Latest News

Wednesday, October 4, 2017

ဒေါ်အောင်ဆန်းစုကြည်နှင့် Nikkei Asian Review သီးသန့်တွေ့ဆုံမေးမြန်းခန်း

ဒေါ်အောင်ဆန်းစုကြည်နှင့် Nikkei Asian Review
သီးသန့်တွေ့ဆုံမေးမြန်းခန်း

‘‘အသွင်ကူးပြောင်းမှုဆိုတာဟာ ခက်ခဲတဲ့ အခြေအနေတွေ၊ ခက်ခဲတဲ့ ကာလတွေကို ပြောင်းလဲချိန်ညှိယူနေရတာမျိုးပဲဖြစ်ပါတယ်’’

စက်တင်ဘာ ၂၁ ရက်က နေပြည်တော်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်အခြေစိုက်သတင်းဌာန Nikkei Asian Review၏ အယ်ဒီတာချုပ်ဂွင်ရော်ဘင်ဆင်က အစိုးရ၏စီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ မူဝါဒများ၊ လက်ရှိကြုံနေရသည့် ဘင်္ဂါလီအရေး အစရှိသည့်ကိစ္စများကိုမေးမြန်းအင်တာဗျူးခဲ့သည်။ မိနစ် ၅၀ကြာမြင့်သည့် အင်တာဗျူးကို ကောက်နုတ်ဖော်ပြပါသည်။

ရှင့်ရဲ့ ဦးဆောင်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာဝေဖန်မှုတွေကို ဘယ် လို တုံ့ပြန်မလဲ။ ဘာက အံ့ဩစရာ အကောင်းဆုံးလဲ။
တကယ်က အထူးတလည် အံ့ဩစရာတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမြင်တွေဆို တာက ပြောင်းလဲတတ်တာပဲလေ။ ကမ္ဘာ့အမြင်ကလည်း တခြားအမြင်တွေလိုပဲ ပြောင်းလဲတတ်ပါ တယ်။ ကျွန်မတို့ ဒါကို နားလည် ပေးနိုင်ပါတယ်။ စပ်ကူးမပ်ကူး ဖြစ်စဉ်တွေကို ကြုံတွေ့ဖြတ်သန်း ခဲ့ရတဲ့ နိုင်ငံတွေက အဲဒီလိုဖြတ် သန်းမှုမျိုး လုံးဝမရှိဖူးတဲ့ နိုင်ငံတွေ ထက် ဒီလိုအခြေအနေကို ပိုနား လည်နိုင်ပါတယ်။ ပြည်တွင်းတုံ့ ပြန်မှုတွေနဲ့ပတ်သက်ပြီး ပြောရ မယ် ဆိုရင်တော့ ကျွန်မတို့မှာ ဆန့်ကျင်ဘက် အင်အားစုတစ်ခုရှိနေ တယ်။ ဒါက ဖြစ်သင့်တဲ့ အခြေအနေတစ်ခုပါ။ ဒီမိုကရေစီ နိုင်ငံတိုင်း မှာ ဆိုပါတော့။ ကျွန်မတို့နိုင်ငံရဲ့ ဒီမိုကရေစီကတော့ အတောင်အ လက်မစုံသေးပါဘူး။ ကျွန်မတို့ ဟာ ဝေဖန်မှုတွေ၊ အငြင်းအခုံတွေ ကို လမ်းဖွင့်ပေးထားရပါမယ်။

မြန်မာနိုင်ငံက မွတ်စလင်တွေ နိုင်ငံသားခံယူခွင့်နဲ့ပတ်သက်တဲ့ ဝေဖန်မှုတွေကိုကော ရှင်ဘယ်လို ကိုင်တွယ်သလဲ။

ကျွန်မတို့ ဘာပဲလုပ်လုပ်၊ ဘာကိစ္စပဲဖြစ်ဖြစ် ဥပဒေအတိုင်းပဲ ဆောင်ရွက်ပါတယ်။ တရားဥပဒေ စိုးမိုးရေးဟာ ကျွန်မတို့ပါတီရဲ့ အခြေခံအကျဆုံး ရပ်တည်မှုတစ်ခုဆိုတာ အမြဲတမ်းပြောလေ့ရှိပါ တယ်။ ဒါကြောင့် ကျွန်မတို့ဟာ ဥပဒေ သတ်မှတ်ချက်တွေအတိုင်း ပဲ သွားပါမယ်။ ဥပဒေသတ်မှတ် ချက်တွေနဲ့ ညီညွတ်တဲ့ ဘယ်သူ့ ကိုမဆို နိုင်ငံသားခံယူခွင့်ပေးမှာ ပါ။

ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လာရေးနဲ့ နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်တွေ အစပြုမှုက ဘယ်အချိန်လောက်မှာ လက်တွေ့ဖြစ်နိုင်မလဲ။

ကျွန်မတို့ မြန်မြန်ပဲ စလို့ရတယ်။ ဒါပေမဲ့ မြန်မြန်စရုံနဲ့ မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်မယ် လို့တော့ အဓိပ္ပာယ်ကောက်လို့မရ ဘူး။ ဒီကိစ္စကို ခပ်မြန်မြန်ပြီး မြောက်စေမယ်လို့လည်း ကျွန်မ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး။ ကျွန်မပြောခဲ့တာက ဘယ်အချိန် မဆို စတင်လို့ရတယ်ဆိုတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာအသစ်အဆန်းမဟုတ်လို့။ ဒုက္ခသည် တွေနဲ့ပတ်သက်လို့ စိစစ်ရမယ့် အချက်အလက်တွေက ၁၉၉၃ မှာမြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတွေ ကြား ညှိနှိုင်းသဘောတူညီမှုရရှိ ထားပြီးသားပါ။ ဒီတော့ အသစ်ဖြစ်နေတာ ဘာမှမရှိဘူး။ ဘင်္ဂလား ဒေ့ရှ် အစိုးရလည်း ဒါကို လက်ခံပြီးသား။ ဒါကြောင့် ပြောရမယ်ဆိုရင် ဒီလုပ်ငန်းစဉ်က ဘယ်အချိန်မဆို စလို့ရတယ်။ ဟုတ်တယ်။ ဒါပေမဲ့ အဲဒါက ကျွန်မတို့ဟာ လုပ်ငန်းစဉ် တစ်ခုလုံး မြန်မြန်ဆန်ဆန်ပြည့်စုံ ပြီးမြောက်သွားစေမယ်လို့ ဆိုလို တာ မဟုတ်ဘူး။

