Latest News

Wednesday, October 4, 2017

ရဲမှူးချုပ်သူရစန်းလွင်နှင့် တွေ့ဆုံခြင်း

ရဲမှူးချုပ်သူရစန်းလွင်နှင့် တွေ့ဆုံခြင်း


‘‘ပွင့်လင်းမြင်သာစွာနဲ့ပဲ ဒီဒေသကို နိုင်ငံတကာမီဒီယာတွေ လာမယ်ဆိုရင်လည်း လွတ်လပ်စွာ လာရောက်ပြီးတော့ ကိုယ်တိုင် သူတို့တွေ့သွားမယ်ဆိုရင် ကောလာဟလတွေဟာ ပျောက်ပျက်သွားမှာပဲ’’

အမှတ် (၁) နယ်ခြားစောင့်ရဲ တပ်ဖွဲ့ကွပ်ကဲရေးမှူးအဖြစ် တစ်နှစ်ခန့် တာဝန်ထမ်းဆောင်ပြီးနောက် ရဲမှူးချုပ်သူရစန်းလွင်သည် နေပြည်တော်တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်တော့မည်ဖြစ်သည်။ အကာလ်မူလ်မူဂျာဟီဒင်န်အကြမ်းဖက်အဖွဲ့က မောင်တောဒေသကို ၂၀၁၆ အောက်တိုဘာ ၉ ရက်က၀င်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ယင်းအချိန် အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ကွပ်ကဲ ရေးမှူးနေရာတွင် ရဲမှူးချုပ်သူရစန်းလွင်အား  ပြည်ထဲရေးဝန်ကြီးက တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ အစိုးရလတ်တလောရင်ဆိုင်နေရသော အကျပ်အတည်းများအနက် ဖြေရှင်းရအခက်ဆုံးဖြစ်နေသော ရခိုင်ဒေသအရေးသည် အဓိကပြဿနာဖြစ်သော နယ်စပ်ဒေသလုံခြုံရေးအတွက် ဆောင်ရွက်သင့်သည့်အချက်များနှင့် ဒေသတွင်းဘင်္ဂါလီအရေးကို 7Day News ဂျာနယ်က ရဲမှူးချုပ် သူရစန်းလွင်နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

နေပြည်တော်ကို ပြောင်းရမယ်လို့ သိရပါတယ်။ ဟုတ်ပါသလား။

တရားဝင်တော့ မလာသေးဘူး။ ဒါပေမဲ့ နှုတ်နဲ့တော့ ကြားရတယ်။ ဒါကတော့ သူ့ရဲ့ရာထူးခန့်ထားမှု အစဉ်အတိုင်းပဲ။ ဒီမှာ လစ်လပ်တဲ့ တစ်နေရာခန့်ထားပြီးတော့ ပြန်လည်တာဝန်လဲလှယ် ပေးတာပဲဖြစ်ပါတယ်။ နေပြည်တော်မှာပါပဲ။ လုပ်ငန်းတာဝန်ထမ်းဆောင်တဲ့နေရာမှာ သူ့ရဲ့သတ်မှတ်တဲ့ ရည်မှန်းချက်တာဝန်အတိုင်းပဲ ဆက်လက်ထမ်းဆောင်သွားမှာပါ။

ရဲမှူးချုပ်နေရာကို ဘယ်သူရောက် မယ်ဆိုတာ သိထားပါသလဲ။

အကြမ်းဖျင်းတော့ ရဲမှူးချုပ် မြင့်တိုးပေါ့။ မန္တလေးကနေ ဒီကို ရောက်မယ်။ မန္တလေးနေရာကိုလည်း စီနီယာကျတဲ့တစ်ယောက် ပရိုမိုးရှင်းနဲ့ တာဝန်ကျမယ်လို့လည်း သိထားပါတယ်။ ရန်ကုန်က ကွပ်ကဲရေးမှူးက စစ်တွေကို ရောက်ပြီးတော့ နေပြည်တော်က ကွပ်ကဲရေးမှူးက ရန်ကုန်ကို ရောက်မယ်။

