ၊ အာဏာပိုင်သူများအား မည်သည့်နည်းနှင့်မျှ ပြန်လှန် မေးခွန်းထုတ်ခြင်း မပြုရန် သင်ကြားပေးခဲ့ကြသည်။ ထိုကဲ့သို့ အကြောက်တရားကား နိုင်ငံတွင်းရှိ ကလေးများ၏ နုငယ်သော စိတ်ထဲတွင် အမြစ်တွယ်လာခဲ့ကြရသည်ဟု စာရေးဆရာမ မသီတာ က ပြောပြခဲ့သည်။ ပညာရေး စနစ်ကို ရက်ရက်စက်စက် ဖျက်ဆီးခဲ့ကြမှုကြောင့် လူဘောင်အဖွဲ့
အစည်းတခုလုံး "အသိညဏ်ပညာ စုံလုံးကန်း" ခဲ့ရကြောင်း သူမ ယုံကြည်သည်ဟု ဆိုသည်။

ကျောင်းသုံး ပြဌာန်းစာများသည် တိုင်းရင်းသား လူနည်းစုများအတွက်လည်း စိတ်အနှောက်အယှက် ဖြစ်
ခဲ့ကြရပြန်သည်။ နိုင်ငံသည် လွတ်လပ်ရေး ရပြီးချိန်မှစ၍ ပြည်တွင်း သောင်းကျန်းမှုများနှင့် ရင်ဆိုင်လာခဲ့ရသော်လည်း သမိုင်းစာအုပ်များတွင်မူ တရားဝင် လူမျိုးပေါင်း ၁၃၅ မျိုးသည် စည်းလုံးညီညွတ်စွာ ဖြင့် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခဲ့ကြသည်ဟု ဖေါ်ပြထားခဲ့သည်။ "ဒါဟာ တကယ့် သမိုင်းအစစ်မဟုတ်ဖူး" ဟု အစိုးရ
 ကျောင်းမှ မကြာမီက မှ ပြီးလာခဲ့သူ ရှမ်းအမျိုးသမီး တဦး ဖြစ်သူ နန်းလွန်ခမ်းဆင့် က ပြောပြခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင်များက ကိုယ်ပိုင်ကျောင်းများ ဖွင့်ပြီး ကိုယ်ပိုင် ပြဌာန်းစာအုပ်များဖြင့် သင်ကြားပေးခဲ့သည် ဆိုသော်လည်း များသော အားဖြင့် အစိုးရ ပြဌာန်းစာအုပ်များမှ ပြန်လည် ကူးယူ ဖေါ်ပြထားသည်က များပေသည်။

ကျောင်းများတွင် သင်ကြားပေးနေသော အလွတ်ကျက် ပညာရေး စနစ်သည် လုပ်ငန်းခွင်တွင် ၎င်းတို့လို
အပ်နေသော ကျွမ်းကျင်မှုများကို မပေးနိုင်ခဲ့ဟု လုပ်ငန်းရှင်များက ငြည်းတွားခဲ့ကြပြန်သည်။ ပညာရေး တွင် ပို၍ အဆင့်မြင့် စွာ ပြီးဆုံးလာလေ အပြင်တွင် အလုပ်ရဖို့ ပို၍ ခက်ခဲလေဟု တယောက်က ဆိုသည်။ ၎င်း၏ အလုပ်သမားများကို လုပ်ငန်းခွင်အတွင်း ကျုတိုရီယယ် အတန်းများ၊ အွန်လိုင်း သင်တန်းများဖြင့်
 ပြန်၍ လေ့ကျင့်ပေးခဲ့ရသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အစိုးရ က အရာအားလုံး ပြောင်းလဲပစ်မည်ဟု ပြောဆိုခဲ့ပြီး ပညာရေး စနစ်သည် NLD ၏ ထိတ်တန်း ဦးစားပေး ဖြစ်လာခဲ့ရသည်။ ပညာရေး ၀န်ကြီးဌာနက ထုတ်ပြန်သော ကြွေရောင်
စက္ကူဖြင့် ပုံနှိပ်ထားသော လက်ကမ်း စာစောင်တွင် "၂၁ ရာစု ကျွမ်းကျင်မှု အတတ်ပညာ" အား မြန်မာ ကလေးများထံ အရောက် ဆောင်ကျဉ်းပေးမည်ဟု ဖေါ်ပြပါရှိခဲ့သည်။ အမျိုးသား ပညာရေး မဟာဗျုဟာ စီမံကိန်းတွင် အသက်မွေးဝမ်းကျောင်းနိုင်မည် အတတ်ပညာ များ သင်ကြားပေးရန်နှင့် အလေးအနက်
 တွေးခေါ် နိုင်မှုကို အားပေးသည့် ပညာရေးကို စာသင်ခန်းများ အတွင်း ဖေါ်ဆောင်နိုင်ရန် ရည်ရွယ်လာခဲ့သည်။

