Latest News

Wednesday, October 4, 2017

လက်ဖြင့်ထိကာ ဆေးကုသည့်ကလေးကိစ္စမှာ ယုံကြည်မှုအပိုင်း ဖြစ်၍ ဝင်စွက်ဖက်မရဟု ဆို

လက်ဖြင့်ထိကာ ဆေးကုသည့်ကလေးကိစ္စမှာ ယုံကြည်မှုအပိုင်း
ဖြစ်၍ ဝင်စွက်ဖက်မရဟု ဆို

ဦးခေါင်းအား လက်ဖြင့်ထိကာ ဆေးကုသသည်ဆိုသော ကလေးကိစ္စနှင့် ပတ်သက်ပြီး ယုံကြည်မှုအပိုင်းဖြစ်၍ ဝင်ရောက်ဆုံးဖြတ်ပိတ်ပင်၍မရကြောင်း ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးရဲလင်းနိုင်က မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့ ခွင့်ပြုခြင်း၊ မပြုခြင်းက ဒီကိစ္စက ခွင့်မပြုလို့လည်းမရဘူး ။ ခွင့်ပြုလို့လည်းမရဘူး။ အကြောင်း တစုံတစ်ရာမရှိဘဲနဲ့ ခွင့်ပြုရအောင်လည်း ခွင့်ပြုမှ လုပ်လို့ရမယ့်လုပ်ငန်းလည်း မဟုတ်ဘူးဗျ။ ဒီဟာက အန္တရာယ်ရှိနိုင်တဲ့ လုပ်ငန်းမို့လို့ ခွင့်ပြုချက်တင်ရမယ့် လုပ်ငန်းဆိုလို့ရှိရင်လည်း ခွင့်ပြုချက်တင်ရမယ့်ဟာ မဟုတ်ဘူး။ ကလေးလေးကလေ ၊ ဥပမာ ကလေးက လက်ကလေးနဲ့ပဲ ပွတ်ပေးနေတာလေ ဒီအပေါ်မှာ သူတို့ယုံကြည်မှုနဲ့ ပျောက်တယ်မပျောက်ဘူးဆိုတာကို သွားနေကြတာပေါ့နော်"ဟု ပဲခူးတိုင်းဒေသကြီး၊   ပေါင်းတည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးရဲလင်းနိုင်က ဆိုသည်။

ကလေးငယ်အား ဆေးကုသခွင့် ပိတ်ပင်လိုက်သည်ဟု ယမန်နေ့က သတင်းများ ထွက်ပေါ်လာပြီးနောက် ကြာနီကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အောက်တိုဘာလ ၃ ရက်နေ့တွင် ကုသခွင့်အား တားမြစ် ပိတ်သိမ်းခဲ့ရပြီး ကုသခွင့်ပြုမပြုကို အစည်းအဝေးပြုလုပ်ညှိနိုင်းခဲ့သည်။

ကလေးငယ်ထံ ရောဂါလာရောက် ကုသခံသူများမှာ နေ့စဉ်များပြားနေခဲ့၍ ဒေသခံများက ကူးစက်ရောဂါများ၊ ဒုစရိုက်မှုများဖြစ်ပေါ်မည်ကို စိုးရိမ်ကြောင်း စာဖြင့် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သောကြောင့် တားမြစ်ခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးရလဒ်နှင့် ပတ်သက်ပြီး "ဝင်လုပ်လို့မရဘူး။ ကလေးဘက်ကတော့ ကျွန်တော်တို့ ရပ်တည် ပေးတယ်။ ဒီတိုင်ကြားစာနဲ့ ပတ်သတ်ပြီး အကျိုးအကြောင်းစီလျော်မှုမရှိဘူးလို့ သုံးသပ်တယ်"ဟု ဦးရဲလင်းနိုင်က ပြောသည်။

အဆိုပါ ဆေးကုသနိုင်သည်ဆိုသောကလေးငယ်သည် ဦးခေါင်းအား လက်ဖဝါးဖြင့် ပွတ်သပ်ပေးနေသည်မှာ ယခုနှစ်၂၀၁၇အတွင်းမှ စတင်နေပြီး စက်တင်ဘာနှင့် အောက်တိုဘာလပိုင်းများတွင် လူမှုကွန်ရက်မီဒီယာများ ပေါ်၌ ပိုမိုပျံ့နှံလာခဲ့သည်။

ကလေးသည် အသက်(၅)နှစ်ကျော်ရှိပြီး ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ် ကြာနီကန်ကျေးရွာ အုပ်စုမှ ဖြစ်ကာ ကလေးငယ်လက်ဖြင့် ရောဂါပျောက်ကင်းသည်ဟု ယုံကြည်ကာ လာရောက်ကုသသူ များစွာလည်း ရှိနေခဲ့သည်။

Mizzima

No comments:

Post a Comment