Latest News

Sunday, November 5, 2017

ကျန်းမာရေးချို့တဲ့သူများကို ကျန်းမာရေးစောင့်ရှောက်ပေးနေသည့် ၁၄၄ နှစ် သက်တမ်းရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး

ကျန်းမာရေးချို့တဲ့သူများကို ကျန်းမာရေးစောင့်ရှောက်ပေးနေသည့် ၁၄၄ နှစ် သက်တမ်းရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး

စာရေးသူသည် မကြာသေးမီက နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပြီး နှလုံးသွေးကြော တစ်ချောင်းပိတ်၍ နှလုံးဆေးကုသဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက် ကုသခဲ့ပြီး ရောဂါသက်သာ၍ ပြန်လည်ဆင်းခဲ့ရသည်။

ပထမဦးစွာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဆေးကုသမှုဌာနသို့ သွားရောက်ပြခဲ့ရသည်။ ရန်ကုန်ဆေးရုံကြီးသည် အလွန်သန့်ရှင်းပြီး ဆရာဝန်၊ ဆရာမများ၊ ဝန်ထမ်းများ ဆက်ဆံရေးကောင်းမွန်ပြီး လာရောက်ကုသသူများကို အချိန်နှင့်တစ်ပြေးညီ ကုသပေးခြင်း၊ အားပေးခြင်း၊ အစစအရာရာ ကုသပေးသည့် အတွက် ဝေဒနာခံစားရသူများ သက်သာပျောက်ကင်းစေပါသည်။ ဆရာဝန်များ၏ အားပေးစောင့်ရှောက်မှုသည်ကား ရောဂါဝေဒနာတစ်ဝက်ပျောက် ကင်းသည်ဟု ဆိုရပေမည်။ လူနာရှင်များကိုလည်း များစွာစိတ်ချမ်းသာမှုကို ဖြစ်စေပါသည်။

အရေးပေါ်ဌာနမှ နှလုံးဆေးကုသဌာနသို့ ပို့ဆောင်၍ ကြပ်မတ်ဆောင်တွင် ကုသခံခဲ့ရပါသည်။ အချိန်ကား နံနက် ၄ နာရီကျော် ဖြစ်သော်လည်း ဆရာဝန်ကြီးများ၊ သူနာပြုဆရာမကြီးများနှင့် ဆရာမများ ကုသပေးသည့် အတွက် ရောဂါသက်သာခွင့် ရရှိခဲ့ပါသည်။

ပါမောက္ခဒေါက်တာ ထွန်းထွန်းဦး၊ ဒေါက်တာ ထက်ထက်မင်း၊ ဒေါက်တာ အိချိုခိုင်၊ ဆရာမကြီး နော်သဇင်ချိုနှင့် ဆရာဝန်၊ ဆရာမကြီး၊ ဆရာများ အထူးဂရုစိုက် ပေးသည်ကို လက်တွေ့ ထိတွေ့ခံစားခဲ့ရပါသည်။
ဆေးရုံအုပ်ကြီးဒေါက်တာ အေးကိုကိုနှင့် သူနာပြုအုပ်ကြီး ဦးစံကြည်တို့သည် ဆေးကုသသည့်အဆောင် အသီးသီးသို့ လာရောက်အားပေးကြည့်ရှု၍ လိုအပ်သည် များကို ညွှန်ကြားသွားသည်ကလည်း အစစအရာရာအဆင်ပြေစေပါသည်။

ရောဂါသက်သာပျောက်ကင်း

နံနက် ၈ နာရီတွင် ဒေါက်တာထက်ထက်မင်း၊ ဒေါက်တာအိချိုခိုင်တို့သည် သူနာပြုဆရာမများ၏ (ECG)ရိုက်ခြင်း၊ သွေးပေါင်စစ်ဆေးခြင်း၊ ဆီးချိုစစ်ဆေးခြင်း စသည်တို့ကို ဦးစွာလာရောက်၍ စမ်းသပ်စစ်ဆေးပြီး ဒုတိယအကြိမ်အဖြစ် ပါမောက္ခဒေါက်တာ ထွန်းထွန်းဦး ကိုယ်တိုင်လာရောက်စမ်းသပ်ညွှန်ကြားပေးခဲ့ သည့်အတိုင်း သူနာပြုများက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးသွားသည် ကလည်း လူနာများအတွက် ရောဂါသက်သာပျောက်ကင်းစေပါသည်။
ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုနှင့် သူနာပြုအုပ်ကြီး ဦးစံကြည်တို့ နှစ်ကြိမ်တိုင်တိုင် စာရေးသူဆေးကုသသူထံ လာရောက် အားပေးသွားသည်ကလည်း၊ လူနာရှင်များ ဆေးရုံအုပ်ကြီး၏ လိုက်လံကြည့်ရှုအားပေးသည့်အတွက်လည်း ကျေးဇူးတင်ဝမ်းသာကြရပါသည်။

