Latest News

Friday, October 6, 2017

လုံခြုံရေး အသင့်အနေအထားရှိဟု ရခိုင်ပြည်နယ် အစိုးရဆို

လုံခြုံရေး အသင့်အနေအထားရှိဟု ရခိုင်ပြည်နယ် အစိုးရဆို

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောမြို့များတွင် အကြမ်းဖက် လုပ်ရပ်များကို ဆောင်ရွက်ခဲ့သော ARSA အကြမ်းဖက်အဖွဲ့က ထပ်မံ၍ အကြမ်းဖက်လုပ်ရပ်များ မဆောင်ရွက်နိုင်ရန် လုံခြုံရေး အသင့်အနေအထားရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောဆိုသည်။

ARSA အကြမ်းဖက်အဖွဲ့သည် ဩဂုတ်လ ၂၅ ရက်နေ့၌ ဘူးသီးတောင် မောင်တောမြို့များရှိ နယ်ခြားစောင့် ရဲကင်းများကို တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာလ ၉ ရက်နေ့တွင် လူသားချင်း စာနာထောက်ပံ့မှု ပြုလုပ်နိုင်ရန် တပ်မတော်နှင့် တစ်လ အပစ်ရပ်ကြောင်း ယင်းအဖွဲ့က Twitter မှတစ်ဆင့် ကြေညာခဲ့သည်။

ယခုရက်ပိုင်းတွင်လည်း ARSA အကြမ်းဖက်များက ပြည်ပတွင် လူစုသင်တန်းပေးထားပြီး မြန်မာနိုင်ငံအတွင်းသို့ လမ်းကြောင်းသုံးကြောင်းဖြင့် လူစုခွဲ ဝင်ရောက်မည်ဆိုသော ကောလာဟလ သတင်းများလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။

ယင်းအပေါ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက “ARSA အကြမ်းဖက်အဖွဲ့က တရားဝင်အဖွဲ့လည်း မဟုတ်ဘူး။ လုံခြုံရေးနဲ့ ပတ်သက်ပြီး အသင့်အနေအထား ရှိတယ်။ လက်ရှိ ကောလာဟလသတင်းတွေ ရှိနေတဲ့အချိန်မှ ပို၍အာရုံစိုက်နေတယ်။ ပိုပြီးလည်း လုံခြုံရေး ဆောင်ရွက်နေတယ်” ဟု ပြောသည်။

ထို့အတူ ARSA အကြမ်းဖက်အဖွဲ့သည် ပြည်တွင်း၌ အကြမ်းဖက်လုပ်ရပ်များ ထပ်မံမဖြစ်ပေါ်ရန် တပ်မတော်မှ လုံခြုံရေးကို ကြိုတင်ကာကွယ်ရေး လုပ်ဆောင်နေကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(စစ်တွေ) ဒုတိယဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးစိုးရွှေက စက်တင်ဘာလ ၂၉ ရက်နေ့၌ မီဒီယာများကို ပြောဆိုခဲ့သည်။

“လက်ရှိ ပြည်တွင်းမှာ သူတို့လှုပ်ရှားတဲ့ အနေအထားအတိုင်းဆိုရင် အကြမ်းဖက်လုပ်ရပ်တွေကို အရှိန်မြှင့်ပြီးတော့မှ လုပ်နိုင်လာနိုင်စရာအကြောင်း မရှိပါဘူး။ ပြည်ပအထောက်အပံ့တွေ ရှိခဲ့မယ် ဆိုရင်တော့ ကျွန်တော်တို့ မပြောနိုင်ဘူး။ ထပ်မံမဖြစ်အောင် ကြိုတင်ကာကွယ်တာတွေ စီမံဆောင်ရွက်နေတဲ့ အနေအထားတွေ ရှိပါတယ်” ဟု ဗိုလ်မှူးကြီးစိုးရွှေက ပြောသည်။

ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့များသည် ဘူးသီးတောင်၊ မောင်တော ဒေသများရှိ နယ်ခြားစောင့် ရဲစခန်းနှင့် ရဲကင်းများကို ဩဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်း၌ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ယင်းကဲ့သို့ ဖြစ်စဉ်ဖြစ်ပေါ်ပြီးနောက် မောင်တောဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

The Voice

No comments:

Post a Comment