Latest News

Thursday, October 5, 2017

ARSA အစွန်းရောက် အကြမ်းဖက်သမားများက တစ်ဖက်နိုင်ငံသို့ ဖမ်းဆီးခေါ် ဆောင်သွားသည့် ဟိန္ဒူဘာသာဝင် အမျိုးသမီး ၈ ဦးနှင့် ကလေးငယ် ၈ ဦး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

ARSA အစွန်းရောက် အကြမ်းဖက်သမားများက တစ်ဖက်နိုင်ငံသို့ ဖမ်းဆီးခေါ် ဆောင်သွားသည့် ဟိန္ဒူဘာသာဝင် အမျိုးသမီး ၈ ဦးနှင့် ကလေးငယ် ၈ ဦး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

နေပြည်တော် အောက်တိုဘာ ၎

ရခိုင်ပြည်နယ် မြောက်ခြမ်း၌ ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုခံရပြီး တစ်ဖက်နိုင်ငံသို့ဖမ်းဆီးခေါ်ဆောင် သွားခြင်းခံရသည့် မောင်တောမြို့နယ်၊ ရဲဘော်ကျကျေးရွာမှ ဟိန္ဒူဘာသာဝင်အမျိုးသမီး ၈ ဦးနှင့် ကလေး ငယ် ၈ ဦး စုစုပေါင်း ၁၆ ဦး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီဝင်များအား မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ရှိ ဒုက္ခသည်စခန်းတွင် အသက်မသေဘဲ ရောက်ရှိ နေသည်ဟု သတင်းထွက်ပေါ်နေသော ဟိန္ဒူဘာသာဝင်အမျိုးသမီး ၆ ဦးနှင့် ကလေး ငယ် ၃ ဦးတို့အား မြန်မာ နိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေး နယ်ခြားစောင့်တပ်များ အချင်းချင်း တောင်းခံထားပြီး ဖြစ်သော်လည်း သံတမန်လမ်းကြောင်းမှတစ်ဆင့်လည်း ထပ်မံတောင်းခံသွားရန် လမ်းညွှန်ခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်အရ နိုင်ငံခြားရေးဝန်ကြီး ဌာနက သံတမန်လမ်းကြောင်းမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရန် တောင်းခံခဲ့သည့်အပြင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အောက်တိုဘာလ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ သွားရောက် ခဲ့သော ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွင် ရောက်ရှိနေသော ဟိန္ဒူဘာသာဝင် အမျိုးသမီးများအား မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်။
ယခုအခါ ARSA အစွန်းရောက်အကြမ်းဖက်သမားများက တစ်ဖက်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင် ဒုက္ခသည်စခန်းမှ ဟိန္ဒူဘာသာဝင် အမျိုးသမီး ၈ ဦးနှင့် ကလေးငယ် ၈ ဦး၊ စုစုပေါင်း ၁၆ ဦးမှာ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ပြန်လည်ရောက်ရှိလာသူများမှာ မရီခါး(၂၅နှစ်)၊ မအော်နီကာ (၂၀နှစ်)၊ မဖော်မီလာ (၁၈နှစ်)၊ မဂေါင်ဂါ(၂၀နှစ်)၊ မဂူရဘူနီ (ခေါ်)ရှူရှီလာ(၁၉နှစ်)၊ မဘီနာ ဖာလာ(၂၂နှစ်)၊ မပူရ်ဂျာ(ခေါ်)ရုစ်စနာ(၁၈နှစ်)၊ မရာခ်ျကူမာရီ(၁၅နှစ်) တို့ဖြစ်ကြပြီး ၎င်းတို့မှာ၂၀၁၇ ခုနှစ်၊ ဩဂုတ် ၂၅ ရက်တွင် ရဲဘော်ကျကျေးရွာမှ ဟိန္ဒူဘာသာဝင် များအား ဘင်္ဂါလီအကြမ်းဖက်သမားများက အဓမ္မ ဖမ်းဆီးခေါ်ဆောင်၍ ၎င်းတို့၏ မျက်စိရှေ့တွင် အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခဲ့မှုကို ကိုယ်တိုင် မြင်တွေ့ခဲ့ရကြောင်း သိရသည်။

ပြန်လည် ရောက်ရှိလာသည့် ဟိန္ဒူဘာသာဝင် အမျိုးသမီးများ၏ဖွင့်ဟပြောဆို ချက်များအရ ၂၀၁၇ ခုနှစ်၊ ဩဂုတ် ၂၅ ရက် နံနက် ၈ နာရီခန့်တွင် ဝတ်စုံအမဲ ဝတ်ဆင်ထားသည့် နိုင်ငံခြားသားအကြမ်းဖက်ခေါင်းဆောင် အပါအဝင် ခမောင်းဆိပ် ကျေးရွာမှ ဘင်္ဂါလီအကြမ်းဖက်ခေါင်းဆောင် နိုရူလောက် တို့ဦးဆောင်သော ခမောင်း ဆိပ်ကျေးရွာမှ ဘင်္ဂါလီရွာသား ၅၀၀ ဦးခန့်သည် ရဲဘော်ကျ ကျေးရွာသို့ ရောက်ရှိလာကြောင်း၊ ယင်းရွာသားများတွင် ရော်ဖီး၊ ဟာမိ၊ ဟယ်ရာ၊ လာကိုရာ၊ မာမက်ဒူလောက်၊ ဖာရီကာနှင့် ဖေရယ်နာ ဆိုသူများ ပါဝင်သည်ကို မှတ်မိကြောင်း၊ လက်နက်ငယ်များ၊ လက်လုပ်ဗုံးများနှင့် တုတ်၊ဓား လက်နက်များ ကိုင်ဆောင်ထား သည့် လူအုပ်စုကြီးသည် ရွာအတွင်းရှိ ဟိန္ဒူဘာသာ ဝင်နေအိမ်များသို့ တစ်ပြိုင်တည်း ဝင်ရောက်၍ ရွှေ၊ ငွေ အဖိုးတန်ပစ္စည်းများနှင့် တယ်လီဖုန်းများကို လုယူသိမ်းဆည်းပြီး ဘုရားကျောင်းဆောင်များအား ဖျက်ဆီးခဲ့ကြောင်း။
ယင်းနောက် ကျေးရွာအတွင်းရှိ အမျိုးသားများ၏ မျက်နှာအား အဝတ်နှင့် စည်းနှောင်ခြင်း၊ လက်နောက်ပြန်ကြိုးတုပ်ခြင်းများပြုလုပ်၍ ရွာသူရွာသားများအား ယောက်ျား၊ မိန်းမ သီးခြားစီခွဲ၍ ဘော်တလာကျေးရွာဘက်သို့ ဖမ်းဆီးချုပ်နှောင် ခေါ်ဆောင်ခဲ့ပြီး လိုက်ပါရန်ငြင်းဆန်ရုန်းကန်သူများအား တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက် ခေါ်ဆောင်ခဲ့ကြောင်း၊ ဘော်တလာကျေးရွာအနီးတွင် မြေကျင်း ၂ ကျင်းတူးထားသည် ကို တွေ့ရှိရပြီး ရွာသားများ ရောက်ရှိပြီးနောက် နောက်ထပ်ကျင်း ၁ ကျင်း ထပ်မံတူး ခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက်သမားများက ယောက်ျားများအား ဦးစွာ လည်လှီး၍သတ်ခြင်း၊ ဓားများဖြင့် ခုတ်၍သတ်ဖြတ်ခြင်းများ ပြုလုပ်ပြီး ကျင်းများအတွင်း မြှပ်နှံခဲ့ကြောင်း။
ယင်းနောက် ကျန်ရှိသည့် မိန်းမများနှင့်ကလေးများအား ထပ်မံသတ်ဖြတ်ပြီး ကျင်းများအတွင်း မြှုပ်နှံခဲ့ကြောင်း၊ မိန်းကလေးများအထဲမှ အသက် ၁၅ နှစ်နှင့် ၂၅ နှစ်အကြားရှိ ရုပ်ရည် ချောမောလှပသည့် မိန်းမငယ် ၈ ဦးကို အကြမ်းဖက်ခေါင်းဆောင် နိုရူလောက်က မသတ်ဘဲထားရှိခဲ့ကြောင်း၊ ထို့နောက် ဟိန္ဒူအမျိုးသမီးငယ် ၈ ဦးနှင့် ၎င်းတို့၏ကလေးငယ်များအား ဘော်တလာ ကျေးရွာအနီးရှိ နွားခြံမှတစ်ဆင့် ဘော်တ လာရွာမှ ရော်ဖီဆိုသူ၏နေအိမ်သို့ ဆက်လက်ခေါ်ဆောင်သွားခဲ့ကြောင်း။
ဩဂုတ် ၂၆ ရက်အထိ ယင်းအိမ်တွင်ပင် အစောင့် ၅ ဦးနှင့်ထားရှိကြောင်း၊ ဩဂုတ် ၂၇ ရက် ညနေ ၃ နာရီခန့်တွင် ရော်ဖီဦးဆောင်သည့် အစောင့် ၅ ဦးတို့က ၎င်းတို့အား ခေါ်ဆောင်၍ ရွာမှ ထွက်ခွာ ခဲ့ကြောင်း၊ ညနေ ၅ နာရီခန့်တွင် နယ်စပ်ခြံစည်းရိုးသို့ရောက်ရှိပြီး ပါလာသည့် အစောင့်များက ခြံစည်းရိုးသံဆူးကြိုး များအား ဖြတ်တောက်ခဲ့ကြောင်း၊ ၎င်းအချိန်တွင် BGB တပ်အချို့ရောက်ရှိလာ၍ မြန်မာနယ်စပ်အတွင်းရှိ တောင်ကုန်း တစ်ကုန်းသို့ ပြန်လည်ဝင်ရောက် ညအိပ်ခဲ့ကြောင်း၊ ဩဂုတ် ၂၈ ရက် နံနက် ၆ နာရီခန့်တွင် နယ်စပ်ခြံစည်းရိုးအား ဖြတ်ကျော်ဝင်ရောက်၍ ကူတူပါလောင် ဒုက္ခသည် စခန်းသို့ ကားဖြင့်ခေါ်ဆောင်ခဲ့ရာ နံနက် ၁၁ နာရီတွင် ဒုက္ခသည်စခန်းသို့ ရောက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ကူတူပါလောင်ဒုက္ခသည်စခန်းတွင် အစ္စလာမ်အမျိုးသမီးဝတ်စုံ ဘူခါကို ခြုံခိုင်းပြီး မွန်းလွဲ ၁ နာရီခန့်တွင် နိုင်ငံခြားသား မီဒီယာများတွေ့ဆုံမေးမြန်းရာတွင် ၎င်းတို့သင်ကြား ပေးသည့်အတိုင်း မိမိတို့၏ခင်ပွန်းများနှင့် မိသားစုဝင်များအား စစ်တပ်နှင့် တိုင်းရင်း သားများက သတ်ဖြတ်ခဲ့ပြီး မိမိတို့မှာလည်း စစ်တပ်က သတ်မည်စိုး၍ ထွက်ပြေး ခဲ့ခြင်းဖြစ်သည်ဟု လိမ်လည်ပြောဆိုခဲ့ရကြောင်း၊ ၎င်းတို့က ခိုင်းသည့်အတိုင်း မပြောပါက မိမိတို့၏ကလေးငယ်များအား လည်လှီး၍ သတ်ပစ် မည်ဟု ခြိမ်းခြောက်ပြောဆိုခြင်းကြောင့် ၎င်းတို့သင်ပေးသည့်အတိုင်း ပြောဆိုခဲ့ရ ခြင်းဖြစ်ကြောင်းသိရသည်။
၎င်းတို့နှင့်ပတ်သက်၍ ကူတူပါလောင်ဒုက္ခသည်စခန်းတွင် အလုပ်လုပ်ကိုင်နေ သည့် ဟိန္ဒူဘာသာဝင် ဘာဘူဆိုသူက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဟိန္ဒူဘာသာရေး ခေါင်းဆောင် ရှော်ဖော်နံရှော်ရ်မာရော်နီထံ ဆက်သွယ်သတင်းပို့ပေးခဲ့ကြောင်း၊ အဆိုပါ ဘာသာရေး ခေါင်းဆောင်မှ BGB တပ်ဖွဲ့ဝင် ဟိန္ဒူဘာသာဝင် ၁ ဦးနှင့် ဆက်သွယ်၍ ကူတူပါလောင် ဒုက္ခသည်စခန်းကို သွား ရောက်ရှာဖွေစစ်ဆေးခဲ့ရာမှ ဟိန္ဒူဘာသာဝင် အမျိုးသမီးငယ် ၈ ဦးနှင့်ကလေးငယ်များကို တွေ့ရှိခဲ့ကြောင်း၊ ဒုက္ခသည်စခန်းတွင် ရောနှော နေထိုင်သည့် အစွန်းရောက် အကြမ်းဖက်သမားများမှာ ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြောင်း သိရှိရသည်။
ပြန်လည်ရောက်ရှိလာသော ဟိန္ဒူဘာသာဝင် ၁၆ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဘေးကင်းလုံခြုံစွာစောင့်ရှောက်ထားရှိပြီး လိုအပ်သည့် ထောက်ပံ့ကူညီမှုများ၊ နှစ်သိမ့်ဆွေးနွေး၍ စိတ်ဓါတ်မြှင့်တင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။(သတင်းစဉ်)

No comments:

Post a Comment