ကောင်းခြင်းအဖြာဖြာနှင့် ပြည့်စုံနေသော ရန်ကုန်ပြည်သူ့ဆေးရုံကြီး အကြောင်းကို ကျန်းမာရေးချို့တဲ့နေသော်လည်း သတင်းသမားပီပီ ပြည်သူများသို့ တင်ပြလိုသည့်ဆန္ဒဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာ အေးကိုကိုနှင့် တွေ့ဆုံခွင့် ရရှိခဲ့ပါသည်။
ဆေးရုံအုပ်ကြီးသည် စိတ်စေတနာကောင်းမွန်ပြီး ရှင်းပြပေးခဲ့သည့်အတွက် ကျေးဇူးတင်ရပါသည်။ ဆေးရုံအုပ်ကြီးသည် အလုပ်များလှသော်လည်း စာရေးသူ အား တွေ့ဆုံခွင့်ပြု၍ သိလိုသည်များနှင့် ဆောင်ရွက်နေ သည်များကို စိတ်စေတနာ ကောင်းစွာ ပြောပြပေးခဲ့ပါသည်။

လူနာများအပေါ် မေတ္တာ စေတနာထားဆောင်ရွက်စေရန် ဝန်ထမ်းများကို ဆောင်ရွက်စေကြောင်းနှင့် Yangon General Hospital Training Centre တွင် သင်တန်းများ တက်ရောက်စေ၍ အရည်အချင်းမြင့်မားစေရန် ဆောင်ရွက်နေကြောင်း သိရှိခဲ့ရသည့်အတွက် ဆေးရုံအုပ်ကြီးအား များစွာအထူး ကျေးဇူးတင်မိပါသည်။ နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စွမ်းဆောင်ခဲ့သည်များကို ကျေးဇူတင်ရပါသည်။

စတင်ဖွင့်လှစ်

၁၈၇၂ ခုနှစ်တွင် ယခုဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်နှင့် မျက်နှာချင်းဆိုင် မြေကွက်၌ ကျွန်းသားဖြင့် အဆောက်အအုံဆောက်လုပ်ကာ ၁၈၇၃ ခုနှစ်တွင် ရန်ကုန်အထွေထွေရောဂါကုဆေးရုံ Rangoon General Hospital RGH ကို ခုတင် ၄၈၃ လုံးဖြင့် စတင်ဖွင့်လှစ်ခဲ့ ပါသည်။

၁၉ဝ၅ ခုနှစ် တွင် ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး၏ ပင်မဆောင်ကို လက်ရှိနေရာတွင် စတင်တည်ဆောက်ခဲ့ပါသည်။ တည်ဆောက်ခဲ့သော မြေကွက်များမှာ မြေတိုင်းအမှတ် ( ၇ဝွ)အတွင်းမှာရှိသော မြေကွက်အမှတ် ၁၇/၁၈/၁၉/၂ဝ/ ၂၁/၂၂/၂၃ ကနေ ၂၄ အထိဖြစ်ပြီး မြေအကျယ် အဝန်းဧရိယာမှာ ၃၉ ဒသမ ၅၂၉ ဧက ရှိပါသည်။ ၁၉ဝ၅ ခုနှစ် မေ ၆ ရက်တွင် ပင်မအဆောက်အအုံကို Govenmor Sin H.S Bermes က အုတ်မြစ်ချပေးခဲ့ပြီး တည်ဆောက်ပေးခဲ့ရာ ၁၉၁၁ ခုနှစ်တွင် လုံးဝပြီးစီးခဲ့ပါသည်။ မြေညီထပ်အပါအဝင် လေးထပ်အဆောက် အအုံဖြစ်ပြီး ၃၄၂ ခုတင်ဆံ့ ဆေးရုံကြီးအဖြစ် ငွေယူပြီး ငွေကျပ်သိန်း ၄ဝ ကျော် အကုန်အကျခံ တည်ဆောက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိခဲ့ပါသည်။ အဆောက်အအုံများ ထပ်မံတိုးချဲ့ကာ ဒုတိယကမ္ဘာစစ်အပြီးတွင် ၅၄၆ ခုတင်ဆံ့အဖြစ်လည်းကောင်း၊ ၁၉၆၂ ခုနှစ်တွင် အထူးဆေးကုသဆောင်(Specialist Ward)များနှင့် အဆောက်အအုံများ တိုးချဲ့ကာ ခုတင် ၁၅ဝဝ ဆံ့ ဆေးရုံအဖြစ် တိုးချဲ့ ဖွင့်လှစ်ခဲ့သည်။