နေပြည်တော်မှာ တာဝန်ကျတဲ့အ ခါ ဆောင်ရွက်ရမယ့်အပိုင်းကို ရှင်းပြပေးပါဦး။

ဒါကတော့ လုံခြုံရေးအရ နိုင်ငံတော်အဆင့်ပေါ့။ နိုင်ငံတော် ခေါင်းဆောင်တွေကိုပေါ့။ ပြည်ပက ဧည့်သည်တွေ လုံခြုံရေး၊ သမ္မတ အိမ်တော်လုံခြုံရေး၊ နောက်ပြီးတော့ အရေးကြီးပုဂ္ဂိုလ် လုံခြုံရေးပေါ့။ နောက် နိုင်ငံတော် အခမ်းအနားကြီးတွေ လုံခြုံရေးပေါ့။

ရခိုင်ဒေသမှာ တစ်နှစ်ကြာတာဝန် ယူခဲ့တော့ ဘယ်လိုအခက်အခဲတွေ အဓိက ကြုံခဲ့ရလဲ။

အဓိကကတော့ ဘင်္ဂါလီ လူဦးရေကများတယ်။ ရွာတွေမှာ လူဦးရေထူထပ်တယ်။ ဥပဒေနဲ့အညီ ကိုယ်တို့ ဆောင်ရွက်တဲ့အခါ တချို့က အကြောက်တရားနဲ့ သူတို့ချင်း ခြိမ်းခြောက်ထားတဲ့အတွက် လူသတ်တယ်ဆိုရင် ဘယ်သူသတ်တယ်ဆိုတာ သိသိကြီးနဲ့ သူတို့ထုတ်ဖော်ပြောကြားတာမရှိဘူး။ အကြမ်းဖက်တွေ စည်းရုံးနေတယ်၊ သင်တန်းတွေ၊ လျှို့ဝှက်သင်တန်းတွေပေးနေတယ်ဆိုတာ သတင်းရတယ်။ ဖော်ထုတ်တော့ လည်း သူတို့အကြောက်တရားနဲ့ ခြိမ်းခြောက်ထားတော့ သူတို့ဆီက သတင်းမရဘူးပေါ့။ အဲဒီတော့ သူတို့အချင်းချင်းသတ်ဖြတ်တာတွေလည်း ကိုယ်တို့မှာ တောက်လျှောက်ဖော်ထုတ်အရေးယူရ တယ်။ အကြမ်းဖက်သမားတွေကို လည်း ကိုယ်တို့ ဖော်ထုတ်စစ်ကြောပြီး အရေးယူရတယ်။ တချို့ကျတော့လည်း သိသော်လည်းပဲ ထိမ်ချန်ထားတဲ့အတွက် လုပ်ရကိုင်ရတာ တော်တော်လေးခက်ခဲတယ်။ အခုအချိန်မှာတော့ အကြမ်းဖက်ကို သူတို့လက်မခံတော့ ဘူးဆိုတာမျိုး ရပ်မိရပ်ဖတွေ အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ကိုယ်တို့ကို အကြောင်းကြားလာတယ်။ အဲဒီတော့ ရွာတွေမှာ ဘယ်သူက အကြမ်းဖက်မှာ ပါဝင်ဆောင်ရွက်ခဲ့တယ်၊ ဘယ်သူက လူသတ်တဲ့အ ထဲမှာ ပါဝင်ဆောင်ရွက်ခဲ့တယ်ဆိုတာက အခုအချိန်မှာ အကုန်ဖော်ထုတ်ရတဲ့အတွက် ကိုယ်တို့ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သလို တချို့ကလည်း အရေးယူ ဆောင်ရွက်မှာကြောက်လို့ တစ်ဖက်နိုင်ငံကို ထွက်ပြေးတိမ်း ရှောင်တာတွေလည်းရှိတယ်။ ထိုနည်းတူစွာပဲ ရွာတွေကလည်း တ ဖြည်းဖြည်းနဲ့ သူတို့ရွာတိုင်း ရွာတိုင်း အကြမ်းဖက်မှာ ပါဝင်ပတ်သက်နေကြတော့ သူတို့ အရေးယူခံရမှာ ကြောက်တာရော၊ ပြီးတော့ တစ်ဖက်နိုင်ငံကနေ လှမ်းပြီးခေါ်တဲ့အတွက် ဘူးသီးတောင်ဘက်မှာဆိုလို့ရှိရင် ရွာလုံးကျွတ်သူတို့တွေ နေရပ်စွန့်ခွာတာတွေလည်း ဖြစ်နေတယ်။ ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်းမှာ တာဝန်ထမ်းဆောင်ရတာ တော်တော်လေး လည်း ကန့်သတ်ချက်ရှိတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်ရတဲ့အခါကျတော့ ကျန်တဲ့ UN အဖွဲ့အ စည်း၊ INGO အဖွဲ့အစည်းတွေကလည်း  တောက်လျှောက်ကို သူတို့ဘက်ကနေ ထောက်ခံဆောင်ရွက် ပေးနေတဲ့အတွက် လုပ်ရကိုင်ရတာတွေလည်း ခက်ခဲတယ်။ အခုအချိန်မှာတော့ အကြမ်းဖက်တဲ့ သူတွေကိုယ်၌က ကြောက်ရွံ့မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြည့်ပြီး။ ပြီးတော့ ဒီမှာကျန်တဲ့သူတွေကလည်း လက်မခံတော့တဲ့အတွက် အကြမ်းဖက်တာ ဘယ်သူတွေလုပ်ခဲ့ပါတယ်။ လူသတ်မှုမှာ ဘယ်သူတွေပါဝင်ပါတယ်ဆိုတာကို သူတို့ကိုယ်၌က ဖော်ထုတ်ပေးလာတဲ့အတွက် အခုအချိန်မှာ လုပ်ရကိုင်ရတာ တော်တော်ကြီး ချောမွေ့သွားတာပေါ့လေ။

ဒီလို ကန့်သတ်မှုတွေရှိတဲ့ကြားက တာဝန်ယူခဲ့ရတယ်ဆိုတဲ့အပေါ်မှာ ကျေနပ်မှုရှိပါသလား။

ကျေနပ်သလားဆိုရင် ပွင့်ပွင့်လင်းလင်းပြောရရင် တာဝန်ကျေတယ်။ ကိုယ့်ကိုယ်ကိုယ် ကျေနပ်တယ်။ ဘာကြောင့်လဲဆိုရင် ၁၉၄၂ ကတည်းက မဟာမိတ်တွေ စွန့်ခွာတဲ့အခါမှာ ဂေါ်ရခါးတွေက သူတို့ရဲ့လက်နက်တွေကို ဘင်္ဂါလီတွေကို ပေးခဲ့တယ်။ ဘင်္ဂါလီတွေကို ပေးခဲ့တဲ့ လက်နက်တွေနဲ့တိုင်းရင်းသားတွေကို အနိုင့်အထက်လုပ်ခဲ့တဲ့အတွက် တိုင်းရင်းသားတွေ နေရပ်စွန့်ခွာတာတွေ အဲဒီအချိန်ကတည်းက စတင် ဖြစ်ပွားခဲ့တယ်။ ပြီးတော့ ၁၉၈၈ မေလ ၁၃ ရက်ကလည်း သူတို့ရဲ့ အောင်ပွဲနေ့ဆိုပြီးတော့ အဲဒီနေ့မှာလည်း တိုင်းရင်းသားတွေ ထွက်ပြေးတာတွေ နေရပ်စွန့်ခွာတာတွေ ရှိခဲ့တယ်။ နောက်ပြီးတော့ ၂၀၁၂ ကျောက်နီမော်ဖြစ်စဉ်ဖြစ်တဲ့အချိန်မှာ တောင်ကုတ်မှာဖြစ်ပွားတယ်။ တောင်ကုတ်ဖြစ်ပွားတဲ့အ ပေါ်မှာ ဂယက်ရိုက်ပြီးတော့ ဒီဘက်ဒေသက ဘင်္ဂါလီအများစုဖြစ်တဲ့အတွက် သောကြာနေ့ ဗလီဆင်းလာတဲ့အခါမှာ သူတို့ ဒီလူဦးရေ ထူထပ်တဲ့လူတွေက တိုင်းရင်းသားရွာတွေ မီးရှို့တာတွေ၊ သတ်ဖြတ်တာတွေ ဖြစ်ပေါ်တယ်။ အလားတူပဲ ၂၀၁၄ မှာလည်း တပ်ကြပ်ကြီး အောင်ကျော်သိန်း ကိုယ်တို့ရဲတပ်ဖွဲ့က လှည့်ကင်းလှည့်နေတဲ့အခါမှာ သူတို့တွေ လူအုပ်နဲ့ဝိုင်း ပြီးတော့မှ ဖျောက်ဖျက်ခဲ့တယ်။ ပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၆ အောက် တိုဘာ ၉ ရက်မှာလည်း ကိုယ်တို့ စခန်းတွေသုံးခုကို အကြမ်းဖက်တိုက်ခိုက်ပြီးတော့ နောက်ပိုင်းမှာ ပိုပြီးတော့မှ ရွာတွေမှာစည်းရုံးတယ်။ လျှို့ဝှက်ပြီးတော့ သင်တန်း တွေပေးတယ်။ ပြီးတော့မှ သူတို့ အချင်းချင်းသတ်ဖြတ်ပြီး အကြောက်တရားနဲ့ ဆောင်ရွက်လာတယ်။ ဒါတွေအားလုံးက သြဂုတ် ၂၅ ရက်နေ့ဖြစ်စဉ် ဖြစ်ပွားပြီးတဲ့အခါမှာ ပြန်ပြီးတော့မှ သူတို့တွေ ကို သုညကနေစပြီးတော့ အုပ်ချုပ်ရေးလမ်းကြောင်းပေါ် ပြန်တင်နိုင်တယ်။ ဒီအချိန်မှာ အ ကြမ်းဖက်မယ့်လူတွေအားလုံးကို လက်မခံဘူးဆိုတာမျိုးအထိ ဒီဘင်္ဂါလီတွေကိုယ်၌က လက်မှတ်ရေးထိုးပြီးတော့မှ၊ အကြမ်းဖက်တဲ့ လူတွေကို ဖမ်းပြီးတော့မှ ပြန်လည်အပ်နှံတာမျိုးတွေဖြစ်လာတယ်။ အကောင်းဆုံးအနေအထားတစ်ခုကို ရောက်ရှိသွားတယ်။ ဒါကြောင့်မို့ ဒီတာဝန်ထမ်းဆောင်တဲ့ တစ်နှစ်တာအနေအထားမှာ ကိုယ့်အနေနဲ့တာဝန်ကျေပွန်သလို ဒီအခြေအနေအထိ ရောက်အောင် ကိုယ့်တပ်ဖွဲ့ဝင်တွေနဲ့ ဆောင်ရွက်ခွင့်ရတဲ့အတွက် ကိုယ့်အနေနဲ့ ကျေနပ်ဝမ်းမြောက်ပီတိဖြစ်တယ်။

ရခိုင်ဒေသ အခြေအနေတွေနဲ့ပတ် သက်ပြီး အကြံပြုလိုတာရှိရင် ပြောကြားပေးပါဦး။

လူကြီးတွေကိုလည်း တင်ပြထားတယ်။ ပြန်လည်ပြီးတော့ လက်ခံမယ်ဆိုရင် ပုံစံတွေသူတို့ကိုပေးမယ်။ ပုံစံတွေ ဖြည့်ပြီးတော့မှ ပြန်လည်ဝင်ရောက်ချင်တဲ့လူတွေ စိစစ်မယ်။ အကြမ်းဖက်မှာ ပါဝင်ပတ်သက်တဲ့လူတွေ၊ လူသတ်မှုမှာ ပါဝင်ပတ်သက်တဲ့ လူတွေ၊ ဥပဒေချိုးဖောက်တဲ့လူတွေကို ပြန်လည်အရေးယူမယ်။ သူတို့ကို ပြန်လည်လက်ခံမယ်ဆိုရင်လည်း သူတို့ကို ပြန်လည်နေရာချထားတဲ့နေရာမှာ ပင်လယ်ကမ်းခြေလိုနေရာမျိုး၊ ကိုယ့်တိုင်းရင်းသားရွာတွေနဲ့ ကြားတွေထဲမှာ ဒီလိုမျိုး သူတို့ကို ပြန်လည်ချထားခြင်းမလုပ်ဘဲသူတို့ကို သီးခြားတောင်ခြေနဲ့နီးတဲ့ မြေပြန့်နေရာ၊ အဲဒီလိုနေရာတွေမှာ သူတို့ကို ပြန်လည်ချထားသင့်ပါတယ်။ ပြန်လည်နေရာချ ထားမယ်ဆိုရင်လည်း သူတို့တွေ လိုက်နာရမယ့် စည်းကမ်းပေါ့။ မြန်မာပြည်ထဲမှာနေမယ်ဆိုရင် ကိုယ်နိုင်ငံက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ဥပဒေတွေနဲ့အညီ နေထိုင်ဖို့ ဒါလေးတွေကို စည်းကမ်းသတ်မှတ်ပေးပြီးတော့မှ ဆောင်ရွက်ရမယ်ဆိုတာလေးတွေကို အကြံပြုထားတာရှိပါတယ်။ နောက်တစ်ကြိမ် အကြမ်းဖက်မှု ပြန်လည်စည်းရုံးမှု လျှို့ဝှက်သင်တန်းပေးမှုမဖြစ်အောင် အုပ်ချုပ်ရေးပိုင်းက သူတို့ ကို စနစ်တကျစီမံခန့်ခွဲပြီးတော့မှ သူတို့ရဲ့အုပ်ချုပ်မှုပြီးတော့ လိုက်နာရမယ့် စည်းကမ်း၊ ဒီလိုမျိုးတွေ နဲ့ ပြန်ပြီးတော့ စနစ်တကျနေရာချထားမယ်ဆိုရင် ဒီဒေသသည် တည်ငြိမ်းအေးချမ်းလာတာနဲ့အမျှ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်သွားမှာ။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်အဖွဲ့နဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့ရတဲ့ အခြေအနေများကိုလည်း ရှင်းပြပေးပါ။

ကိုယ်ရောက်ပြီးတော့မှ ကိုယ့်ကိုတစ်ဖက်ကနေ နှစ်နိုင်ငံ နယ်ခြားစောင့်ကွန်မန်ဒါချင်း ရင်း နှီးမှုရအောင် ဖိတ်ခေါ်တဲ့အတွက် ကိုယ်ကိုယ်တိုင် စစ်တကောင်းမှာ သွားရောက်ပြီးတော့ တွေ့ဆုံတယ်။ အဲဒီကစပြီးတော့ ပုဂ္ဂိုလ်ရေး ခင်မင်ရင်းနှီးမှုကနေ နယ်စပ်ဒေသမှာ တာဝန်ထမ်းဆောင်တဲ့ နယ်ခြားစောင့်တပ်ဖွဲ့ချင်းအပြန်အလှန်အကြောင်းကြားစာ ပေးပို့နိုင်တယ်။ နောက်ပြီးတော့ နယ်စပ်ခြံစည်းရိုးလိုင်းမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တွေ့ဆုံပြီးတော့ ကင်းလှည့်နိုင်တယ်။ နောက်ပြီး နတ်မြစ်ထဲမှာလည်း နှစ်နိုင်ငံရေကြောင်းကင်းလှည့်နိုင်တယ်။ နောက်ပြီးတော့ ကိုယ်တို့ ဟိုဘက်ဒီဘက် အပြန်အလှန် ညှိနှိုင်းဆောင်ရွက်နိုင်တယ်။ ဒါတွေက နယ်စပ်ဒေသတွေမှာ ကောင်းတဲ့ အစဉ်အလာတွေပဲဖြစ်ပါတယ်။

ရခိုင်ဒေသအခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ပြောကြား မှုတွေအပေါ် ဘယ်လိုတုံ့ပြန်လိုပါသလဲ။

ဒါတွေက ကိုယ်တို့က ပွင့်လင်းမြင်သာစွာနဲ့ပဲ ဒီဒေသကို နိုင်ငံတကာမီဒီယာတွေလာမယ်ဆိုရင်လည်း လွတ်လပ်စွာ လာရောက်ပြီးတော့ ကိုယ်တိုင် သူတို့တွေ့သွားမယ်ဆိုရင် ကောလာဟလတွေဟာ ပျောက်ပျက်သွားမှာပဲ။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ဖြစ်စဉ်ဖြစ်ပွားတဲ့အခါမှာလည်း မီဒီယာတွေမှာ မမှန်တဲ့သတင်းတွေ လွှင့်တာတွေလည်း တဖြည်းဖြည်းနဲ့ မှားယွင်းတယ်ဆိုတာတွေ ထုတ်ပြန်လာတာတွေ တွေ့ရသလို အခုလည်း သြဂုတ် ၂၅ ရက်ဖြစ်စဉ်မှာလည်း မမှန်သတင်းတွေနဲ့ ပတ်သက်ပြီး ပြန်လည်တောင်းပန်တာတွေလည်းတွေ့ရတယ်။ ဒါကြောင့်မို့လို့ ကိုယ်တို့ ဒီဒေသအပေါ်မှာ ပွင့်လင်းမြင်သာစွာနဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေ သံတမန်အဖွဲ့တွေကို အခုလိုဖြစ်လာပြီဆိုရင် မှန်မှန်ကန်ကန်သိရှိအောင်လို့ သူတို့လာရောက်တယ်၊ တွေ့ဆုံတယ်။ မှန်ကန်တဲ့ သတင်းထုတ်ပြန်မယ်။ ဒီလိုမျိုးဆိုရင် အမှန်တရားဆိုတာ ပေါ်ပေါက်လာမှာပဲလေ။

ရခိုင်ဖြစ်စဉ်အပေါ်မှာ အခြေခံပြီး နိုင်ငံရေးအရ လှုံ့ဆော်တဲ့ လုပ် ဆောင်ချက်တွေရှိနေတာနဲ့ ပတ် သက်ပြီး ဘာများပြောလိုပါသလဲ။

ကိုယ်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုတာကတော့ ဥပဒေနဲ့အညီ ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ကိုယ်တို့ကတည်ငြိမ်အေးချမ်းမှုကို လိုလားတာပေါ့။ တည်ငြိမ်အေးချမ်းမှလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှာကိုး။ ဒီအပေါ်မှာ အခြေခံပြီးတော့မှ လူမျိုးရေးအဓိကရုဏ်းဖြစ်တာတွေ၊ ဘာသာရေး အဓိကရုဏ်းဖြစ်တာတွေ မဖြစ်အောင်လို့ ကိုယ်တို့က အမြဲတမ်းသတိထားပြီး ဆောင်ရွက်နေရတယ်။ ဒါကြောင့်မို့ ဖြစ်စဉ်ဖြစ်တယ်ဆိုတာနဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရတို့ ထိုနည်းတူစွာပဲ ပြည်ထောင်စုအဆင့်ကနေပြီးတော့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းပြဿနာမဖြစ်အောင် ထိန်းသိမ်းပြီး ဆောင်ရွက်ကြရတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တည်ငြိမ်အေးချမ်းမှ တိုင်းပြည်တိုးတက်မှာဖြစ်တဲ့အတွက် ကိုယ်တို့ကတော့ တည်ငြိမ်မှုနဲ့ တရားဥပဒေစိုးမိုးရေးကို အဓိကလိုလားတာဖြစ်ပါတယ်။ တချို့ဟာတွေကျတော့လည်း ကိုယ်ဖြစ်စေချင်တာကို တချို့က တစ်စုတစ်ဖွဲ့ ဆောင်ရွက်တာဖြစ်တဲ့အ တွက် နိုင်ငံတော်အဆင့်ကျတော့ တာဝန်ယူရတဲ့အဖွဲ့တွေ အထူးသဖြင့် အစိုးရအဖွဲ့ကျတော့ နိုင်ငံတကာနဲ့လည်း ဆက်ဆံနေရတယ်။ ပြီးတော့ ကိုယ့်ပြည်တွင်းမှာ တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ရတာဖြစ်တဲ့အတွက် သူတို့အနေနဲ့ မှန်ကန်တဲ့ မူဝါဒတွေချမှတ်ပြီးတော့မှ နေ့စဉ် သတင်းထုတ်ပြန်ပေးနေသလို သတိပေးနေတာလည်း ဆောင်ရွက်နေတယ်။ ဒီအပေါ်မှာလည်း ပြည်သူလူထုကနေပြီးတော့ တညီတညွတ်တည်း ဆောင်ရွက်မယ်ဆိုရင် ကိုယ်တို့နိုင်ငံကို နိုင်ငံတကာကလည်း အဖြစ်မှန်သိသွားမှာ ဖြစ်သလို၊ မလိုလားအပ်တဲ့ အကြမ်းဖက်မှုတွေ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်ပေါ်နိုင်ဘူးပေါ့။ အဲဒီတော့ လူတစ်ဦးချင်း၊ လူတစ်စုတစ်ဖွဲ့ရဲ့ ဆန္ဒထက် နိုင်ငံတော်ကနေ ဒီဒေသကနေ ဖြစ်ပွားမှုကို အမြန်ဆုံးတည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်တဲ့နေရာမှာကျန်တဲ့ ပြည်သူလူထုကပါ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မြန် မြန်တည်ငြိမ်အေးချမ်းမှာပေါ့။ တည်ငြိမ်အေးချမ်းမှလည်း ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်ကို ရောက်ရှိမှာကိုး။

ဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောပေးပါ။

မရှိပါဘူး။ ကိုယ်တို့လို တာဝန်ပေးခံရတဲ့ သူတွေအားလုံးတော့ ပေးအပ်တဲ့ တာဝန်အပေါ်မှာ စိတ်ကောင်းစေတနာကောင်းနဲ့ ကိုယ်ရောက်တဲ့နေရာမှာ ကိုယ်ဘာအလုပ်အကျွေးပြုနိုင်မလဲ၊ ကိုယ်ရောက်တဲ့ဒေသမှာ ဘာအကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်မလဲ။ ဒီလိုနည်းနဲ့ပဲ အားလုံးက ထမ်းဆောင်ကြတာဖြစ်ပါတယ်။ ကိုယ့်အနေနဲ့တော့ ဒီလိုထမ်းဆောင်ခွင့်ကြုံတယ်။ ဒီဒေသအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်တဲ့အတွက်လည်း ကျေနပ်ဝမ်းသာပါတယ်။ အဲဒီအတွက်လည်း ကိုယ်နဲ့လုပ်ဖော်ကိုင်ဖက်တပ်ဖွဲ့ဝင်တွေရော၊ မိတ်ဖက်အဖွဲ့အားလုံးရော ကျေးဇူးတင်ရှိပါတယ်။

7Day News

No comments:

Post a Comment