Latest News

Saturday, November 25, 2017

သုံးရေကန်အတွင်း ငါးများသေဆုံးမှုကို အဆိပ်မိသည်ထင်၍ သုံးစွဲမှုခေတ္တဆိုင်းငံ့ထား



ဟိုင်းကြီးကျွန်း - နိုဝင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့ ကညင်ချောင်းကျေးရွာ အုပ်စု ကုန်းတန်းကျေးရွာရှိ သုံးရေကန် အတွင်း နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်း ကစတင်၍ ငါးများ သေဆုံးလာသည်ကို ဒေသခံများ တွေ့ရှိခဲ့ပြီး ကျေးရွာအုပ်ချုပ် ရေးအဖွဲ့က သုံးစွဲမှုကို ခေတ္တဆိုင်းငံ့ ထားကြောင်း သိရသည်။

စတင်ဖြစ်ပွားသည့်နေ့က ငါးများ နေရာအနှံ့ မူးဝေ၍ ရေပေါ်သို့ ပေါ်တက် လာပြီး တချို့ သေဆုံးကြကြောင်း၊ သေဆုံးသည့် ငါးများမှာ ငါးရံ့၊ ငါးခုံးမ၊ ငါးပြေမ၊ ငါးစင်ရိုင်း၊ တီလားပီးယားငါးများ ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြား ချက်အရ သိရသည်။


 ငါးများ မသေဆုံးမီ ရက်ပိုင်းအတွင်းက ယင်းဒေသတွင် နှစ်ရက်ခန့် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ကြောင်း၊ ငါးများ အဆိပ်တစ်မျိုးမျိုးမိ၍ သေဆုံးခြင်း ဟုတ်၊ မဟုတ် ဒေသခံများအကြား စိုးရိမ် မှုမြင့်တက်လျက်ရှိကြောင်း သိရသည်။ နိုဝင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသက်လွင်ဦးနှင့် မြို့ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ကနဦး စစ်ဆေးမှုများအရ ရေကန်အတွင်း ငါးများ သေဆုံးမှုမှာ အဆိပ်မိ၍ သေဆုံးသော လက္ခဏာမျိုး မရှိကြောင်း၊ ရေကန်မှာ သန့်ရှင်းမှုမရှိ၍ တမန်းဆီများ တက်နေပြီး မြက်များ ထူထပ်နေခြင်း၊ ရေညှိများဖြင့် ညစ်ပတ်နေခြင်းတို့ကြောင့် ရေအတွင်း အောက်ဆီဂျင် ပြတ်သွားဟန်တူကြောင်း၊ အဆိပ်မိသည့် ငါး၏လက္ခဏာ များမှာ မျက်လုံးပြူးထွက်နေခြင်း၊ ပါးဟက်များ ညိုမည်း နေခြင်း၊ ငါးမှာအရောင်ပြောင်းနေခြင်းတို့ တွေ့ရှိရမည် ဖြစ်ကြောင်း၊ ယခုတွေ့ရှိရသည့် ငါးအသေများမှာ ယင်းလက္ခဏာများ မတွေရသည့်အတွက် အဆိပ်မိခြင်း မဟုတ်ကြောင်း ဟိုင်းကြီးကျွန်းမြို့ ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးမင်းချွန်သူက ပြောသည်။

ဆက်လက်၍ ရေကန်အား သန့်ရှင်းရေးပြု လုပ်ရန်နှင့် ငါးအသေများအား ဆယ်ယူဖျက်ဆီးပစ်ရန် တို့အား မှာကြားခဲ့ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့ ကုန်းတန်းကျေးရွာသည် အိမ်ခြေ ၄၆၄ အိမ်ရှိပြီး လူဦးရေ ၁၇၉ဝ နေထိုင်လျက်ရှိကာ သောက်သုံးရေကို ကန်ရေအား အဓိကထားအသုံးပြုနေ သော ကျေးရွာဖြစ်ပြီး သောက်သုံးရေကန် ရှစ်ကန်ရှိ ကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဖေက ပြောသည်။

 ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment