ဧရာဝတီတိုင်းဒေသကြီး၌ လိုင်စင်မဲ့ရောင်းချနေသည့် ဆေးဆိုင် ၁၇၀၀၀ ခန့်ရှိနေကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
FDA နှင့် အခြားဌာနများပါဝင်သော ပူးပေါင်းအဖွဲ့က ဈေးကွက်အတွင်း ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများ ဆောင်ရွက်နေချိန် The Daily Eleven သတင်းနှင့် တွေ့ဆုံစဉ် FDA ဧရာဝတီတိုင်းဦးစီးမှူးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“တရားဝင်လိုင်စင်ရှိနေတဲ့ ဆေးဆိုင် ဧရာဝတီတိုင်းတစ်တိုင်းလုံးမှာ ၂၀၀၀ ကျော်ကျော်လောက်ပဲရှိတယ်။ လိုင်စင်မဲ့ရောင်းချနေတဲ့ ဆေးဆိုင်က ၁၇၀၀၀ လောက်ရှိတယ်ဆိုတော့ ဒီဆေးဆိုင်တွေအကုန်လုံးကို လိုင်စင်လုပ်လာအောင်လို့ စည်းရုံးဆွဲဆောင်ရမယ့်အလုပ်ကလည်း တော်တော်ကြီးတဲ့ တာဝန်ကြီးတစ်ရပ်လို ဖြစ်နေသေးတယ်” ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ဧရာဝတီတိုင်းဦးစီးမှူး ဒေါက်တာပြည့်ဖြိုးက ပြောကြားသည်။
အရေးယူဆောင်ရွက်မှုအပိုင်းနှင့် ပတ်သက်၍ အယူအဆအမျိုးမျိုးရှိနေသဖြင့် လုပ်ငန်းမအောင်မြင်သည့်အပိုင်းများလည်း ရှိနေကြောင်း ဒေါက်တာပြည့်ဖြိုးက ဆက်လက်ပြောကြားသည်။
“တစ်ဖက်မှာကျတော့လည်း အရေးယူဆောင်ရွက်တယ်ဆိုတဲ့နေရာမှာ ဒါတွေက အစားအသောက်ရောင်းနေတာပဲ၊ ဆေးရောင်းနေတာပဲ ကောင်းရောင်းကောင်းဝယ် လုပ်ငန်းတွေပေါ့နော်။ အရေးယူမယ်ဆိုလို့ရှိရင် ဒီလိုအရေးယူတာတွေကတော့ မကောင်းဘူး။ ဒေသစီးပွားရေးထိခိုက်တယ်တို့၊ ဘာတို့ဆိုတဲ့ တခြားသော Openion တွေကို ထည့်သွင်းစဉ်းစားတဲ့အခါကျတော့ ရှေ့မတိုးနိုင်တဲ့ ကိစ္စရပ်ကလေးတွေလည်းရှိတယ်။ ဒီအချက်လေးတွေကြောင့်မို့ ကျွန်တော်တို့မှာ လုပ်ငန်းမအောင်မြင်တဲ့ အပိုင်းလေးတွေလည်းရှိတယ်” ဟု ဒေါက်တာပြည့်ဖြိုးက ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment