Latest News

Thursday, November 16, 2017

ဧရာဝတီတိုင်းလွှတ်တော်တွင် တောင်သူအခက်အခဲများ အပါအ၀င် ကြယ်ပွင့်ပြမေးခွန်း ၅၃ ခု တင်သွင်း

ဧရာဝတီတိုင်းလွှတ်တော်တွင် တောင်သူအခက်အခဲများ အပါအ၀င် ကြယ်ပွင့်ပြမေးခွန်း ၅၃ ခု တင်သွင်း

၁၂ ရက်ကြာ ကျင်းပခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး အဋ္ဌမပုံမှန်အစည်းအဝေးတွင် တောင်သူများ အခက်အခဲအရေးများအပါအ၀င်  ကြယ်ပွင့်ပြမေးခွန်း ၅၃ ခု၊ ကြယ်ပွင့်မပြ မေးခွန်း ၃ ခု မေးမြန်းခဲ့ပြီး၊အဆိုစုစုပေါင်းသုံးခုအား အဋ္ဌမပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ သည်။

အဆိုပါ မေးခွန်းများအား ဝန်ကြီးဌာနအလိုက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်  ပတ်သက်သည့် မေးခွန်း ၁ ခု၊ စီမံဘဏ္ဍာဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် မေးခွန်း ၃ ခု၊ စိုက်မွေးမြူရေးဝန်ကြီးဌာနနှင့်   သက်ဆိုင်သော မေးခွန်း ၁၆ ခု၊ လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သော မေးခွန်း ၁၈ ခု၊ စည်ပင်သာယာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်မေးခွန်း ၄ ခု၊ လူမှုရေးဝန်ကြီးဌာန နှင့် သက်ဆိုင်သော မေးခွန်း ၁၅ ခု စုစုပေါင်း ၅၇ ခု ရှိပြီး၊တချို့မေးခွန်းများသည့် ဝန်ကြီးဌာနတစ်ခုထက်ပိုပြီး ပူးပေါင်းဖြေဆိုခဲ့၍ မေးခွန်း ၅၃ ခုတွင် ဝန်ကြီးဌာနဖြေဆိုခဲ့ရမှု ၅၇ ခုဖြစ်ခဲ့ရကြောင်း ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်က လွှတ်တော်သို့ တင်ပြသည်။

ကျန်ရှိသည့် မေးခွန်းများတွင် ကြယ်ပွင့်ပြမေးခွန်းများမှ အိမ်မဲမြို့နယ်၊အမှတ်-၁ တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါ်ရီရီထွန်း၏ မေးခွန်း ၁ ခု၊ ဝါးခယ်မမြို့နယ်အမှတ်-၂ တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်း မေးခွန်း ၁ ခု တို့ ကျန်ရှိပြီး၊ ကြယ်ပွင့်မပြမေးခွန်းများတွင် ဖျာပုံမြို့နယ်အမှတ်-၂တိုင်းဒေသကြီးကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်၏ မေးခွန်းတစ်ခုတို့အား နမဝအကြိမ်ပုံမှန်အစည်းအဝေးတွင် ဆက်လက်ဖြေကြားသွားမည်ဟု အဋ္ဌမပုံမှန် အစည်းအဝေးမေးခွန်းများနှင့်ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောသည်။

အဆိုများသုံးခုတွင် မြန်အောင်မြို့နယ်အမှတ် ၁ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးလှမိုးအောင်၏ "ဧရာဝတီတိုင်းဒေသကြီး၏ စီးပွားရေးဖွံဖြိုးတိုးတက်စေရန်အတွက် စိုက်ပျိုးရေးကို အခြေခံသော အခြေအနေမှ စိုက်ပျိုးရေးကို အဓိကပထမဦးစားပေးအခြေအနေအဖြစ် ထိထိရောက်ရောက် ကြပ်မတ်ဆောင်ရွက်ရန် တိုင်းဒေသကြီး အစိုးရတိုက်တွန်းကြောင်း”အဆိုအား လွှတ်တော်ကဆုံးဖြတ်ခဲ့ပြီး၊ ဝါးခယ်မြို့နယ်အမှတ်- ၁ တိုင်းဒေသကြီး ကိုယ်စားလှယ်ဦးဌေးအောင်က"ဧရာဝတီတိုင်း မြို့နယ်၊မြို့၊ကျေးရွာကြီးများမှာ အများပိုင်မြေ၊ အစိုးရပိုင်မြေနှင့် စည်ပင်သာယာပိုင်မြေများပေါ်တွင် ကျုးကျော်အဆောက်အဦ ဆောက်မထားခြင်း၊ခြံဝန်းများ ကာရံထားခြင်းနှင့် အမျိုးမျိုးကျုးကျော်နေသည်များ စည်းမျဉ်းစည်းကမ်း ဥပဒေများနှင့် စိစစ်ကြပ်မတ်ပေး ရန်” တိုက်တွန်းကြောင်းအဆိုအား လွှတ်တော်တွင် မှတ်တမ်းတင်ထားရန် ဆုံးဖြတ်ခဲ့သည်။

ရေကြည်မြို့နယ်၊ အမှတ်-၁ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးမျိုးညွန့်က ""ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာပြည်၏ စပါးကျီဟု ခေါ်ဝေါ်သမုတ်ခံရသည်အထိ သမိုင်းရှိခဲ့ပါသော်လည်း ယခုအခါ စပါးစိုက်တောင်သူများမှာ စိုက်ပျိုးထုတ်လုပ်နေကြလျက်ပင် ကြွေးသံသရာလည်နေမှုအပေါ် သီးနှံပေါ်ချိန်တွင် မိမိ၏ ရင်းနှီးမြှပ်နှံမှုတန်ဖိုးနှင့် မိသားစုဘဝရပ်တည်မှုအတွက် သီးနှံဈေးနှုန်း နှစ်စဉ်ကြမ်းခင်းဈေး သတ်မှတ်ပေးနိုင်ဖို့ လိုအပ်နေပါ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ သီးနှံပေါ်ချိန်အမီ တိုက်တွန်းသင့်ကြောင်း” အား လွှတ်တော်တွင် ဆက်လက်ဆောင်ရွက်သွားရန် မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

ယင်းအဆိုအား ဧရာဝတီတိုင်းဒေသတွင် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲ ၅၃ မဲ ၊ထောက်ခံမဲ ၅ မဲ၊ကြားနေ မဲ ၂ မဲဖြင့် အဆိုအား ဆက်လက်ဆွေးနွေးရန်မရှိ ဆုံးဖြတ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် ပထမဆုံးအကြိမ် မဲခွဲဆုံးဖြတ်ရသည့် အဆိုဖြစ်သည်။

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးအား အောက်တိုဘာလ၂၅ရက်နေ့မှ နိုဝင်ဘာလ ၁၅ရက်နေ့အထိ ၁၂ ရက်ကြာကျင်းပပြုလုပ်ခဲ့သည်။

Mizzima

No comments:

Post a Comment