Latest News

Tuesday, November 7, 2017

ဓာတ်ငွေ့နှင့် စွန့်ပစ်အမှိုက်များကြောင့် ရန်ကုန်မြို့ ရာသီဥတုပြောင်းလဲမှုဒဏ် ပိုကြုံလာရဟု ဆို

ဓာတ်ငွေ့နှင့် စွန့်ပစ်အမှိုက်များကြောင့် ရန်ကုန်မြို့ ရာသီဥတုပြောင်းလဲမှုဒဏ် ပိုကြုံလာရဟု ဆို

ရန်ကုန်မြို့၏ ရာသီဥတုသည်  စက်ရုံ၊ အလုပ်ရုံများမှ ဓာတ်ငွေ့ ထုတ်လွှတ်မှုများနှင့် အမှိုက်စွန့်ပစ်မှုများ များပြားလာခြင်းကြောင့်လည်း ပိုမိုဆိုးရွားလာကြောင်း Insight Institute For Environment မှ Director  ဒေါက်တာ ဒေါ်လွင်လွင်ဝေက ပြောသည်။

“စက်မှုဇုန်တွေသွားလို့ရှိရင် ညစ်ညမ်းတဲ့ရေတွေ မီးခိုးတွေ ထုတ်လုပ်မှု အများကြီးရှိနေတာ တွေ့ရတယ်၊ ဒါတွေကို စစ်ဆေးမှုအနေနဲ့လည်း ရှိမနေဘူးပေါ့နော်။  အဲဒီတော့ ကာဗွန်ထုတ်လုပ်မှုတွေ ဘယ်လောက် များနေပြီလည်း Green House Gas ထုတ်လုပ်မှုများလေ ပိုပူနွေးလာမယ်၊ ပူနွေးမှုတွေ များလာလေ ရန်ကုန်တိုင်းရဲ့ ရာသီဥတုက ပြောင်းလဲမှု ပိုများလာလေပေါ့ ” ဟု ဒေါက်တာ ဒေါ်လွင်လွင်ဝေက ပြောသည်။

လှိုင်သာယာ၊ ရွှေပေါက်ကံ စသည့် စက်မှုဇုန်တို့မှ စက်ရုံတို့သည် စွန့်ပစ်ရေဆိုးများနှင့် ညစ်ညမ်းမီးခိုး ငွေ့များ ထုတ်လုပ်မှုရှိနေသည့်အတွက် ရာသီဥတုပြောင်းလဲမှုကို တွန်းအားပေးနေပြီး နွေရာသီရောက်ပါက အပူချိန်မြင့် တက်ခြင်း၊ မိုးကြီးခြင်း၊ အအေးလှိုင်း ဖြတ်ခြင်းစသည့် ရာသီဥတုဆိုးရွားမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

၂၀၀၈ နာဂစ်နောက်ပိုင်းတွင် သိသိသာသာ ကြုံလာရသော်လည်း နာဂစ်ကြောင့် သစ်ပင်များ လျော့ပါးသွား သည့် အချက်သာမက စက်ရုံ၊ အလုပ်ရုံများနှင့် အမှိုက်စွန့်ပစ်မှုများကလည်း ရာသီဥတုပြောင်းလဲမှုကို ရိုက်ခတ်လာကြောင်း ၄င်းက ထောက်ပြပြောဆိုခဲ့ပြီး ယာဉ်အစီးရေများပြားလာခြင်းကြောင့် ကာဗွန်ထုတ်လုပ်မှု ပိုများလာပြီး လေထုအပူချိန်ပိုမြင့်စေသည်ဟု ဒေါ်လွင်လွင်ဝေက ပြောသည်။

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် အဓိကအားဖြင့် လယ်ယာလုပ်ငန်းခွင် ပျက်စီးမှုများပြီး စီးပွားရေး ထိခိုက်ယုံမက ကျန်းမာရေးဆိုင်ရာ ပြသနာများလည်း ပိုမို ရင်ဆိုင်လာရကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာသုံးသပ်သူများက မကြာခဏ ထောက်ပြပြောဆိုလေ့ရှိသည်။

ရာသီဥတု ပြောင်းလဲမှုဆိုသည်မှာ ပျှမ်းမျှ အပူချိန် ပြောင်းလဲလာခြင်း၊ မိုးကြိုး လေပြင်းတိုက်ခတ်မှု ပိုမိုဖြစ်ပွားလာခြင်း၊ မိုးရွာသွန်းမှု ပုံစံမမှန်ခြင်း ခန့်မှန်းရခက်လာခြင်း၊ မုန်တိုင်းအန္တရာယ် ပိုမိုကျရောက်လာခြင်း၊ လျှက်တပြတ် ရေကြီးမှုများ ပိုမိုဖြစ်ပွားလာခြင်း စသည်တို့ဖြစ်သည်။

ရန်ကုန်တွင် သိသိသာသာပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များနှင့် ပတ်သက်၍ အင်းစိန်မြို့နယ်တွင် နေထိုင်သည့် ဦးခင်ကျော်က ” ၂၀၀၀ ခုနှစ်နောက်ပိုင်း ရောက်လာတော့ အပူဒဏ်သိသိသာသာ ခံစားရတယ်။ တခါတလေ ကိုယ်မှာ အင်္ကျီတောင်မကပ်နိုင်တဲ့ အထိပဲ” ဟု ဆိုသည်။

ပြောင်းလဲလာသည့် ရာသီဥတုကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးလာခြင်း၊ သစ်တောပြုန်းတီးမှုကြောင့် တောတွင်းတိရိစ္ဆာန်များနှင့် အပင်များ သီးပွင့်ချိန် ပေါက်ပွားချိန် ပုံမှန် မရှိခြင်းကြောင့် ဇီဝမျိုးတုန်း ပျောက်ကွယ်ခြင်းများကို ဖြစ်စေသည်။ ထို့အပြင်  ရာသီဥတု ခြောက်သွေ့ခြင်းကြောင့် ရေတွင်း ရေကန်များ ခန်းခြင်း၊ ရေကြီးခြင်းကြောင့် ရေတွင်း ရေကန်များ ပျက်စီးသည့်အတွက် သောက်သုံးရေ ရှားပါးလာခြင်း၊ အပူချိန် မြင့်တက်သည့်အတွက် ကူးစက်ရောဂါများ ဖြစ်ပွားလာခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးခြင်း ဝေဒနာတို့ကြောင့် ကျန်းမာရေး အန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အသိပညာပေး စာအုပ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၌ အပူချိန်သည် ပြီးခဲ့သည့် နှစ်ထက်နည်းသွားသော်လည်း  အယ်နီညို ဖြစ်ခဲ့သည့် နှစ်က ပိုမိုပူပြင်းခဲ့ကြောင်း၊ ယခုနှစ်တွင်  မုတ်သုံအားကောင်းသည့်အတွက် မိုးများခြင်း ကြုံတွေ့နေရကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောသည်။

Mizzima

No comments:

Post a Comment