Latest News

Saturday, November 18, 2017

အနာခံမလား အသေခံမလား


ပုံမှန်ထက် အရမ်းအေးတဲ့ ဆောင်းတွင်းတစ်ခုမှာ တိရိစ္ဆာန်တွေများစွာ အအေးဒဏ်ကို မခံနိုင်ကြပဲ သေဆုံးကြရတယ်။ အဲဒီ အထဲမှာ ဖြူကောင်လေးတွေလဲ အပါအဝင်ပေါ့။ အဲဒါနဲ့ ဖြူကောင်လေးတွေဟာ အအေးဒဏ်ကိုခံနိုင်ဖို့ အချင်းချင်းပူးကပ်ထိတွေ့ပြီး နေကြတယ်။ အဲဒီလိုနေတဲ့ အတွက် အချင်းချင်းထိတွေပြီး ပိုမို နွေးထွေးကာ အအေးဒဏ်ကို ပိုခံနိုင်ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့  ဆူးတောင်တွေ ကြောင့် အချင်းချင်းထိုးမိကြပြီး ဒဏ်ရာ ရကုန်ကြတယ်။

ဒါကြောင့်သူတို့ဟာ ပူးကပ်မနေကြတော့ပဲ တစ်ကောင်စီ သပ်သပ်နေကြပြန်တယ်။ အဲလိုပြန်နေကြတာနဲ့ အအေးဒဏ် မခံနိုင်ကြတော့ပဲ တချို့ အကောင်တွေ သေဆုံးကုန်ကြရပြန်တယ်။

အဲဒီ အချိန်မှာသူတို့ဟာ နည်းလမ်း နှစ်မျိုးမှာ တစ်မျိုးကို ရွေးရတော့မယ်။ အချင်းချင်းပူးကပ်နေရင် ဒဏ်ရာရမယ်။ အအေးဒဏ်ခံနိုင်ပြီး အသက်ရှည်မယ်။ ခွဲနေရင် ဒဏ်ရာတော့ မရဘူး။ ဒါပေမဲ့ အချိန်တစ်ခုမှာ အအေးဒဏ်ကြောင့်သေဆုံးကြရမယ်။

နောက်ဆုံး အခြေအနေကို ရိပ်စားမိပြီး ပထမနည်းလမ်းကိုရွေးကာ အချင်းချင်းပူးကပ်နေကြတော့တယ်။ ရတဲ့ဒဏ်ရာကို မမှုပဲ ကြံကြံခံကြတဲ့ အတွက် အဲဒီ ဆောင်းတွင်းကို မသေမပျောက်ပဲ အတူတကွ ဖြတ်ကျော်နိုင်သွားကြတယ်တဲ့။

ဒီအကြောင်းအရာလေးက ဘာသင်ခန်းစာ ယူနိုင်မလဲဆိုတော့ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဟာ အရမ်း အရေးကြီးတယ်။ ရေတိုမှာထိခိုက်နာကျင်မှုတွေ ရှိပေမဲ့ ရေရှည်မှာ ကောင်းကျိုးတွေ ဖြစ်ထွန်းနိုင်တယ်။ ပူးပေါင်းဆောင်ရွက်မှုဟာ မိသားစုတစ်ခု ၊ ရပ်ကွက်တစ်ခု ၊ မြို့ရွာတစ်ခု ကနေ နိုင်ငံတစ်ခု တိုးတက်ဖို့အထိ အရေးပါပါတယ်။

အခု ကျနော်တို့နိုင်ငံမှာ တိုင်းရင်းသားလူမျိုးမခွဲပဲ နိုင်ငံချစ်စိတ် ပြည်ထောင်စု ချစ်စိတ်တွေနဲ့သာ ပူးပေါင်းလုပ်ကိုင်ကြမယ် ဆိုရင် နိုင်ငံဟာ အများကြီး အရှိန်မြန်မြန်နဲ့ တိုးတက်သွားနိုင်မယ်။

အဲဒီလို ပူးပေါင်းဆောင်ရွက်တဲ့ အတွက် ရေတိုမှာ နာကျင်ဆုံးရှုံးရတာတွေ ရှိနိုင်ပေမဲ့..ဒါတွေကို မမှုပဲ အတူတကွ အနစ်နာခံကြမယ် ဆိုရင် နောက်လာမဲ့ သားစဉ် မျိုးဆက်တွေ အတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေကိုချန်ထား ခဲ့နိုင်ကြမှာ ကြိမ်းသေပဲပေါ့.။

#စိတ်အဟာရ ရသစာများ, #ရဲမင်း

Porcupines And The Coldest Winter Ever ကိုဆီလျှော်အောင် ပြန်ဆိုပါသည်။

No comments:

Post a Comment