စက်တင်ဘာ ၁၉ ရက် မိန့်ခွန်းမှာ ရှင်က ၁၉၉၃ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအစိုးရတို့ကြားမှာ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးဆိုင်ရာ သဘောတူညီမှုနဲ့ပတ်သက်ပြီး ပြောခဲ့တယ်။ အဲဒီတုန်းကညှိနှိုင်းမှုတွေဟာ တပ်မတော် အစိုးရလက်ထက်က လုပ်ခဲ့တာ။ အခုအချိန်မှာကော တပ်မတော်က အဲဒီသဘောတူညီမှုတွေကို အသိအမှတ်ပြုဦးမယ်လို့ ရှင်မျှော်လင့်သလား။

ဟုတ်ကဲ့။ ၁၉၉၃ တုန်းကတပ်မတော် အစိုးရတာဝန်ယူထား တာ မှန်ပါတယ်။ ဒီပြဿနာဟာအစိုးရကိုယ်တိုင် ကိုင်တွယ်ရမယ့် ကိစ္စဖြစ်ခဲ့တယ်။ နောက်ဆိုရင် လည်း အစိုးရကပဲ တာဝန်ယူကိုင်တွယ်ရတဲ့ကိစ္စဖြစ်နေဦးမှာပဲ။ အချိန်ကာလ သတ်သတ်မှတ်မှတ် တော့ ကျွန်မ မပြောနိုင်သေးဘူး။ ဒီကိစ္စတွေ အစပြုဖို့ဆိုတာက ကျွန်မတို့နည်းတူ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့လည်း သက်ဆိုင်မှုရှိ တယ်။ သူတို့ လိုလိုလားလားမရှိ ဘူးဆိုရင် ကျွန်မတို့က သူတို့နိုင်ငံ ထဲသွားပြီးတော့ လုပ်ငန်းစဉ်တစ်ခု ကို အကောင်အထည်ဖော်လို့ ဘယ်ရမလဲ။ ကျွန်မတို့ဟာ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ အမြဲတမ်းလိုလို ထိတွေ့ဆွေးနွေးမှုတွေ ရှိခဲ့တယ်။ အခုလိုကိစ္စနဲ့ပတ်သက်ပြီး နောက်ဆုံး ဆွေးနွေးခဲ့တာတော့ ၂၀၀၅ ကပါ။ နောက်တော့ ရပ်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ဘင်္ဂလား ဒေ့ရှ်ရောက်နေတဲ့ လူတွေထဲမှာ ပြန်မလာချင်သူတွေရှိနေတယ်။ ပြန်လာဖို့ ဆန္ဒရှိသူတွေပဲ ပြန်လာ ကြတာမျိုး ဖြစ်သင့်တယ်လေ။ ဒီ တော့ စိစစ်ရေးလုပ်ငန်းစဉ်နဲ့ပတ် သက်ပြီး အကျုံးဝင်တာ မိသားစု ၂,၀၀၀ လောက်ပဲကျန်တယ်။ ကျန်တဲ့လူတွေက သူတို့မူရင်းရပ်ရွာမှာ အခြေတကျ ဖြစ်နှင့်နေပြီလေ။ ဒါက ၂၀၀၅ က အခြေအနေပါ။ ကိစ္စတွေက အဲဒီအချိန်ကတည်း က ဆိုင်းငံ့နေခဲ့ပါတယ်။

စက်တင်ဘာ ၁၉ ရက် မိန့်ခွန်းမှာတုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိနေတဲ့ ကျေးရွာ ၅၀ ရာခိုင်နှုန်းလောက် အထိအခိုက်မရှိ ကျန်နေတယ်လို့ ရှင်ပြောသွားတယ်နော်။

ကျွန်မက ရခိုင်မှာရှိတဲ့ (ဗုဒ္ဓဘာသာနှင့် မွတ်စလင်) ကျေးရွာအားလုံးကိုရည်ရွယ်ပြီး ပြောခဲ့တာပါ။ ဒါပေမဲ့ မွတ်စလင်ရွာတွေထဲက ၃၀ ရာခိုင်နှုန်းလောက်ဟာ အရင်အတိုင်းရှိနေတုန်းပါ။ ဘာပြဿနာမှ မကြုံခဲ့ပါဘူး။ အားလုံးအေးအေးချမ်းချမ်းပါပဲ။ အခြေအနေတွေက ပုံမှန်အတိုင်းပဲရှိနေပါ တယ်။ ဒါပေမဲ့ လူတွေက အဲဒီလိုရွာတွေကိုကျတော့ ကျော်ကြည့်သလို ဖြစ်နေတယ်။ ရွှေ့ပြောင်းမှု တွေ အစပြုလာစေတဲ့ ပဋိပက္ခနယ်မြေတွေကိုပဲ အာရုံစိုက်နေကြ တယ်။ ကျွန်မ အခုပြောနေတာက အထိအခိုက်မရှိသလို ဘယ်သူမှ ထွက်ပြေးတာမျိုးမဟုတ်ဘဲ ပုံမှန်အတိုင်း ရှေ့ဆက်နေတဲ့ ရွာတွေ အကြောင်းကိုပါ။

မိန့်ခွန်းထဲမှာ ရှင်က လူစုလူဝေးအလိုက် ရွှေ့ပြောင်းမှုတွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ အကြောင်းရင်းတွေကိုတော့ ရှင်ကိုယ်တိုင် အသေအချာ သိပြီးသားမဟုတ်လား။

ကျွန်မတို့ သိချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတာကိုလည်း ပြောပြီးပါပြီ။ ရွှေ့ပြောင်းမှုတွေ အများဆုံးဖြစ်နေတာက ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းလောက်မှာပါ။ စက်တင်ဘာ ၅ ရက်နောက်ပိုင်းမှာ အခြေအနေအားလုံးက ငြိမ်သက်စပြုလာပါပြီ။ အေးဆေးတည်ငြိမ် လာတဲ့အချိန်ကျမှ လူတွေက ဘာကြောင့်စပြီး ရွှေ့ပြောင်းကုန်တာ လဲ။ ဒါကို ကျွန်မတို့ သိချင်တယ်။ လက်တုံ့ပြန်တာတွေ ကြုံလာမှာ ကြောက်လို့ ဖြစ်နိုင်တယ်။ တခြားအကြောင်းရင်းတွေလည်း ရှိရင်ရှိလိမ့်မယ်။ ဒါကို ကျွန်မတို့ အလေး အနက် စိတ်ဝင်စားပါတယ်။ ဘာ ကြောင့်လဲဆိုတော့ အခြေအနေ တွေကို ကုစားလိုတယ်ဆိုရင် ဒါ တွေ ဘာကြောင့်ဖြစ်နေသလဲဆို တာကို အဖြေထုတ်ဖို့လိုတယ်။ ပြဿနာတွေအားလုံးရဲ့ ရင်းမြစ်အစကို ရှာဖို့ပေါ့။ ဒီတော့ ကျွန်မ တို့ဟာ ဒီအပိုင်းကို အလေးအနက် ဆန်းစစ်သွားပါမယ်။ စုံစမ်းစစ် ဆေးမှုဆိုတဲ့ စကားလုံးကို ကျွန်မသိပ်သဘောမကျပါဘူး။ အဲဒီ ဝေါဟာရရဲ့ အဓိပ္ပာယ်က ကျွန်မတို့ဟာ လူတွေကို ဖိစီးတဲ့ ပုံစံမျိုးနဲ့စစ်ကြောမေးမြန်းသလို ဖြစ်နေတယ်။ တကယ်က ကျွန်မတို့ဟာ အခြေအနေကိုဆန်းစစ်ပြီး အခုမှ ဘာလို့ ဒီလိုဖြစ်ရတာလဲ၊ အေးချမ်းစပြုလာပြီဆိုမှ ရွှေ့ပြောင်းမှုတွေ ဘာကြောင့် စတင်လာသလဲဆိုတာကို အဖြေရှာရမှာ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေတော်တော်များများ နေရပ်ကိုစွန့်ခွာသွားတာ အစောပိုင်းအချိန်တွေမှာ မဟုတ်ဘူးလေ။ လူသူကင်းမဲ့နေတဲ့ ကျေးရွာအများစုဟာ နယ်ခြားဒေသတစ်လျှောက်မှာ ရှိနေတာ။ တကယ်က ဘယ်အချိန်မဆို သူတို့ လွယ်လွယ်လေး ထွက်ခွာသွားလို့ရတာပဲ။

နိုင်ငံတကာ စစ်ဆေးမှုတွေကိုလည်း ကြောက်ရွံ့နေမှာမဟုတ်ကြောင်း ရှင်ပြောခဲ့တယ်နော်။ ဒါဟာ ကုလသမဂ္ဂက ရခိုင်အရေးနဲ့ ပတ်သက်လို့ အချက်အလက်ရှာဖွေဆန်းစစ်မှု မစ်ရှင်တစ်ခု မြန်မာနိုင်ငံကို စေလွှတ်ခွင့်ရဖို့ တောင်းဆိုထားတာကို လက်ခံဖို့ ပြန်စဉ်းစားနိုင်ခြေရှိတယ်ဆိုတဲ့ သဘောလား။

နိုင်ငံတကာ စစ်ဆေးမှုဆိုတာက နိုင်ငံတကာ အသိုက်အဝန်းရဲ့ စုံစမ်းစစ်ဆေးမှုကို ဆိုလိုပါတယ်။ အဖွဲ့အစည်းတစ်ခုခု သတ်သတ်မှတ်မှတ် ကိုင်တွယ်စစ်ဆေးဖို့ မဖြစ်မနေလိုအပ်တာ မဟုတ်ဘူးလေ။ ပြီးတော့ ကျွန်မတို့ဟာ ကိုဖီအာနန်ကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့ပြီးသားပါ။ ဒါကလည်းကော်မရှင်ဟာ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး ကျွန်မတို့ ဘာတွေလုပ်ဆောင်ဖို့ လိုတယ်ဆိုတာကို နိုင်ငံတကာရှုထောင့်ကနေ အကြံပေးမှုတွေ ထောက်ပံ့နိုင်မယ်လို့ ယူ ဆတာကြောင့်ပါ။ ကျွန်မတို့ဟာ ပြီးခဲ့တဲ့နှစ် ပြဿနာတွေ မတိုင်ခင်ကတည်းက ကော်မရှင်ကို ဖွဲ့ထားတာဖြစ်ပါတယ်။ တကယ်တမ်းပြောရရင် ကော်မရှင်ဖွဲ့ပြီးမှ ပြဿနာတွေ စတင်လာတာပါ။ နောက်ပြီး စိတ်ဝင်စားစရာတစ်ခု ရှိသေးတယ်။ မနှစ်က အောက်တိုဘာနဲ့ နိုဝင်ဘာတွေမှာ တိုက်ခိုက်မှုတွေ ဖြစ်လာတော့ ကျွန်မတို့ဟာ Rule of Law and Development in the Rakhine ဗဟိုကော်မတီကို စဖွဲ့တဲ့အချိန်ပဲ။ ကော်မရှင်ကို ဦးဆောင်ဖို့ ဒေါက်တာကိုဖီအာနန်ကို ကျွန်မတို့ ဖိတ်ကြားခဲ့တယ်။ ဒေသရဲ့ ရေရှည်ဖွံ့ဖြိုးရေး၊ စည်ပင်တိုးတက်ရေးအတွက် ကျွန်မတို့ ဘာတွေလုပ်ဆောင်ရမလဲဆိုတာကို သူ့အနေနဲ့ အကြံပေးနိုင်ဖို့ပါ။ အားလုံးက အေးအေးချမ်းချမ်းနဲ့ ချောချောမောမောပါပဲ။ လူတချို့ရဲ့အမြင်မှာ သိပ်ချောချော မွေ့မွေ့မရှိသလို ဘယ်နေရာမှာ ဖြစ်နေမလဲလို့ တစ်ခါတလေ ကျွန်မ တွေးကြည့်မိတယ်။ ဟုတ်ပါတယ်။ ကျွန်မတို့ဟာ သံတမန် အသိုက်အဝန်းအားလုံးကို တစ်ပြိုင်တည်းတော့ တာဝန်ယူပြီး ပို့ပေးဖို့ မဖြစ်နိုင်ပါဘူး။ သေချာစီမံခန့်ခွဲထားတဲ့ လမ်းကြောင်းနဲ့ ပြင်ဆင်ရပါမယ်။ ပြီးတော့ ရခိုင်ကိုသွားဖို့ စိတ်ဝင်စားတဲ့ သံရေးတမန်ရေး အရာရှိတွေရဲ့ စာရင်းလည်း ကျွန်မတို့မှာ ရှိနေပါပြီ။ အရင်ရောက်တဲ့သူကို အရင်ကူညီစီစဉ်ပေးဖို့တော့ ရှိပါလိမ့်မယ်။ လူတိုင်းကိုတော့ တစ်ပြိုင်တည်း ပို့ပေးဖို့ ကျွန်မတို့လည်း မတတ်နိုင်ပါဘူး။ အချက်အလက် ရှာဖွေဆန်းစစ်မှုမစ်ရှင်နဲ့ပတ်သက်တဲ့ ကျွန်မတို့ရဲ့အမြင်ကတော့ အခုလည်း မပြောင်းလဲပါဘူး။