ထိုရည်မှန်းချက်များကို လက်တွေ့ အကောင်အထည် ဖေါ်ရန် အစိုးရမှ ပညာရေး အသုံးစရိတ်ကို အကြီး
အကျယ် တိုးမြှင့် သုံးစွဲလျက် ရှိနေပေသည်။ ယခုနှစ်အတွင်း အသုံးစရိတ်သည် ၂၀၁၂ ခုနှစ်ကထက် စာလျင် လေးဆနီးပါး တိုးတက်လာခဲ့သည်။ ကျောင်းသုံးစာအုပ်အသစ်များ ပြဌာန်းခဲ့သည့်အပြင် ဆရာ ဆရာမများအားလည်း ပြန်လည်လေ့ကျင်နိုင်ရန် ကျောင်းများသို့ သင်တန်းများ စေလွှတ်ခဲ့သည်။

သို့သော် လုပ်ငန်းစဉ်များက ကသောင်းကနင်းနိုင်ပြီး အဆက်အစပ် မရှိ ခါးပြတ်သလို ဖြစ်လာခဲ့ရသည်။ ပညာရေး စနစ်ရှိ အစိတ်အပိုင်း အသီးသီးအား ပြုပြင်ရန် ပြည်ပမှ အဖွဲ့အစည်း အနည်းဆုံး ကိုးခု မှ ပါဝင်ပါတ်သက်လျက်ရှိနေပေသည်။ လက်ရှိတွင် သူငယ်တန်း နှင့် ပထမတန်း တွင်သာ သင်ရိုးညွန်းတမ် စာအုပ်များ ပြောင်းလဲခဲ့သော်လည်း ကျန် အတန်းများကို ပြောင်းလဲရန်မူ ကွဲလွဲနေသော အချိန် ဇယား လေးခု ထွက်ပေါ်လာခဲ့သည်။ မိဘ များ နှင့် ကလေးများ တကယ်တမ်း ဂရုစိုက်နေရသည့် အတန်းတင် စာမေးပွဲကိုးကား ပြောင်းလဲခြင်း မရှိသေးပေ။ "လက်ရှိ အတိုင်းဆိုက သင်ရိုးညွှန်းတမ်း အသစ်သည်လည်း လူမသွားသည့်နေရာတွင် တံတားဆောက်ထားသလို bridge to nowhere ပဲ ရှိနေဆဲ" ဟု Missouri-Columbia တက္ကသိုလ်မှ ရိုစာလီ မက်ထရို က ပြောပြခဲ့သည်။

သူမ က ပြောပြရာတွင် ပညာရေး ဌာနမှ ဗျုရိုကရက်များ နှင့် နိုင်ငံခြား အတိုင်ပင်ခံ ဆိုသူများက ပညာရေးစနစ်တွင် တိုက်ရိုက်ပါဝင်ပါတ်သက်နေသူများထံမှ အကြံညဏ်များကို မဆိုသလောက်သာ ယူခဲ့ပြီး ပြုပြင်ပြောင်းလဲရေးများ ဖေါ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု ထည့်သွင်း ဝေဖန်သွားခဲ့သည်။ ဆရာဆရာမများကလည်း အတန်းများတွင် ပြုလုပ်သော အပြောင်းအလဲများအပေါ် မိမိတို့နှင့် တိုင်ပင်ခဲ့ခြင်း မရှိဟု မုန့်ဟင်းခါးစားကြရင်း ပြောဆိုနေကြပြန်သည်။ ကျောင်းသားများ ဆရာများနှင့် မြို့ပြ အဖွဲ့အစည်းများပါဝင်သော အမျိုးသား ပညာရေးကွန်ယက်ကလည်း ပညာရေး ၀န်ကြီးဌာနသည် နားထောင်ခြင်း မရှိဟု ပြောဆိုခဲ့သည်။
အစိုးရက အလေးအနက် တွေးခေါ်နိုင်စွမ်းကို စာသင်ခန်းများအတွင်း ဖေါ်ဆောင်ရန် လိုလားနေပုံရသော်လည်း လူသိရှင်ကြား ကြိုဆို ခြင်း မရှိသေးဟုသာ ပြော၍ ရပေတော့သည်။
လှစိုးဝေ

No comments:

Post a Comment