Latest News

Monday, October 2, 2017

မိုးကုတ်မြို့တည် နှစ် (၈၀၀)ပြည့်ပွဲ လာမည့် မတ်လကျင်းပမည်

မိုးကုတ်မြို့တည် နှစ် (၈၀၀)ပြည့်ပွဲ လာမည့် မတ်လကျင်းပမည်

မိုးကုတ်မြို့တည် နှစ် (၈၀၀)ပြည့် အထိမ်းအမှတ်ပွဲကို ၂၀၁၈ မတ်လကုန်တွင် သုံးရက် ကြာ ကျင်းပမည်ဖြစ်ကြောင်း ပွဲ ကျင်းပရေးကော်မတီဝင် ဦးသန်း ဝင်းက ပြောသည်။

မိုးကုတ်မြို့တည် နှစ် (၈၀၀) ပြည့်ပွဲကို ကျောက်မျက်ရတနာ နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန်၊ မိုးကုတ်ဒေသ၏ အလှအပနှင့် မိုးကုတ်ဒေသတွင် နေထိုင်သည့် တိုင်းရင်းသားများ ၏ ရိုးရာယဉ်ကျေးမှုများကို မြန်မာ နိုင်ငံအတွင်းသာမက ကမ္ဘာကသိ ရှိရန်နှင့် မျိုးဆက်သစ်များအား သမိုင်းအမွေလက်ဆင့်ကမ်းပေး နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။

‘‘ဒီလိုမြို့တည်ပွဲ တစ်ခါမှ ကျင်းပခဲ့တာ မရှိဘူး။ ဒါပထမဆုံး ပဲ’’ဟု ဦးသန်းဝင်းက ပြောသည်။

မိုးကုတ်မြို့တည် နှစ် (၈၀၀)ပြည့် အထိမ်းအမှတ်ပွဲကို ၂၀၁၈ မတ်လ ၂၉ ရက်မှ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မိုးကုတ်မြို့ လယ် အင်းဘေး၌ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုစိုက်ထူခြင်း၊ တိုင်းရင်းသားများ၏ ရိုးရာယဉ် ကျေးမှု ကပြဖျော်ဖြေပွဲများ၊ တေး ဂီတဖျော်ဖြေပွဲများ၊ ပျော်ပွဲရွှင်ပွဲ များ ထည့်သွင်းကျင်းပမည်ဖြစ် သည်။

‘‘အားကစားပြိုင်ပွဲတွေ၊ သီချင်းရေးပြိုင်ပွဲတွေကိုတော့ ပွဲကျင်းပဖို့ တစ်ပတ်လောက်အလို ကတည်းက ကြိုတင်ပြုလုပ်မယ်။ တကယ့်ပွဲရက်မှာတော့ အနုပညာရှင်တွေနဲ့ တေးဂီတပွဲတွေပါမယ်။ ဆွမ်းကြီးလောင်းတာတွေပါမယ်’’ ဟု ဦးသန်းဝင်းက ပြောသည်။

မိုးကုတ်မြို့ကို မြန်မာသက္က ရာဇ် ၅၇၉ ခုနှစ်က မိုးမိတ်စော်ဘွား သိုဟန်ဖတ်လက်ထက်တွင် တည် ခဲ့ခြင်းဖြစ်သည်။ မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်ခရိုင်အတွင်း ပါဝင်ပြီး မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၁၂၈ မိုင် အကွာတွင် တည်ရှိသည်။    မိုးကုတ်မြို့၏ လက်ရှိလူဦးရေသည်  နှစ်သိန်း ခန့် ရှိသည်။

မိုးကုတ်မြို့တွင် ဗမာ၊ လီ ဆူ၊ ရှမ်း၊ ပလောင်၊ ဂေါ်ရခါး စသည့်တိုင်းရင်းသားများ နေထိုင် ပြီး ကမ္ဘာကျော် ပတ္တမြားအပါ အဝင် အဖိုးတန်ကျောက်မျက် ရတနာမျိုးစုံ ထွက်ရှိမှုကြောင့် ထင်ရှားသည့် မြို့ဖြစ်သည်။ မိုးကုတ်မြို့သည် တောတောင်များ ပတ်လည်ဝိုင်းကာ အေးမြသော ရာသီဥတုနှင့် သမိုင်းဝင် စေတီပုထိုးမြောက်မြားစွာ တည်ရှိသော မြို့ဖြစ်သည်။

7Day News

No comments:

Post a Comment