ကိုဖီအာနန် ကော်မရှင်ရဲ့ အစီရင်ခံစာမှာပါရှိတဲ့ ထောက်ခံတင်ပြချက်တွေကို အကောင်အထည်ဖော်ရာမှာ တပ်မတော်က ထောက်ခံမယ်လို့ ရှင်အပြည့်အဝ ယုံကြည်မှု ရှိသလား။

ဒါဟာ ကောင်းမွန်ပြီး လေးစားထိုက်တဲ့ အစီရင်ခံစာတစ်ခုပါ။ မျှတပြီး ဟန်ချက်ညီအောင် အစွမ်းရှိသလောက် ကြိုးစားထားတာ ဖြစ်ပါတယ်။ အစီရင်ခံစာမှာပါရှိတဲ့ အချက်အလက်တချို့ကတော့ သိပ်ပြီးတိကျမှုမရှိဘူး။ ဒါပေမဲ့ ကျွန်မတို့က ထောက်ပြတဲ့အခါ တချို့အချက်တွေဟာ ပြန်ပြင်ဆင်ဖို့လိုတယ်ဆိုတာကို ကော်မရှင်ကလက်ခံပါတယ်။ အခု ကျွန်မတို့ဟာ ဝန်ကြီးဌာနချင်း ချိတ်ဆက်ဆောင်ရွက်မယ့် ကော်မရှင်တစ်ရပ်ကိုပါ ဖွဲ့စည်းပြီးပါပြီ။

ကိုဖီအာနန် ကော်မရှင်ရဲ့ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာခွင့် ဆိုင်ရာကိစ္စလို အငြင်းပွားစရာ အ ကြံပြုဖော်ပြချက်တွေနဲ့ပတ်သက် ပြီး ရှင်ဘယ်လို လုပ်ဆောင်မလဲ။

ကျွန်မတို့ ပြောပြီးသားပါ။ တစ်ဆင့်ချင်းသွားဖို့ လိုပါတယ်။ ချက်ချင်း အကောင်အထည်ဖော်နိုင်တဲ့ ကိစ္စဆိုရင် ချက်ချင်းလုပ်ပါမယ်။ ဒါပေမဲ့ ချက်ချင်းအကောင်အထည်မဖော်နိုင်သေးတဲ့ ကိစ္စဆိုရင်တော့ အချိန်စောင့်ရမယ်။ ဥပမာပြောရရင် လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာခွင့်နဲ့ပတ်သက် ပြီး ဒေါက်တာကိုဖီအာနန် ပြောထားတာက သူ့ရဲ့ကြားဖြတ်အစီရင်ခံစာမှာလို့ ကျွန်မထင်ပါတယ်။ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာမှုကို ခွင့်မပြုထားတာ မဟုတ်ပါ ဘူး။ ဒါပေမဲ့ လူတွေစိတ်ထဲမှာ လွတ်လွတ်လပ်လပ်ရှိနေပြီလို့ ခံစားရလောက်အောင် လုံလောက်တဲ့ လုံခြုံမှုမရှိသေးဘူး။ ဒါကြောင့်လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာမှုကို ကန့်သတ်ထားတာ ဖြစ်ပါတယ်။ ပြီးတော့ သတိထားစဉ်းစားရမှာက လုံခြုံရေးဆိုတာဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ပဲ ဆိုင်တဲ့ကိစ္စမဟုတ်ပါဘူး။

ဒါဟာ လူ့အသိုက်အဝန်း နှစ်ခုက အပြန်အလှန်ညီညီညွတ်ညွတ် မှီတင်းနေထိုင်မှုနဲ့လည်း ဆိုင်ပါတယ်။ လုံခြုံရေးကဏ္ဍကို တာဝန်ယူ ကွပ်ကဲရာမှာ တပ်မတော်တင်မကဘူး၊ ရဲတပ်ဖွဲ့လည်း ရှိပါတယ်။ လူမှုအသိုက်အဝန်းရဲ့ လုံခြုံရေးကို ရဲတပ်ဖွဲ့က တာဝန်ယူတာ ပိုဖြစ်သင့်ပါတယ်။ ဒါဟာ ဒီမိုကရေစီ ထွန်းကားတဲ့နိုင်ငံတွေမှာ ပုံမှန်ကိစ္စပါ။ ဒါပေမဲ့ကျွန်မတို့ရဲ့ ရဲတပ်ဖွဲ့မှာ အတော်ကို လူအင်အားမလုံလောက်ဘူး ဖြစ်နေတယ်။ ရဲတပ်ဖွဲ့ဝင်အသစ်တွေ၊ ပိုကောင်းတဲ့ ပစ္စည်းကိရိယာတွေ၊ ပိုကောင်းတဲ့ လေ့ကျင့်မှုတွေ ကျွန်မတို့ လိုအပ်တယ်။ ဒါတွေကို တစ်ညတည်းနဲ့တော့ ဖြစ်မြောက်ပိုင်ဆိုင်လာအောင် ကျွန်မတို့ ဘယ်လုပ်နိုင်မလဲ။ ရဲတပ်ဖွဲ့အရင်းအမြစ်တွေကို တခြားပြည်နယ်နဲ့ တိုင်းတွေထက် ရခိုင်ကိုကျွန်မတို့ ပိုဖြည့် ဆည်းပေးပြီးသားပါ။ ပိုလည်းလို အပ်တာကိုး။ ကိုဖီအာနန် အစီရင်ခံစာကို ဖြည့်ဆည်းဆောင်ရွက်ဖို့ ဆိုတာက အစိုးရနဲ့ဆိုင်ပါတယ်။ လုံခြုံရေးကဏ္ဍနဲ့ ပတ်သက်ရင် တော့ တိကျတဲ့လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုတွေလိုအပ်ပါတယ်။

