Latest News

Thursday, October 5, 2017

ကိုဆွေဝင်း(Myanmar now)


ကိုဆွေဝင်း(Myanmar now)
မနေ့က စနေနေ့မှာ ကျရောက်တဲ့ ရဲတပ်ဖွဲ.နေ့မှာ ရဲချုပ်က ဂုဏ်ပြုဆုပေးမယ်ဆိုလို့ ကျနော် နေပြည်တော်ရောက်ခဲ့ပါတယ်။ အမှန်ကတော့ ဒီဆုကိုမယူချင်ပါ။ အကြောင်းက အာဏာပိုင် အဖွဲ.စည်း၊ အထူးသဖြင့် ဖွဲ.စည်းပုံအခြေခံ ဥပဒေအရ အရပ်ဖက်အစိုးရ အောက်မှာမရှိတဲ့ အာဏာအမာကိုင်ထားတဲ့ အဖွဲ.စည်းတွေဆီက ဘာကိုမှမလိုချင်ပါ။ သတင်းသမားဘ၀အနေနဲ့ ရှေ.လျှောက်အလုပ်လုပ်တဲ့အခါ အားနာလို့၊ ခင်မင်လို့ဆိုတာမျိုးနဲ. မသိစိတ်ကနေ အဂတိ တစ်ခုခုဖြစ်မှာစိုးရိမ်လို့ပါ။
သို့ပေမယ့် ခုခေတ်ခုခါ သူ့စည်းကိုယ့်စည်း မကျော်ဘဲ အားလုံးဝိုင်းဝန်းလုပ်ဆောင်ရမယ့် အချိန်ရောက်နေပြီဆိုတာတစ်ကြောင်း၊ ထို့ထက် ပိုပြီး အစိုးရဌာနတွေအာဏာပိုင်အဖွဲ.အစည်းတွေ နဲ. သတင်းစာလောကကြား ဆက်လက်ရှိနေတဲ့ သင်္ကာမကင်းဖြစ်မှု၊ မထီလေးစားမှု၊ နားလည်မှု လွဲချော်ကြမှု စတဲ့အခြေအနေတွေကိတစ်နည်း တစ်ဖုံဖြေရှင်းဖို့ လမ်းစထွင်တဲ့သဘောနဲ့ ဒီဆုကို တက်ယူခဲ့ပါတယ်။
နောက်ပြီး လူ့အဖွဲ.အစည်းတစ်ခုမှာ အဖွဲ.အားဖြင့် ဖြစ်စေ၊ တစ်ဦးချင်းအနေဖြင့်ဖြစ်စေ ရိုးသားမှု၊ လေးစားမှု အပေါ်အခြေပြုတဲ့ သဟာဇာတရှိခြင်း တရားတိုးပွားစေရန်အလို့ငှာ ဒီဆုကိုတက်ယူခဲ့ပါ တယ်။ ဒီဆုကိုပေးတဲ့ ရဲချုပ်ဦးဇော်ဝင်းကလည်း ဒီလိုသဘောထားတွေရှိကြောင်း သူ့ရဲ.မိန့်ခွန်းမှာ လည်း ပြောဆိုခဲ့ပါတယ်။
ဆုတက်ရောက်ယူတဲ့အတွက်စားစရိတ်ဖိုးငွေကျပ် ၂၀၀၀၀ ပေးတာကိုတော့ ငြင်းဆန်ခဲ့ပါတယ်။ ဆုပေးတဲ့အခါ ရဲချုပ်ဂုဏ်ပြုလွှာမှတ်တမ်းနဲ့အတူ ဖုံးတစ်လုံးကိုပါ ပါကင်ပိတ်ပေးပါတယ်။ ဆုရတဲ့ အရပ်သား ၆ ဦးလုံးကိုပေးတာပါ။ ဒီဖုံးကြီးကိုအတင်းပြန်ပေးရင်လည်းရိုင်းတယ်လို့ ထင်မှာစိုးလို့ယူလာခဲ့ရပါတယ်။ ဒီဖုံးကို မစန်းကေ ခိုင် ကိုပဲသွားပေးလိုက်ပါ့မယ်။ သတင်းသမားတွေ အနေနဲ့ မည်သည့် ပစ္စည်းဥစ္စာကိုမှ အာဏာပိုင် အဖွဲ.အစည်းတွေထံက လက်မခံသင့်ဘူးလို့ ယုံကြည်လို့ပါ။
ဆုမပေးခင် စစ်တပ်ပိုင် မြ၀တီက ထုံးစံအတိုင်း အစ်ကိုဘယ်လောက်ဝမ်းမြောက်ဝမ်းသားဖြစ်လဲလို့ လာဗျူးပါတယ်။ ဆုပေးပွဲမှာ စကားပြောခွင့် မရဘူးဆိုတာသိလို့ အင်တာဗျူးကိုလက်ခံပြီး ရဲအရာရှိကြီးများရှေ.မှာ မြ၀တီကို ဒီလိုပြောဆို ခဲ့ပါတယ်။
၁။ ခုလိုဆုပေးပြီး ဂုဏ်ပြုတာကျေးဇူးတင်ပါ တယ်။ ဒါပေမယ့် ပိုအရေးကြီးတာက ရာဇ၀တ်မှု တွေကိုကိုင်တွယ်ရာမှာ မည့်သည့်အဖွဲ.အစည်း၊ လူ့ပုဂ္ဂိုလ်နှင့်ပတ်သက်ပါစေ ဥပဒေပါအတိုင်း တိတိကျကျလုပ်ဆောင်ဖို့ပိုအရေးကြီးပါတယ်။ ရဲအရေးပိုင်တဲ့ကိစ္စတွေကို မည့်သူ့မျက်နှာမှ မထောက်ရှုပဲ ရဲရဲတင်းတင်း၊ ပြတ်ပြတ်သားသား လုပ်ဆောင်ခွင့်ကို ရဲတပ်ဖွဲ.၀င်တွေကိုပေးအပ်ပါ။
၂။ ရဲတပ်ဖွဲ.၀င်တွေကို ခုထက်ပိုပြီး ငွေကြေးနဲ. ပစ္စည်းထောက်ပံ့မှုတွေပိုပေးပါ။ ပိုပြီးအရေးကြီး တဲ့အချက်က ရာထူးကြီးတဲ့သူက နိမ့်တဲ့သူကို အနိုင်ကျင့်တဲ့ကိစ္စတွေမထောက်မထား၊ ကိုယ်ချင်း စာတရားကင်းမဲ့တဲ့ ကိစ္စတွေကိုရပ်တန်းက ရပ်ကြ ပါ။ လူကြီးလာမယ်ဆိုပြီး လိုအပ်တဲ့အင်အားက ၅ ယောက်၊ တကယ်သုံးတာက ၅၀ ဆိုတာမျိုး အင်အားဖြုန်းတဲ့ကိစ္စတွေ၊ ကိုယ်ချင်းစာတရား မထားဘဲ လာမှာက ညနေ ၁ နာရီ၊ အောက်ခြေ ရဲတပ်ဖွဲ.ကို အိပ်ရာထခိုင်းတာက မနက် ၄ နာရီ။ အမိန့်ပေးတဲ့သူကိုယ်တိုင်က သူထခိုင်းတဲ့အချိန်မှာ မထ။ ဒီလိုကိုယ်ချင်းစားတရားကင်းမဲ့တဲ့ ကိစ္စတွေ၊ အကျင့်ဆိုးအကျင့်ဟောင်းတွေပြင်ကြပါ။
၃။ အထက်ပါ နှစ်ချက်ကို ရဲတပ်ဖွဲ.ရဲ. အမြင့်ဆုံး တာဝန်ယူထားသူတွေက အကောင်အထည်ဖော် နိုင်ဖို့ နောက်ပြီး၊ ရဲတပ်ဖွဲ.ဟာ ပြည်သူ့ရဲတပ်ဖွဲ. ဆိုတာ ပိုပြီးရှင်းလင်းဖို့ ပြည်သူတွေရွေးထားတဲ့ အရပ်သားအစိုးရလက်အောက်ကို ရဲတပ်ဖွဲ.ကို ထားရှိဖို့လိုကြောင်းပြောဆိုခဲ့ပါတယ်။
(နားထောင်နေတဲ့ အရာရှိကြီးငယ်များ ရယ်တဲ့သူ ကရယ်၊ မသိချင်ယောင်ဆောင်တဲ့သူကဆောင်၊ ကျနော်ကတော့ ကိုပြောချင်တာကို ပြောခွင့်ရလို့ ကျေနပ်ပါတယ်)
------
ဆုပေးပွဲမတိုင်ခင် အစမ်းလေ့ကျင့်ပွဲကိုလုပ်တော့ အစမ်းဆုပေးတဲ့ အရာရှိကြီးတစ်ဦးက ကျနော့ကို ဦးညွှတ်ခိုင်းပါတယ်။ ကျနော်က ဦးညွှတ်ပြီးရင် သူကအပြန်အလှန်အနေဲနဲ. အလေးပြုမှာပါ။ ကျနော်က ဦးမညွှတ်နိုင်ကြောင်း သတင်းသမား တစ်ဦး၊လူသားတစ်ဦးအနေနဲ.ဂုဏ်ပြုခံဖို့တက်
ရောက်လာတာဖြစ်ကြောင်း ၀န်ထမ်းမဟုတ် ကြောင်း ပြောဆိုပါတယ်။ သူက စတင်ဦးညွှတ်လို့ ကိုယ်က ဦးညွှတ်ဖို့လဲဝန်မလေးပါဘူး။ ဒါပေမယ့် အဖွဲ.အစည်းပုံစံ အပြန်အလှန်ဖြစ်နေတော့ ကိုယ်ကလည်းဦးမညွှတ်နိုင်ကြောင်း ယဉ်ကျေးစွာ ပြန်လည်ပြောဆိုခဲ့ပါတယ်။ ဒီအခြေအနေကို ကြည့်နေတဲ့ ရဲချုပ်ဦးဇော်ဝင်းကလည်း ကျနော် ပြောတာကို ထောက်ခံတဲ့အနေတဲ့ လက်ကာပြ လိုက်လို့ တကယ်ဆုပေးတဲ့အခါ ဘယ်အရပ်သား ကမှ အရာရှိကြီးများကို ဦးမညွှတ်ဘဲ ဆုတက် ရောက်ယူနိုင်ခဲ့ပါတယ်။
ကျနော်က တွေ.သမျှခေါင်းပြေးတိုက်တဲ့လူစား လည်းမဟုတ်သလို၊ ပြေးလည်းမတိုက်တတ်ပါ ဘူး။ ကျနော့်ရဲ. ဆောင်ပုဒ်အတိုင်း အပြင်မှာမူ၊ အတွင်းကဖြူ ဆိုတဲ့ မူနဲ.လုပ်ခဲပါတယ်။
မူကဘာလဲဆိုတော့ ကျနော်ဟာ မိမိကိုယ်တွင်း သန္တာန်က တကယ်စေတနာမပါရှိဘဲ တတ်နိုင်သမျှ ဘယ်အမှုကိုမှ မလုပ်ဘူးလို့ ခံယူထားပါတယ်။ ဒီခံယူချက်အတွက်ကြောင့်ပဲ ဘယ်အဖွဲ.အစည်း ကိုမှ မ၀င်ဘဲ လွတ်လပ်မှုရှိ လူသားသတင်းသမား အဖြစ်နဲ့ ရပ်တည်နေတာပါ။ လွတ်လပ်မှုရှိသူပီပီ ဂါရ၀ဆိုတာ ကျနော့ရဲ.မူဖြစ်တဲ့ ကိုယ့်ထက် သီလ၊ သမာဓိ၊ ပညာမြင့်မားသူ မည်သူ့ကိုမဆို ဂါရ၀ပြု ဖို.၊ အဖိုးအဖွားအရွယ်တွေ တွေ.တဲ့အခါ သနား ကြင်နာပြီး အရိုအသေပေးဖို့အတွက်ပဲဖြစ်ပါ တယ်။
ဘယ်လိုပဲဖြစ်ဖြစ်စကားပြောဆိုဆက်ဆံရတာမူပြီး ပြောရရင် လက်ရှိရဲချုပ်နဲ. ရန်ကုန်တိုင်း ရဲမှုးချုပ် ကိုဝင်းနိုင်တို့ဟာ ရွှင်လန်းသောမျက်နှာ၊ ဖြတ်လတ် သောညာဏ် အပြင် နိုင်ငံရေးအတွေးအမြင်အား ကောင်းသူတွေဖြစ်တယ်လို့တွေ.ရပါတယ်။
ကျမ်းမာချမ်းသာကြပါစေ။
ကိုဆွေဝင်း

No comments:

Post a Comment