Latest News

Thursday, October 5, 2017

စိတ်အေးချမ်းအောင် နေကြရအောင်

စိတ်အေးချမ်းအောင် နေကြရအောင်


(ကိုယ့်ကိုယ်ကို ကယ်တင်ဘာ ထဲက စာတစ်ပုဒ်)
ဘ၀အရေးမှာပဲ ဖြစ်ဖြစ်၊ စီးပွားရေးမှာပဲ ဖြစ်ဖြစ် အချစ်ရေးနဲ့ အိမ်ထောင်ရေးမှာပဲ ဖြစ်ဖြစ် ဘယ်လောက်ပဲ တိုးတက်အောင်မြင်နေပါစေ စိတ်အေးချမ်းသာမှုမရှိရင် အဆင်မပြေပါဘူး၊ နေလို့လည်း  မပျော်ကြဘူး။

အသက်အရွယ်နဲ့အတွေ့အကြုံအရ စိတ်အေးချမ်းခြင်းနဲ့စိတ်၏ ချမ်းသာပျော်ရွှင်ခြင်းဆိုတာ အရာရာတိုင်းအတွက် လိုအပ်ဆုံးလို့ကျွန်မကတော့နားလည်ယူဆ လာမိပါတယ်။

ဒါကြောင့် စိတ်အေးချမ်းမှုကို နံပတ်တစ်အနေနဲ့ဦးစားပေးမိတယ်။

ကိုယ့်အနေနဲ့ ဘယ်အရာတွေမှာ လျော့လိုက်မှ၊ ပြုပြင်ပြေင်းလဲလိုက်မှ စိတ်အေးချမ်းမှုကို ရရှိစေသလဲ ဆိုကိုလည်း ဂရိုစိုက်ပြီး ၊ ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရပါတယ်။

စိတ်မာန်ကြီးတဲကျွန်မအတွက်ကတော့
စိတ်တိုခြင်းနဲ့ဒေါသထွက်ခြင်းကလည်း ကျွန်မတို့ရဲ့စိတ်ချမ်းသာမှုကို ပျက်ဆီးစေပါတယ်။  စိတ်ကြီးလို့နောင်တကြီးကြီး၊ မျက်ရည်ပေါက်ကြီးကြီးတွေလည်း ကျခဲ့ရဖူးတယ်။

ဒါကြောင့် စိတ်ကြီးတာ ဒေါသကြီးတာကို ပြောင်းလဲဖို့ပထမဆုံး စဉ်းစားခဲ့ပါတယ်။ အရေးကြီးတာကတော့ စိတ်တိုလာတဲ့အခါ ၊ မကျေမနပ်နဲ့ ပြန်ပြောချင်လာတဲ့အခါ အဲဒီအချိန်မှာ ထိန်းချုပ်နိုင်ဖို့ပါပဲ။

အချို့က စိတ်တိုနေချိန်မှာ ပြောလိုက်ရမှ လုပ်လိုက်ရမှ စိတ်ချမ်းသာတယ်လို့ဆိုကြတယ်။ ကျွန်မကတော့အဲလို မမြင်ပါဘူး စိတ်တိုပြီး ဒေါသနဲ့ပြောချင်တာကို မြိုသိပ်ထားလိုက်တာက ပိုကောင်းတယ်လို့မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့  ကိုယ်က စိတ်တိုပြီး ဒေါသနဲ့တစ်ခုခု လုပ်လိုက် ပြောလိုက်တဲ့အခါ သူထိခိုက်သွားတာထက် ကိုယ်က ပိုပြီးခံစားရပါတယ်။ အဲဒီလိုနည်းလမ်းနဲ့လည်း ဘယ်သူ့ကိုမှ အနိုင်မယူချင်တော့ပါဘူး။

ဒါကြောင့် သည်းခံပြီဒ ဒေါသကို မြိုသိတ်ထားတာက ကိုယ့်အတွက်ရော သူ့အတွက်ရော ပိုကောင်းတယ်။ ဒေါသကို သတိနဲ့ထိန်းလာနိုင်ရင်တော့ပိုပြီး  သည်းခံတတ်တဲ့အလေ့အကျင့် ရပြီဆိုရင် ကိုယ့်အတွက် ဘေးလည်း နည်းတယ်။ စိတ်၏ အေးချမ်းရာလည်း ပိုရရှိစေတယ်လို့ နားလည်လက်ခံထားပါတယ်။

နောက်တစ်ချက်ကတော့အကောင်းမြင်တဲ့စိတ်ပါ။  ငယ်ကတည်းက မကောင်းမြင်တတ်တဲ့အကျင့်၊ မကောင်းပြောတတ်တဲ့ပါးစပ်၊ မကောင်းတာကိုပဲ ရွေးကြည့်တတ်တဲ့ အမြင်တွေက အရိုးစွဲလာသလို၊ ဒါတွေက ကိုယ့်ကိုယ်ရော အခြားသူတွေကိုပါ ညစ်နှူးစရာတွေလို့ကျွန်မ လက်ခံနားလည်လာအိတယ်။

ဒါကြောင့်  ကိုယ့်ကိုယ်ကိုရော အခြားသူတွေအပေါ်မှာပါ မကောင်းတဲ့စိတ်မထားဘူး။  ဘယ်သူ့ကိုမှ မကောင်းတဲ့အမြင်နဲ့မကြည့်တဲ့မပြောတဲ့အတွက် စိတ်အေးချမ်းသာစေတယ်။

နောက် သံသယစိတ်ပါ။ သံသယဆိုတာကတော့လူတိုင်းမှာ ရှိတာပဲ။ တစ်ယောက်တည်း တွေးချင်ရာ တွေးနေတဲ့ အချိန်ဆိုရင် ပိုဆိုးပါတယ်။ အဲဒီလို မကောင်းတဲ့ အမြင်ရှိနေတဲ့သံသယစိတ်တွေကို ထိန်းချုပ်နိုင်လေ ကိုယ်က အေးချမ်းလေပါပဲ။ ဒါကြောင့်ဘယ်သူ့အပေါ်ကိုမှ သံသယ မထားတော့တာ ကြာပါပြီ။

အရာရာကို အပြုံးနဲ့သာတုန့်ပြန်တတ်တာကလည်း ကိုယ့်ကိုယ်ကိုရော အခြားသူတွေကိုပါ အေးချမ်းစေတယ်လေ။ ဒါကြောင့် ပြုံးလိုက်ချိန်မှာ ကိုယ့်အတွက် အေးချမ်းသွားသလို၊ စိတ်ပိုင်းဆိုင်ရာမှာလည်း ကျေနပ်ခြင်းဆိုင်ရာ ခံစားချက်တစ်ခုကို ရရှိလိုက်တယ်။ ဒါကြောင့်ကျွန်မက အမြဲတမ်း ပြုံးနေတာပေါ့။ စိတ်ချမ်းသာရလို့ပါ။

စိတ်အေးချမ်းစေတဲ့နောက်တစ်ချက်ကတော့အရာရာတိုင်းကို အရှိအတိုင်း လက်ခံလိုက်တာပါပဲ။ အဆင်မပြေဘူးဆိုရင်လည်း အော် ဒါကတော့အဆင်မပြေပါလားလို့လက်ခံလိုက်ပါတယ်။  ကိုယ်ဖြစ်ချင်သလို မဖြစ်တာတွေရှိသလို၊ ကိုယ်မဖြစ်ချင်တာတွေလည်း ဖြစ်ရတာ ရှိတယ်လေ၊ ဒါ့အပြင် မတည်မြဲခြင်းဆိုတဲ့သဘောတရားကိုပါ နားလည်လိုက်တော့ အရှိအတိုင်းလက်ခံလိုက်တာ အေးချမ်းခြင်းနဲ့တည်ငြိမ်ခြင်းကိုပါ ရရှိစေတယ်။

ဖြစ်ပြီးရင်လည်း ပျက်တယ်၊ တွေ့ပြီးရင်လည်း ခွဲရမယ်ဆိုတာကို သိနေပြီပဲ  ဒီမမြဲခြင်းတရားတွေကို လိုက်ခံစားနေရင်လည်း စိတ်အေးချမ်းမှုဆိုတာ မရရှိနိုင်ဘူးလေ။

နောက်တစ်ချက်ကတော့ခွင့်လွှတ်တတ်တဲ့အခါ စိတ်ချမ်းသာရပါတယ်။ ကျွန်မဘ၀မှာ ကိုယ့်ရဲ့ အမှားတွေကိုလည်း အခြားလူတွေက ခွင့်လွှတ်ပေးခဲ့ရတာတွေရှိပါတယ်။ အခြားသူတွေရဲ့ အားနည်းချက်တွေနဲ့ အမှားတွေကိုလည်း ကျွန်မက ခွင့်လွှတ်ပေးလို်က်ရတာတွေရှိတယ်။ ခွင့်လွှတ်တယ်ဆိုတာက ကျွန်မအနေနဲ့သူတို့ကို စာနာလို့သနားလို့  ခွင့်လွှတ်လိုက်တာ မဟုတ်ပါဘူး။ ကျွန်မရဲ့စိတ်ကို ပိုပြီး မြင့်မားအောင် လုပ်ဆောင်လိုက်တာပါ။ဒါကြောင့် တစ်ခါ ခွင့်လွှတ်လိုက်တဲ့အခါတိုင်း ကိုယ့်ရဲ့စိတ်အဆင့်အတန်းမြင့်သွားတယ်လို့လည်း လက်ခံနားလည်လိုက်ပါတယ်။

တကယ်တော့ အေးချမ်းခြင်းဆိုတာ အပြင်ကလာတာ မဟုတ်ပါဘူး၊ ကျွန်မတို့ရဲ့ လက်ခံနားလည်နိုင်မှုနဲ့ စိတ်တွင်းကနေ ဖြစ်ပေါ်လာတဲ့အရာတွေပါ။ ပျော်ရွင်ဖို့အေးချမ်းဖို့ ကျေနပ်စွာ ရှင်သန်ဖို့ဆိုတာက သူများတွေက ကိုယ့်ကို လုပ်မပေးနိုင်တဲ့ ပိုက်ဆံရှိတိုင်း၊ ကျော်ကြားမှုရှိတိုင်း၊ ပညာတတ်တိုင်းလည်း မရနိုင်တဲ့အရာတွေပါ။

ပျော်ရွှင်ခြင်း၊ အေးချမ်းခြင်းနဲ့ ကျေနပ်စွာ ရှင်သန်ခြင်းဆိုတာ ကျွန်မတို့ကိုယ်တိုင်သာ ရယူဆောင်ရွက်နိုင်တယ်ဆိုတာကို နားလည်ပြီးရင် တကယ်ပဲစိတ်ချမ်းသာစွာနဲ့ နေထိုင်နိုင်သူ ဖြစ်လာပါပြီ။

မတူတဲ့အမြင်များရှိရင်လည်း ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)
ဝတ်စုံ နွယ်ဥယျာဉ်

No comments:

Post a Comment