တချို့ လေ့လာသူတွေက ရှင်နဲ့တပ်မတော်ကြား ဆက်ဆံရေးမှာ ထင်ရှားတဲ့ အပြောင်းအလဲတွေ ရှိလာတယ်လို့ သုံးသပ်နေကြတယ်။ ဒါနဲ့ကော ပတ်သက်မှုရှိသလား။

အမှန်ပါပဲ။ ဆက်ဆံရေးအသစ်တစ်ခု အစပြုနေပါပြီ။ အချိန်တိုင်းမှာ ကိစ္စတိုင်းက ပြောင်းလဲနေတတ်တာပဲလေ။ ဒါဟာ အဆိုးဘက်ကို ဦးတည်တဲ့အပြောင်းအလဲလို့တော့ ကျွန်မ မထင်ပါဘူး။

ရှင့်ရဲ့ မူဝါဒတွေကို တချို့နိုင်ငံတွေက အတော်လေး ဝေဖန်ကြတယ်နော်။ ဒါပေမဲ့ တချို့တွေ၊ တရုတ်လို နိုင်ငံတွေကပေါ့။ ပိုပြီးတော့ ထောက်ခံလာကြတယ်။ ရခိုင်ပဋိပက္ခက ရှင့်ရဲ့ နိုင်ငံခြားရေး မူဝါဒ ဦးစားပေး ဆောင်ရွက်ချက်တွေကို အပြောင်းအလဲ ဖြစ်လာစေနိုင်သလား။

ကျွန်မတို့ကတော့ တစ်ကမ္ဘာလုံးက နိုင်ငံတိုင်းနဲ့ ရင်းနှီးခင်မင်တဲ့ ဆက်ဆံရေးမျိုး ထူထောင်ထားလိုတဲ့မူဝါဒကို ဆက်လက်ကျင့် သုံးနေဦးမှာပါ။ မြန်မာနိုင်ငံဆိုတာ ရခိုင်ပြည်နယ် တစ်ခုတည်းမဟုတ် ကြောင်း ကျွန်မတို့ အမြဲတမ်းသတိ ပေးနေမှာပါ။ တစ်ခါတလေကျရင် တချို့နိုင်ငံတွေက ဒါကို ကွဲကွဲပြားပြားသတိမပြုမိကြဘူးလို့ ကျွန်မထင်တယ်။ မြန်မာနိုင်ငံဆိုတာ ရခိုင်ပြည်နယ်တစ်ခုတည်းမဟုတ်တာကို သူတို့ မေ့နေတတ်ကြတယ်။ ဒါပေမဲ့ ကျွန်မတို့ကတော့ လက်တွေ့အခြေအနေကို အရမ်းအလေးထားပါတယ်။ လူတိုင်းရဲ့ ထောက်ခံ အားပေးမှုကို ကျွန်မတို့ မျှော်လင့်ပါတယ်။ အဲဒီလို ထောက်ခံမှုဟာလည်း အမြဲတမ်းအသုံးဝင်ပါတယ်။

အဲဒီထဲမှာ အနောက်အုပ်စုနဲ့ ပိုပြီး နီးစပ်ထိတွေ့ဖို့ကော ပါသလား။

ကျွန်မတို့က သူတို့နဲ့ အမြဲတမ်းချိတ်ဆက် ဆောင်ရွက်မှုတွေ ရှိနှင့်ပြီးသားပါ။ ကျွန်မတို့ ပုံမှန် ထိတွေ့ဆက်ဆံနေတာထက် လျော့ပါးသွားတယ်ဆိုတာမျိုး ထင်မြင်ယူဆနေကြတာက မမှန်ပါဘူး။ အာရှရဲ့အတွေးအမြင်နဲ့ ရှုထောင့်တွေက အနောက်နိုင်ငံ တွေနဲ့တော့ အမြဲတမ်း ခြားနားနေ လိမ့်မယ်လို့ ကျွန်မထင်တယ်။ ဒါဟာ ပထဝီဝင်တည်နေရာ အနေ အထား ကွဲပြားမှုနဲ့ သိပ်တော့ မဆိုင်လှဘူး။ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့သာ ပိုဆိုင်ပါလိမ့်မယ်။ ကမ္ဘာနှစ်ခြမ်းက ဖြတ်သန်းမှု အတွေ့အကြုံတွေဟာ တူညီမနေနိုင်ဘူးလေ။ စပ်ကူးမပ်ကူး ကာလ တွေကို ကိုယ်ထူကိုယ်ထ ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံတွေကတော့ ကျွန်မတို့ ကြုံနေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ပိုပြီး စာနာနားလည် ပေးနိုင်ကြမှာပါ။ ဗဟိုဥရောပနိုင်ငံတွေ အပါအဝင်ပေါ့။ ပထဝီရှု ထောင့်ကကြည့်ရင် သူတို့လည်း အနောက်အုပ်စုထဲပါတာပဲ။ ဂျပန်ဆိုရင်လည်း ဒုတိယကမ္ဘာစစ်အပြီးမှာ အရမ်းခက်ခဲတဲ့ ကာလတစ်ခုကို ချိန်ညှိကျော်ဖြတ်ခဲ့ရတာပဲ မဟုတ်လား။ အသွင်ကူးပြောင်းမှုဆိုတာဟာ ခက်ခဲတဲ့အခြေအနေတွေ၊ ခက်ခဲတဲ့ကာလတွေကို ပြောင်းလဲချိန်ညှိယူနေရတာမျိုးပဲ ဖြစ်ပါတယ်။

အာဆီယံဟာ မြန်မာနိုင်ငံအတွက် အရမ်းအရေးပါတယ်ဆိုတာ သိပ်ထင်ရှားမြင်သာပါတယ်။ ဒါပေမဲ့ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး အဖွဲ့အစည်းမှာ အက်ကြောင်းထင်စေမယ့် ပြောဆိုမှုတွေ ရှိနေတယ်။ ဒီကိစ္စက မြန်မာနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကြား ဆက်ဆံရေးကိုဘယ်လိုဘယ်ပုံ သက်ရောက်စေ မယ်လို့ ရှင်ထင်ပါသလဲ။ ပြီးတော့အာဆီယံ အသိုက်အဝန်းတစ်ခုလုံးရဲ့ ရပ်တည်မှုကိုကောပေါ့။

ကျွန်မ အမြင်အရတော့ အာဆီယံဟာ အကောင်းဆုံး စီမံဆောင်ရွက်မှုတွေ ရှိခဲ့ပြီးသား ဒေသတွင်း အင်အားစုတစ်ခုပါ။ ဒီအပိုင်းနဲ့ပတ်သက်ရင် တခြားသူတွေထက် ကျွန်မက ပိုပြီး အကောင်းမြင်ပါတယ်။ အာဆီယံရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်နေရ တာကို ကျွန်မတို့ ပျော်ရွှင်ပါတယ်။ အာဆီယံရဲ့ အားနည်းတဲ့ အဖွဲ့ဝင်နိုင်ငံတွေထဲမှာ ကျွန်မတို့ ပါဝင်နေတာကြောင့် ပိုပြီးတော့ အားထည့်ပူးပေါင်းလုပ်ဆောင်ပြနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။ ဒေသအလိုက် အဖွဲ့အစည်းကြီးတွေမှာ ထီးတည်းရပ်တည် ကိုင်တွယ်ဖြေရှင်းမှုမျိုးနဲ့ လုပ်ဆောင်လို့မရပါ ဘူး။ ဥရောပသမဂ္ဂကို ဥပမာအနေနဲ့ ကြည့်ပါ။ သူတို့ဟာ အာဆီယံထက် ဖွဲ့စည်းမှုသက်တမ်းပိုရင့်ပါတယ်။ လုပ်ငန်းပိုင်းမှာ အဆင့် နှစ်ခု အမြဲတမ်းရှိနေမှာပါ။ ဒေသတွင်းအဆင့်နဲ့ နှစ်နိုင်ငံတည်း ပူးပေါင်းဆောင်ရွက်မှုအဆင့်ဆို တာတွေပါ။ အာဆီယံအဖွဲ့အစည်းအတွင်းမှာ ကောင်းမွန်တဲ့ဆက်ဆံရေးကတော့ ရှိနှင့်ပြီးသားလို့ ကျွန်မ ထင်ပါတယ်။

ရခိုင်ပြဿနာကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ ထိခိုက်မှုတွေရှိလာမှာကိုကော စိုးရိမ်ပါသလား။

သေချာတာပေါ့။ ဆင့်ပွား ရိုက်ခတ်မှုတွေ ကြုံလာမယ့် ဖြစ်နိုင်ခြေတွေကို ကျွန်မတို့ စဉ်းစားထားရပါမယ်။ ဒါပေမဲ့ အလွန်အကျွံ စိုးရိမ်ဖို့ လိုတယ်လို့တော့ မထင်ပါဘူး။ လက်ရှိ အခြေအနေတွေ ကြောင့် ရင်းနှီးမြှုပ်နှံမှု အလားအလာတွေအပေါ် သက်ရောက်မှု ရှိနိုင်ခြေကို ထည့်မတွေးရင် မိုက်မဲ ရာကျပါလိမ့်မယ်။ ကျွန်မတို့ဟာ ကိစ္စတိုင်းကို တစ်ချိန်တည်း စီမံ ကိုင်တွယ်နေရပါတယ်။ အစိုးရ တစ်ရပ်ကိုး။ ပြည်ပကတော့ ရခိုင်အရေးကို စိတ်ဝင်စားပြီး ရခိုင်နဲ့ပတ်သက်တာကိုပဲ အာရုံစိုက်ကြပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်မတို့က တော့ တစ်နိုင်ငံလုံးအတွက် ရှေ့ ဆက် လုပ်ဆောင်နေရတာပါ။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေအပါအဝင် အလုံးစုံအတွက်ပေါ့။ ပြီးတော့ ကဏ္ဍတိုင်းမှာ တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်စေဖို့ ကျွန်မတို့ အမြင်ထက်ထက်သန်သန်နဲ့ ဆောင်ရွက်နေပါ တယ်။

ရင်းနှီးမြှုပ်နှံသူတွေကို သတင်းစကားပါးချင်တာမျိုးကော ရှိလား။

သူတို့ စိုးရိမ်နေတာ၊ စိတ်ပူနေတာ သဘာဝကျပါတယ်။ ဒါပေမဲ့နောက်တစ်လှမ်းလောက် ဆုတ်ပြီးအခြေအနေကို စိတ်အေးအေးနဲ့ ကြည့်သင့်တယ်။ ဒီလို ပြဿနာ တွေ ကျွန်မတို့ ဘာကြောင့် ကြုံတွေ့နေသလဲဆိုတာကို သူတို့ မြင်လာမယ်။ အဓိက အကြောင်းရင်းကတော့ ဖွံ့ဖြိုးမှု အားနည်းလို့၊ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်လို့ပါ။ ဒီတော့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ပြုလုပ်ခြင်းက အခြေအနေတွေကို အမှန်တကယ် ပိုမိုကောင်းမွန်လာ စေမှာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး ရှင့်ရဲ့ဦးစားပေးအစီအစဉ်တွေက ဘာတွေများလဲ။

