Latest News

Tuesday, October 24, 2017

တောင်ကြီးတန်ဆောင်တိုင် ဘာသာရေး လှုံ့ဆော်မှု ချက်ချင်း အရေးယူမည်

တောင်ကြီးတန်ဆောင်တိုင် ဘာသာရေး လှုံ့ဆော်မှု ချက်ချင်း အရေးယူမည်

ရန်ကုန်၊ အောက်တိုဘာ ၂၄

နှစ်စဉ်ကျင်းပသည့် တောင်ကြီး တန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပွဲတော်တွင် ဘာသာရေးပဋိပက္ခ လှုံ့ဆော်မှုများ ရှိလာပါက ချက်ချင်း အရေးယူဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း တောင်ကြီး တန်ဆောင်တိုင် ရိုးရာမီးပုံးပျံ ကျင်းပရေး ကော်မတီထံမှ သိရသည်။

ယခုလ အောက်တိုဘာ ၂၆ ရက်နေ့ မှ နိုဝင်ဘာ ၄ ရက်နေ့အထိ တောင်ကြီးမြို့တွင် ကျင်းပမည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတွင် ဘာသာရေးလှုံ့ဆော်မှုများကို တားမြစ်သော စည်းကမ်းချက်များ ကြိုတင်ထုတ်ပြန်ထားသည်။

“မီးပုံပျံတွေမှာ ရေးသားထားတာမျိုးဆို လွှတ်ခွင့်ပေးမှာ မဟုတ်ဘူး။ ပြန်ရုပ်သိမ်းမယ်။ လက်ကမ်းစာစောင် ဝေတာမျိုးဆို ချက်ချင်းဖမ်းမယ်။ အာဏာပိုင်အဖွဲ့အစည်းတွေက သင့်တော်တဲ့ ပုဒ်မတွေနဲ့ ချက်ချင်း အရေးယူဆောင်ရွက်သွားမှာ”ဟု အဆိုပါ ကော်မတီ တွဲဖက်အတွင်းရေးမှူး (၁) ဒေါက်တာသန်းငွေက The Voice သို့ ပြောကြားသည်။

ဘာသာရေး ပဋိပက္ခ လှုံ့ဆော်မှုများနှင့် ပတ်သက်၍ ယမန်နှစ်များ၌ စည်းကမ်းချက် ထုတ်ပြန်ခဲ့ရခြင်း မရှိသော်လည်း ယခုနှစ်တွင်မူ ဘာသာရေးလှုံ့ဆော်မှုများကို ကြိုတင်ရှောင်ရှားလိုသည့် အနေနှင့် ယခုကဲ့သို့ ကြိုတင် စည်းကမ်းချက်ထုတ်ပြန်ထားရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့ ဒေသခံတွေက ရိုးတယ်ဗျ။ ရိုးရာပွဲပဲ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် ကျင်းပချင်တာ။ ဒါပေမဲ့ ပြင်ပ အမှောင့်ပရောဂတွေက မပြောနိုင်ဘူး။ လူထူထပ်တဲ့ နေရာကို အသုံးချပြီး လှုံ့ဆော်တာမျိုး ဖြစ်လာမှာ စိုးရိမ်ရတယ်။ ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီး ပွဲပုံရိပ် ထိခိုက်တာမျိုး ကျွန်တော်တို့ မလိုလားဘူး”ဟု ဒေါက်တာ သန်းငွေက ဖြည့်စွက် ပြောကြားသည်။

ယခုနှစ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်အတွက် ချမှတ်ထားသည့် စည်းကမ်းချက်များတွင် အရက်သေစာ မသောက်စားရန်၊ မီးပုံးပျံကွင်း မီးပုံးလွှတ်ရာ နေရာအနီးသို့ ခရီးသွားကားများ မဝင်ရောက်ရန်နှင့် မီးပုံးပျံ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အဖွဲ့များမှ ကားဆယ်စီးသာ ကွင်းထဲသို့ ဝင်ရောက်ရန် စသည့် အချက်များ ပါဝင်သည်။

တန်ဆောင်တိုင်ပွဲကို တောင်ကြီးမြို့ အဝေယာ မီးပုံးပျံကွင်းတွင် ဆယ်ရက်တာ ကျင်းပမည်ဖြစ်ကာ လုံခြုံရေးအင်အား ရှစ်ရာကျော် ချမှတ်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်းလည်း တောင်ကြီး တန်ဆောင်တိုင် ရိုးရာမီးပုံးပျံ ကျင်းပရေး ကော်မတီထံမှ သိရသည်။

မီးပုံးပျံပွဲတော်အတွင်း နေ့နှင့် ည နှစ်ချိန်တွင် စုစုပေါင်း လွှတ်တင်မည့် မီးပုံးပျံပေါင်း ၃၉၃ လုံးရှိပြီး မီးပုံးပျံလွှတ်တင်မှု အများဆုံးနှစ်ဖြစ်ကြောင်း ဒေါက်တာသန်းငွေက ပြောကြားသည်။

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော် ကိုးရက်မြောက်နေ့ နိုဝင်ဘာ ၃ ရက်နေ့ညတွင် Iron Cross မှ အခမဲ့ လာရောက်ဖျော်ဖြေရန် စီစဉ်ထားသည်။

The Voice

No comments:

Post a Comment