Latest News

Wednesday, November 8, 2017

နိုင်ငံတကာဖိအားကြောင့် အစိုးရနှင့် တပ်မတော် ပိုမိုနီးကပ်လာနိုင်ဟု ဦးဝင်းထိန်ပြောကြား

နိုင်ငံတကာဖိအားကြောင့် အစိုးရနှင့် တပ်မတော် ပိုမိုနီးကပ်လာနိုင်ဟု ဦးဝင်းထိန်ပြောကြား

ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးနှင့် ပတ်သက်၍ တပ်မတော်အပေါ် နိုင်ငံတကာ၏ ဖိအားပေးမှုများကြောင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် ဒီချုပ်အစိုးရအဖွဲ့နှင့် တပ်မတော် ပြဿနာဖြစ်လာနိုင်စရာမရှိဘဲ ပိုမိုနီးကပ်လာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်က ပြောကြားသည်။
၂၀၁၅ ရွေးကောက်ပွဲ (၂)နှစ်ပြည့် အထူးအစီအစဉ်အဖြစ် ဘီဘီစီမြန်မာပိုင်းက ဒီချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်အား ဖေ့စ်ဘွတ်ခ်မှ တိုက်ရိုက်မေးမြန်း နိုင်သည့်ကဏ္ဍကို ယမန်နေ့ညက ထုတ်လွှင့်ခဲ့ရာ ထိုသို့ ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ နိုင်ငံတကာမှ တပ်မတော်ကို ဖိအားပေး၍ အရေးယူ ပိတ်ဆို့မှု ပြုလုပ်မှုများသည် မြန်မာနိုင်ငံ၏ အခြေအနေကို သေချာမသိရှိဘဲ အလောတကြီး သုံးသပ်၍ လုပ်ဆောင်သည်ဟု ယူဆ ကြောင်းနှင့် ယင်းဖြစ်စဉ်ကြောင့် ဒီချုပ်အစိုးရနှင့် တပ်မတော်တို့အကြား ပြဿနာမဖြစ်နိုင် ကြောင်း ၎င်းကပြောကြားသည်။

‘‘ဘာကြောင့် နီးကပ်လာနိုင်စရာရှိလဲဆိုလို့ရှိရင် နိုင်ငံတကာဖိအားကြောင့် ရခိုင်ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးမျိုး ပြောတဲ့အတွက်ကြောင့် ပြည်တွင်းက လူထုက အင်န်အယ်ဒီ တင်မကဘူး။ အလွှာအသီးသီးက ထောက်ခံမှုက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံလာ တယ်ဆိုတဲ့ အချက်က ထင်ထင်ရှားရှား ပြောလို့ရပါတယ်’’ဟု ၎င်းကပြောသည်။

ဘီဘီစီမြန်မာပိုင်း၏ အထက်ပါအစီအစဉ်ကို ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ဦးဝင်းထိန်အား မေးမြန်းသူများက ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး၊ အခြေခံပြည်သူလူထု၏ စီးပွားရေးကျပ်တည်းလာမှု၊ အခွန်အကောက်ကိစ္စ၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး စသည့်ကဏ္ဍတို့တွင် ‘အမှန်တကယ်ပြောင်းလဲဖို့ NLD ကို မဲပေးစို့’ဟု ၂၀၁၅ ရွေးကောက်ပွဲတွင် ၈၀ ရာခိုင်နှုန်းနီးပါး အနိုင်ရပြီးနောက် ၂ နှစ်အကြာ ပြောင်းလဲလာမှုအခြေအနေများကို မေးမြန်းခဲ့ကြသည်။

၂၀၁၅ ရွေးကောက်ပွဲတွင်ရာခိုင်နှုန်းအများစု အနိုင်ရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအစိုးရဖွဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ၀န်ကြီးချုပ်အားလုံးမှာ ပြီးခဲ့သည့် ၂ နှစ်အတွင်း အဂတိတရား အနည်းပါးဆုံးဖြစ်ခဲ့ ကြောင်း ဦးဝင်းထိန်ကပြောသည်။

‘‘အဲဒီလိုပြောင်းလဲတဲ့အခါ အရမ်းမျှော်လင့်ခဲ့တယ်။ မျှော်လင့်ခဲ့ပေမယ့် ဖြစ်မလာတဲ့အခါ အားမလို အားမရဖြစ်တာမျိုး ကျွန်တော်တို့ ကောင်းကောင်း သတိပြုမိပါတယ်။ ကျွန်တော်တို့ကောင်းကောင်း သတိပြုမိသလို ဒေါ်အောင်ဆန်းစုကြည်လည်း ကောင်းကောင်း သတိပြုမိပါတယ်’’ဟု ၎င်းကပြောသည်။

 နေအိမ်အကျယ်ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာချိန်တွင် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရမည်ဟု ယုံကြည်ခဲ့သကဲ့သို့ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရခိုင်ပြည်နယ်ပြဿနာများမှာ တစ်ချိန်တွင် ပြေလည်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းကဆိုသည်။

‘‘ဘာကြောင့်လဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည်အပေါ်ထားတဲ့ စေတနာ၊ ပြည်သူတွေအပေါ်မှာထားတဲ့ စေတနာ မယိမ်းမယိုင်ဘဲ ရှိနေတာကို ကျွန်တော်က ကိုယ်တိုင်ကိုယ်ကျ သိတဲ့အတွက် ပြောရဲခြင်းဖြစ်တယ်’’ဟု ဦးဝင်းထိန်ကဆိုသည်။

ဒီချုပ်အစိုးရ တက်လာပြီးနောက် စီးပွားရေးတိုးတက်မှု နှောင့်နှေးနေမှု၊ အခြေခံလူတန်းစား စားဝတ်နေရေးကို ထိခိုက်နေမှု၊ ကုန်ဈေးနှုန်းတက်နေခြင်း တို့ကို လျစ်လျူရှုမထားကြောင်းနှင့် နိုင်ငံ၏ စီးပွားရေးဆိုင်ရာဝန်ကြီးဌာနများကို တာဝန်ယူထားသည့် ၀န်ကြီးနှစ်ဦးက စေတနာမှန်မှန်ဖြင့် လုပ်ဆောင်နေကြောင်းနှင့် မည်သို့ဖြေရှင်းရမည်ကို အဖြေရှာနေကြောင်း ဦးဝင်းထိန်က ဖြေကြားသည်။

7Day News


No comments:

Post a Comment