ကျွန်မတို့က အခြေခံအဆောက်အအုံတွေ တိုးမြှင့်နိုင်ရေးအတွက် အာရုံစိုက်နေပါတယ်။ လမ်းတွေ၊ လျှပ်စစ်မီးတွေအကြောင်း ပြောမယ်ဆိုရင် ဩစတြေးလျနဲ့ ဂျပန်လို နိုင်ငံက လူတော်တော်များများအတွက် ရယ် စရာလို ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့အခြေခံအဆောက်အအုံ ပြည့်စုံမှုဟာ နောက်ထပ် ရင်းနှီးမြှုပ်နှံမှု အလားအလာသစ်တွေအတွက် သိပ်အရေးကြီးပါတယ်။ ကျွန်မတို့ နိုင်ငံရဲ့ အခြေခံအဆောက်အအုံကဏ္ဍ ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း ပိုပြီးတော့ အားကောင်းလာပါတယ်။ ဒါဟာ နောက်ထပ်ရင်းနှီး မြှုပ်နှံမှုတွေအတွက် ဆွဲဆောင်မှုဖြစ်သင့်တယ်။ ပြောဆိုနေတာထက်ကို ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးလွယ်လွယ်ကူကူ ဖော်ဆောင်နိုင်မယ့် အခွင့်အလမ်းသစ်တွေ၊ ဖွံ့ဖြိုးမှုတွေလည်း ရှိနေပါတယ်။ ဥပမာပြောရရင် ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့ လုပ်ငန်းတွေရှိပေမယ့် လမ်းတွေဖောက်ဖို့တော့ စိတ်မဝင်စားကြတာမျိုးပေါ့။ ဒါပေမဲ့ လမ်းတွေက ဆိုးနေတယ်လေ။ ဒါကို တွေးမိရင် ဘယ်နေရာမှာ မြှုပ်နှံသင့်သလဲဆိုတာက ပိုရှင်းသွားလိမ့်မယ်။ ပြီးခဲ့တဲ့ တစ်နှစ်ခွဲလောက်အတွင်း ဆောက်လုပ်ရေး လုပ်ငန်းတွေကလည်း အခြေအနေအများကြီး ပို ကောင်းလာပါတယ်။ အဲဒီနယ်ပယ်မှာ တောင်းဆိုမှု ကြီးကြီးမားမားတွေ ရှိနေတယ်။ ဒါပေမဲ့ လောလောဆယ်တော့ ကျွန်မတို့မှာ ဒီကဏ္ဍတွေကို ဖြည့်ဆည်းအကောင်အထည်ဖော်ဖို့ ငွေကြေးလုံလောက်မှုရှိတယ်လို့ ထင်ပါတယ်။

တခြားနိုင်ငံ အစိုးရတွေက မြန်မာနိုင်ငံကို အလည်အပတ်သွား ရောက်မှုနဲ့ပတ်သက်ပြီး ကမ္ဘာလှည့် ခရီးသွားတွေကို သတိပေး ချက်တွေ၊ အကြံပြုချက်တွေ ထုတ်ပြန်နေတာရှိတယ်။ ဒါဟာ မြန်မာ နိုင်ငံရဲ့ ဖွံ့ဖြိုးဖို့ အရှိန်ရခါစ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ နိုင်ငံရဲ့ ဂျီဒီပီအပေါ် သက်ရောက်ထိခိုက် နိုင်ပါသလား။

ဒီကိစ္စကတော့ ကျွန်မတို့ဆီ လာတဲ့ ကမ္ဘာလှည့်ခရီးသွားအများ စုက ဘယ်ကဖြစ်မလဲ ဆိုတဲ့အပေါ် ပိုပြီးသက်ဆိုင်ပါလိမ့်မယ်။ ဟို တယ်နဲ့ ခရီးသွားဝန်ကြီးဌာနက လည်း ဒါကို အရမ်းအလေးထား ဆန်းစစ်နေပါတယ်။ ကမ္ဘာလှည့် ခရီးသွားအများစုက ဘယ်က လာကြသလဲ ဆိုတာကိုပေါ့။ လော လောဆယ် အခြေအနေအရတော့ အနောက်နိုင်ငံတွေထက် အရှေ့ အာရှဘက်က လာကြတဲ့သူတွေ ပိုများပါတယ်။ ပြည်တွင်းက ခရီး သွားတွေကတော့ နိုင်ငံတကာ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ နည်း နည်းကွဲပြားပါတယ်။ ဒီမှာက ဘာ သာရေးနယ်မြေတွေကို ဦးတည်တဲ့ဘုရားဖူး ခရီးသည်တွေ ပိုများလေ့ ရှိတယ်။ အခုနောက်ပိုင်းတော့ ကမ်းခြေတွေ သွားတဲ့ဦးရေလည်း တော်တော်လေး တိုးလာပါတယ်။

ဘဏ်လုပ်ငန်းနဲ့ပတ်သက်ပြီး မေးချင်ပါတယ်။ ဇူလိုင်တုန်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရင်းနှီးမြှုပ်နှံငွေ၊ ငွေဖြစ်လွယ်မှုနဲ့ ငွေပိုထုတ်မှု အစရှိတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး စည်းမျဉ်းသတ်မှတ် ချက်အသစ်တွေ ထုတ်ပြန်ခဲ့တဲ့အပေါ် စိတ်ပူပန်မှုတချို့ ရှိနေပါတယ်။ လက်တွေ့မကျတဲ့ အချိန်ကာလ ကန့်သတ်မှုကြောင့် ဘဏ်တွေအပေါ် အန္တရာယ်ကြီးမားတဲ့ ဖိအားတွေ ပေးလိုက်သလို ဖြစ်သွားနိုင်တယ်လို့ ပြောဆိုနေတာတွေလည်းရှိတယ်။ ဒီကိစ္စတွေကဘဏ်လုပ်ငန်းမှာ ကြုံနေတဲ့ ပြဿနာတွေကို ပိုဆိုးသွားစေနိုင်တယ်လို့ ထင်ပါသလား။

အချိန်ကာလ သတ်မှတ်ချက် နဲ့ပတ်သက်ပြီး စိုးရိမ်နေကြတာကို ကျွန်မနားလည်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စက ညှိလို့ရပါတယ်။ စည်းမျဉ်းသစ်တွေက အမှန်တကယ် လိုအပ်နေတဲ့ ကိစ္စတွေပါ။ ဒါပေမဲ့ကျွန်မ အမြင်မှာတော့ အချိန် ကာလသတ်မှတ်ချက်ကို ပြန်ညှိသင့်တယ်လို့ယူဆရင် ဒါဟာ သေချာပေါက် ပြန်ညှိလို့ ရနိုင်ပါတယ်။ ကျွန်မတို့ ဒီအကြောင်းကို စဉ်းစားနေပါတယ်။ လူတော်တော်များများကလည်း အချိန်သတ်မှတ်ချက်နဲ့ပတ်သက်ပြီး သူတို့ရဲ့ ပူပန် မှုကို ထုတ်ပြောကြတယ်လေ။ ဗဟိုဘဏ်ကလည်း ဒီအကြောင်းကို သတိထားမိမှာပါ။

