Latest News

Monday, October 30, 2017

ဘုရင်ကြီး ဈာပနအပြီး ထိုင်းပြည်သူတွေ ရောင်စုံအဝတ်အစား ပြန်လည်ဝတ်ဆင်

ဘုရင်ကြီး ဈာပနအပြီး ထိုင်းပြည်သူတွေ ရောင်စုံအဝတ်အစား ပြန်လည်ဝတ်ဆင်

ထိုင်းဘုရင်ကြီး ဘူမိဘော မနှစ်က အောက်တိုဘာလမှာ နတ်ရွာစံသွားခဲ့တဲ့အတွက် ဝမ်းနည်းတဲ့ အထိမ်းအမှတ်အဖြစ် ဒီနှစ်အောက်တိုဘာလထိ ပြည်သူတွေဟာ တနှစ်တာလုံး အနက်ရောင်တွေ ချည်းလိုလို ဝတ်ဆင်ခဲ့ကြရာက ပြီးခဲ့တဲ့သီတင်းပတ်က ဘုရင်ကြီးရဲ့ဈာပနကိုကျင်းပပြီးနောက်မှာတော့ ဘန်ကောက်မြို့တော်မှာ ပြည်သူတွေဟာ ရောင်စုံအဝတ်အစားတွေ ပြန်ဝတ်လာကြပါတယ်။

၂၀၁၆ ခုနှစ်အောက်တိုဘာလမှာ နတ်ရွာစံခဲ့တဲ့ ထိုင်းဘုရင်ကြီးရဲ့ဈာပနကို အမေရိကန်ဒေါ်လာ သန်း ၉၀ အကုန်အကျခံလို့ ၅ ရက်ကြာကျင်းပခဲ့ပြီး လူသိန်းပေါင်းများစွာ တက်ရောက်ဂါရဝပြုခဲ့ပါတယ်။

ဘုရင်ကြီးကိုမီးသင်္ဂြိုဟ်ရာကကျန်ရှိတဲ့ အရိုးနဲ့ပြာတွေကို ဘန်ကောက်မြို့က ခမ်းနားကြီးကျယ်လှတဲ့ နန်းတော်ဆီ တနင်္ဂနွေနေ့က သယ်ဆောင်သွားခဲ့ပြီး နှစ် ၇၀ ကျော်နန်းစံအုပ်ချုပ်ခဲ့တဲ့ဘုရင်ကြီးရဲ့ ဓါတ်ပုံတွေကို တနိုင်ငံလုံးမှာ ချိတ်ဆွဲထားကြပါတယ်။

ဘန်ကောက်မြို့ အစိုးရအိမ်တော်မှာ တနှစ်ကြာချိတ်ဆွဲထားတဲ့ ဈာပနအထိမ်းအမှတ် အဖြူအမည်း အဝတ်စကို ဒီကနေ့ ရုပ်သိမ်းလိုက်ပြီး ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ပြည်သူတွေ တနှစ်တာလုံး ကြေကွဲဝမ်းနည်းခဲ့ရတဲ့ ဈာပနကာလ ကုန်ဆုံးပြီဖြစ်ကြောင်း ရုပ်မြင်သံကြားကနေ တရားဝင်ကြေညာခဲ့ပါတယ်။

တနှစ်တာလုံး ဘုရင်ကြီးရဲ့ရုပ်အလောင်းကို လာရောက်ဂါရဝပြုကြတဲ့ ပြည်သူ ၁၀ သန်းနဲ့အတူ ဈာပန ကာလမှာ ဝိုင်းဝန်းကူညီခဲ့ကြတဲ့စစ်သားတွေ အရပ်သားတွေ အစိုးရအရာရှိအရာခံတွေ အားလုံးကို ကျေးဇူးတင်ကြောင်းလည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

RFA

No comments:

Post a Comment