မြန်မာပြည်အရပ်ရပ်မှ လွှဲပြောင်းပေးပို့လာသော လူနာများကို လက်ခံကုသပေးသည့် Tertiary Refrmal Hospital တစ်ခုဖြစ်သည့်အပြင် ဆေးတက္ကသိုလ်(၁) ရန်ကုန်၏ သင်ကြားရေးဆေးရုံ Teaching Hospital လည်း ဖြစ်ပါသည်။ အထူးကု ဘာသာရပ်ပေါင်း ၂၄ ခုဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကို အဆင့်မြှင့် ကုသပေးရာ ဆေးရုံကြီး တစ်ခုလည်း ဖြစ်ပါသည်။

တိုးချဲ့ပြုပြင်မွမ်းမံရန် လိုအပ်လာ

အများပြည်သူများ အားထားရသော ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် သက်တမ်း နှစ် ၁ဝဝ ကျော်ရှိပြီး ၂ဝဝ၈ ခုနှစ်တွင် အတွင်းလူနာဦးရေ ၂၅၇၄ ဦး လက်ခံကုသခဲ့ရာ မှ ၂ဝ၁၃ ခုနှစ်အတွင်း လူနာဦးရေ ၅ဝ၈ဝ၃၁ ဦးအထိ တိုးတက်များပြားလာသဖြင့် လူနာဆောင်များတွင် အတွင်းလူနာများ ကျပ်တည်းစွာထားရှိနေရပြီး အဆောက်အအုံ အတွက်Over Weigh ဖြစ်နေသောကြောင့်လည်းကောင်း၊ ဆေးကုသမှုလုပ်ငန်းများ ပိုမိုတိုးတက်မှုရရှိစေရန် အတွက်လည်းကောင်း၊ နှစ်ပေါင်း၁ဝဝ ကျော်သည့်Main Building ကို အကြီးစားပြုပြင်မွမ်းမံခြင်း၊ General Renovation ပြုလုပ်ရန်နှင့် အခြားအဆောက်အအုံများ တိုးချဲ့ပြုပြင်မွမ်းမံရန် လိုအပ်လာပေသည်။

တိုးချဲ့ ငါးထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းများအားလုံးမှာလည်း ဆောင်ရွက် ပြီးစီးပြီဖြစ်သဖြင့် လူနာများကို ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည် ကလည်း ကျေးဇူးတင်စရာပင်။ အဆောက်အအုံများမှာ ကောင်းမွန်သန့်ရှင်းပြီး ခုတင်၊ မွေ့ရာ၊ ပစ္စည်းထည့်သေတ္တာ၊ ထိုင်ခုံများ၊ လိုက်ကာခန်းဆီးများ၊သန့်စင်ခန်းများကို စနစ်တကျထားရှိပေးခြင်းကလည်း စိတ်ချမ်းသာမှုကို ဖြစ်ပေါ်စေပါသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ခုတင် ၂ဝဝဝ ဆံ့ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေး ချို့တဲ့သူများအား စောင့်ရှောက်နိုင်ရန် ပါမောက္ခချုပ်၊ ဆေးရုံအုပ်ကြီး (ကုသရေး)၊ ဆေးရုံအုပ်ကြီး ဒုတိယòန်ကြားရေး မှူးချုပ်(ဒုတိယတာဝန်ခံဆေးရုံအုပ်ကြီး)မှစ၍ ရုံးအကူအထိ မူလခွင့်ပြုဦးရေ ၁၇၇၆ ဦးရေနှင့် အသစ်တိုးချဲ့ရေး ၁၂၈၁ ဦး စုစုပေါင်း ခွင့်ပြုဦးရေ ၃ဝ၅၇ ဦးဖြင့် ဆောင်ရွက်လျက်ရှိပေသည်။

လူနာနှင့် လူနာစောင့်များ သတိပြုရန် အသိပေးထားရှိခဲ့ပေသည်။ မသမာသူ များသည် လူနာစောင့်အယောင်ဆောင်၍ လည်းကောင်း၊ ဆေးရုံဝန်ထမ်း အယောင်ဆောင်၍လည်းကောင်း၊ ဈေးသည် အယောင်ဆောင်၍ လည်းကောင်း၊ ဆေးကုမ္ပဏီဝန်ထမ်း အယောင်ဆောင်၍ လည်းကောင်း၊ လူနာများနှင့် လူနာစောင့် များအား ရင်းနှီးအောင်ပြုလုပ်ပြီးနောက် ရွှေငွေပစ္စည်းများအား ခိုးယူခြင်း၊ လိမ်လည် ရယူခြင်းများ ပြုလုပ်လာနိုင်ပါသည်။ သို့ဖြစ်၍ လူနာစောင့်များအနေနှင့် အဖိုးတန်ပစ္စည်းများကို ဆေးရုံသို့ ယူဆောင်လာခြင်းမပြုရန်၊ လူနားအားတစ်ဦး တည်းထား၍ ပြင်ပသို့မသွားရန်၊ မိမိပိုင်ပစ္စည်းများအား ဂရုစိုက်ထိန်းသိမ်းကြရန်၊ လူစိမ်းများအား သတိပြုဆက် ဆံစောင့်ကြည့်ရန်နှင့် ယုံကြည်မှုမလွန်ကဲစေရန် အသိပေးထားပေသည်။

ပြည်သူလူထုမှ ပူးပေါင်းပါဝင်

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဆေးကုဌာနသို့ လာရောက်ကုသသော လူနာများ၏ စိုက်ထုတ်ကုန်ကျငွေ ကျဆင်းရေးအတွက် အခြေခံဆေးဝါးများ အခြေခံဓာတ်ခွဲစမ်းသပ်မှု ခုနစ်မျိုးနှင့် ဓာတ်မှတ် (X-Ray) ၊ တယ်လီဗေးရှင်း ဓာတ်မှန(Vitsasound) ၊ ကွန်ပျူတာဓာတ်မှန် (CT Scan) ရိုက်ကူးခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိသည်။ အချို့ဆေးဝါးများနှင့် အထူးစစ်ဆေးမှုများ အတွက် လူနာများမှ ကျခံသုံးစွဲရသည်။ ဆေးရုံ၏ ဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ပြည်သူလူထုမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံထားသည်ကိုလည်း တွေ့ရှိခဲ့ပါသည်။

လူနာစောင့်များအနေဖြင့် စည်းကမ်းရှိရန် အထူးလိုအပ်ပေသည်။ လူနာနှင့် လူနာစောင့်တစ်ဦးအတွက် ရှိသင့်ရှိထိုက်သော ပစ္စည်းများကိုသာ ယူဆောင်လာပါက ပို၍ကောင်းပါမည်။ အိမ်ထောင်ပြောင်းသဖွယ် မပြုလုပ်သင့်ပါ။ အမှိုက်များအား စည်းကမ်းမဲ့ စွန့်ခြင်း၊ သန့်စင်ခန်းများနှင့် ရေဆေးကန်များတွင် စည်းကမ်းမဲ့အမှိုက် စွန့်ခြင်း၊ ကွမ်းတံတွေးများ စည်းကမ်းမဲ့စွန့်ခြင်း၊ ဆေးရုံပေါ်၌ ကွမ်းစားခြင်း၊ အရက် သောက်၍လာခြင်းများ မပြုလုပ်သင့်ပေ။ စားသောက်ဖွယ်ရာပို့ချိန်နှင့် လူနာ ကြည့်ချိန် အချိန်များကို သတ်မှတ်ပေးထားသည့် အချိန်အတိုင်း လိုက်နာကျင့်သုံး ပါက ပို၍ ကောင်းမွန်ပါမည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပညာပြည့်ဝနှလုံးလှ၍ စိတ်စေတနာကောင်းများ ထားရှိသော ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်ကြီးများ၊ ဆရာဝန်၊ ဆရာမများ၊ အမှုထမ်း ကောင်းများ၊ ဆေးဝါးစက်ကိရိယာများ ပြည့်စုံခြင်း၊ အချိန်နှင့်တစ်ပြေးညီကုသ ပေးခြင်းတို့ကြောင့် ရောဂါများပျောက်ကင်းကြောင်း သတင်းကောင်းများ ကျော်ကြားနေသော ၁၄၄ နှစ်ရှိ ခုတင် ၂ဝဝဝ ဆံ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဖြစ်ပါ ကြောင်း ရေးသားလိုက်ရပေသည်။ ။

မောင်တင်လှိုင် (ဟိုတယ်/ခရီး)
ပြန်/ဆက်

No comments:

Post a Comment