လျှပ်စစ်စွမ်းအင် လိုအပ်မှုနဲ့ အခြေခံအဆောက်အအုံကဏ္ဍတွေကို မြှင့်တင်ဖို့ ရှင့်အနေနဲ့ ရုန်းကန်ကြိုးစားနေရတယ်။ ဒါဆိုရင် စွမ်းအင်ရင်းမြစ်ပုံစံနဲ့ ပတ်သက်ရင်ကော။ ကျောက်မီးသွေး ပိုသုံးတာမျိုးဖြစ်လာဖို့ မျှော်လင့်ထားသလား။ ပြီးတော့ ရေအားလျှပ်စစ်ရဲ့ အခန်းကဏ္ဍကကော။

ကျောက်မီးသွေးနဲ့ပတ်သက်ရင်တော့ အငြင်းပွားစရာတွေ အရမ်းများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေ ပြောသလိုပေါ့။ ကျောက်မီးသွေးက လုံးဝသန့်စင်တဲ့ စွမ်းအင်မျိုး ထုတ်လို့မရဘူး။ ညစ်ညမ်းမှုပိုနည်းတဲ့ အမျိုးအစားတော့ ရှိတယ်။ ဟုတ်တယ်။ ကျွန်မတို့နိုင်ငံဟာ ဂျပန်မဟုတ်ဘူး။ ညစ်ညမ်းမှုနည်းတဲ့ ကျောက်မီးသွေးကို ဈေးပေါပေါနဲ့ သုံးစွဲနိုင်လောက်တဲ့ အခြေခံအဆောက်အအုံမျိုး ကျွန်မတို့ဆီမှာ မရှိဘူး။ ဒါပေမဲ့ ရေရှည် အကျိုးဆက်တွေကိုလည်း ကျွန်မတို့ ပြန်စဉ်းစားရမယ်။ ရေရှည်အနေနဲ့ ကျွန်မတို့ ကျောက်မီးသွေးဘယ်လောက် ထုတ်လုပ်နိုင်မှာ လဲ။ တင်သွင်းမှု ရပ်လို့ရတဲ့ အခြေအနေထိလား။ ပြီးတော့ စီးပွားရေးအလားအလာက ဘာတွေရှိလာနိုင်မလဲ။ ရှုထောင့်ပေါင်းစုံကနေ ကျွန်မတို့ ကြည့်ဖို့လိုတယ်။ ရေအားလျှပ်စစ်နဲ့ပတ်သက်ပြီး ပြောရရင်တော့ အသေးစား ရေအားလျှပ်စစ် လုပ်ငန်းလေးတွေအကြောင်း တွေးကြည့်လို့ရတယ်။ ရေအားလျှပ်စစ်ထုတ်လုပ်မှု ပုံစံတချို့ ဖြန့်ကြက်စဉ်းစားခြင်းဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစံနှုန်းက စောင့်ကြည့်နေတဲ့ သူတွေအတွက်လည်း လက်ခံနိုင်စရာ ဖြစ်မှာပါ။ ဂျပန်က လုပ်ငန်းတချို့ဆိုရင်လည်း အငြင်းပွားစရာဖြစ်နိုင်တဲ့ ကြီးကြီးမားမား ပရောဂျက် ကြီးတွေအစား၊ အသေးစားနဲ့ အလတ်စား ရေအားလျှပ်စစ်ထုတ်လုပ်ရေးကို စိတ်ဝင်စားနေကြတယ် ထင်ပါတယ်။

မြန်မာနိုင်ငံမှာ ဓာတ်ငွေ့တွေ ပေါပေါများများ ထွက်ရှိနေတယ်။ ဒါပေမဲ့ အများစုကို ထိုင်းနိုင်ငံဆီရောင်းချနေတယ်။ ဒီသဘောတူညီမှုကို ပြန်ညှိနှိုင်းဖို့ ဖြစ်နိုင်ခြေမျိုး ရှိပါသလား။

တချို့သော သဘောတူညီမှု တွေက ကျွန်မတို့ အစိုးရတာဝန် မယူခင်က ကိစ္စတွေပါ။ ဒီတော့ အခြေအနေကြည့်ရမယ်။ ကျွန်မတို့ရဲ့ လိုအပ်ချက်ကို ဆန်းစစ်ရမယ်။ ကုန်သွယ်ရေး လက်တွဲဖော် တွေနဲ့ ညှိနှိုင်းပြီးသား သဘော တူညီမှုတွေကိုလည်း လေးစားဖို့ လိုတယ်။ နောက်တစ်ခုက ကျွန်မတို့ဟာ စီးပွားရေးအရ လက်တွဲအလုပ်လုပ်ဖို့ မယုံကြည်ထိုက်ဘူး ဆိုတဲ့ နိုင်ငံမျိုးအဖြစ် အမြင်မခံ ချင်ပါဘူး။ ကျွန်မတို့အနေနဲ့ ဖြစ် နိုင်သမျှ ရင်းမြစ်တွေ အများဆုံး အသုံးချသွားလိုပါတယ်။ ဒါက ရှေ့ဆက်ဖို့ လက်တွေ့အကျဆုံး လမ်းကြောင်းလည်း ဖြစ်လိမ့်မယ်။ ဟုတ်တယ်။ ကျွန်မတို့မှာ ရေအရင်းအ မြစ်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ သိတဲ့အတိုင်းပဲလေ။ တစ်ဖက်မှာလည်း ဒီကိစ္စက သဘာဝပတ်ဝန်း ကျင်နဲ့ နိုင်ငံရေးကို လာဆက်စပ်တာတွေ ရှိနေပါတယ်။

စီးပွားရေးနဲ့ပတ်သက်ပြီး ရှင့်ရဲ့ လုပ်ဆောင်မှုတွေအပေါ် ဘယ်လို ရှုမြင်ပါသလဲ။

တချို့က အရမ်းမြန်တာပဲလို့ ပြောလိမ့်မယ်။ တချို့ကတော့ သိပ်နှေးတယ်လို့ ပြောမှာပါ။ တကယ်က အရှိန်မှန်မှန်လေး သွားနေပုံပါပဲ။

(ဇွဲရဲဝင့် ဘာသာပြန်သည်။)

7Day News

No comments:

Post a Comment