Latest News

Monday, November 6, 2017

မိုင်းပျဉ်းတွင် အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မိုင်းပျဉ်းတွင် အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ကျိုင်းတုံ၊ နိုဝင်ဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ် ဝမ်မွန်းရွာတွင် နိုဝင်ဘာလ ၅ ရက် ည ၇ နာရီခန့်က အမည်မသိ သေနတ်သမားနှစ်ဦးက ပစ်ခတ်ခဲ့၍ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မိုင်းပျဉ်းမြို့မ ရဲစခန်းထံမှ သိရသည်။

ဆင်မောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းစိုး (၅၀ နှစ်ခန့်)သည် ဝမ်မွန်းကျေးရွာရှိ နေအိမ်ထမင်းဆိုင်ရှေ့ ထိုင်နေစဉ် အမည်မသိ သေနတ်သမား တစ်ဦးက လာရောက် ပစ်ခတ်ခဲ့ရာ ဝဲဘက်ရင်ညွန့်တွင် ဒဏ်ရာရရှိ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အမျိုးတော်စပ်သူ ဦးစိုင်းခမ်းစိန် (၄၁ နှစ်ခန့်)သည် ဝဲဘက်ပေါင်တွင် ဒဏ်ရာတစ်ချက် ရရှိခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“နှာခေါင်းစည်း အမည်းတွေ တပ်ထားပြီး သေနတ်အတို ကိုင်တဲ့လုပ်ကြံသူ နှစ်ယောက်က ဆိုင်ကယ်နဲ့ လာတာပါ။ တစ်ဦးက ဆိုင်ကယ်နားမှာ ကျန်ခဲ့ပြီး တစ်ဦးက အုပ်ချုပ်ရေးမှူးဆီ လာပြီး အနီးကပ်တစ်ချက် ပစ်တယ်။ သူ့သားက အဲဒီလူကို လုံးထွေး သတ်ပုတ်နေချိန် အမျိုးတော်တဲ့ တစ်ယောက်က ကူညီဖို့ပြေးလာချိန်မှာ ဆိုင်ကယ်နားကျန်ခဲ့တဲ့ တစ်ယောက်က သေနတ်နဲ့ နှစ်ချက်ပစ်တယ်။ တရားခံတွေက ထွက်ပြေးလွတ်မြောက်သွားလို့ ဘယ်အဖွဲ့အစည်းဆိုတာတော့ မသိရသေးဘူး”ဟု ၎င်းက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမည်မသိ သေနတ်သမားနှစ်ဦး ဖမ်းဆီးရမိရန် စုံစမ်းစစ်ဆေးနေပြီး ၎င်းတို့နှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၀၇/ ၁၁၄ အရ အရေးယူထားကြောင်း မိုင်းပျဉ်းမြို့မရဲစခန်းထံမှ သိရသည်။

The Voice

No comments:

Post a Comment