Latest News

Tuesday, October 3, 2017

မြောင်းမြမြို့၌ ဒေါ်လာ ၄ သန်းတန် စပါးခွံသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ ပထမဆုံး ခွင့်ပြုမည်

မြောင်းမြမြို့၌ ဒေါ်လာ ၄ သန်းတန် စပါးခွံသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ ပထမဆုံး ခွင့်ပြုမည်

မြောင်းမြမြို့မှာ ဒေါ်လာ ၄ သန်း ဝန်းကျင်ရှိ စပါးခွံသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံတခုကို ဧရာဝတီတိုင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီက ပထမဆုံး ခွင့်ပြုပေးဖို့ ရှိနေပါတယ်။

ဧရာဝတီတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ စတင်ဖွဲ့စည်းပြီး ၃ လအကြာမှာ ပထမဆုံး အနေနဲ့ မြောင်းမြမှာ ရင်းနှီးမြှုပ်နှံမယ့် ဒေါ်လာ ၄ သန်း ဝန်းကျင် ရှိတဲ့ စပါးခွံသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံကို အတည်ပြုမိန့် ပေးဖို့ နှစ်ကြိမ်မြောက် ရင်းနှီးမြှုပ်နှံမှု ကော်မတီ အစည်းအဝေးမှာ ကော်မတီက မူအားဖြင့် သဘောတူ ထားတယ်လို့ ဧရာဝတီတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အတွင်းရေးမှူး ဖြစ်တဲ့ DICA ညွှန်ကြားရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

အဲဒီ ရင်းနှီးမြှုပ်နှံမှုကို မြန်မာနိုင်ငံ လယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း (MAPCO) က ၂၀ ရာခိုင်နှုန်းနဲ့ ဂျပန်နိုင်ငံ Fujita Corporation က ၈၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပြီး Myaung Mya FM Biomass Power Co.,Ltd အနေနဲ့ ဒေါ်လာ ၃ ဒသမ ၈၆၅ သန်း ရင်းနှီးမြှုပ်နှံပြီး ၁ ဒသမ ၃ မဂ္ဂါဝပ် ဝန်းကျင်ရှိမယ့် လျှပ်စစ် ဓာတ်အားပေး စက်ရုံ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဆန်စက်တွေက စွန့်ထုတ်တဲ့ စွန့်ပစ်ဖို့ ခက်ခဲတဲ့ စပါးခွံ တွေကို လောင်စာ အနေနဲ့ အသုံးပြုကာ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ပြီး ဆန်စက်တွေကို လျှပ်စစ် ဓာတ်အား ပြန်လည် ဖြန့်ဖြူးမှာပါ။

ဒီရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံမှာ ပထမဆုံးနဲ့ အကြီးဆုံး ဖြစ်လာမယ့် agro-industry park လို့ခေါ်တဲ့ လယ်ယာ ကဏ္ဍကို အခြေခံတဲ့ စက်မှုဇုန်ထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်း တခု ဖြစ်ပါတယ်။

Agro – industry Park အနေနဲ့က ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူ တွေကို ဖိတ်ခေါ်  ဆောင်ရွက်မှာဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်း ၂၀ ကနေ သန်း ၃၀ အထိ ရင်းနှီးမြှုပ်နှံ သွားမယ်လို့ MAPCO ရဲ့ မန်နေးဂျင်း ဒါရိုက်တာ ဦးရဲမင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

မြောင်းမြဂုန်နီ စက်ရုံဝန်း အတွင်း မြေဧက ၃၀၀ ကျော်ကို စိုက်ပျိုးရေး ဝန်ကြီးဌာနထံ ကနေ နှစ်ရှည် ငှားရမ်းထားပြီး စီမံကိန်းကို ဆောင်ရွက်မှာပါ။ မေလအတွင်း ကတော့ ၂ ဒသမ ၂ မဂ္ဂါဝပ် ရှိတဲ့ စပါးခွံသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ တခုကိုလည်း ကျိုက်လတ်မြို့မှာ MAPCO က ဖွင့်လှစ်ခဲ့ပါတယ်။

ဧရာဝတီတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အနေနဲ့ ကတော့ ပထမဆုံး အနေနဲ့ ရင်းနှီးမြှုပ်နှံမှု အတည်ပြုမိန့် ပေးဖို့ သဘောတူထားတာ ဖြစ်ပြီး ကျန်တဲ့ ၃ ခုကိုတော့ စိစစ်ဆဲ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment