Latest News

Wednesday, October 4, 2017

ပြည်ပရောက် မြန်မာတွေအပေါ် ရိုက်ခတ်နေသော ရခိုင်အရေး

ပြည်ပရောက် မြန်မာတွေအပေါ် ရိုက်ခတ်နေသော ရခိုင်အရေး

ပြည်ပရောက် မြန်မာများသည် လွန်ခဲ့သည့် ၂ နှစ်ခန့်က တစ်တိုင်းပြည်လုံး၏ တစ်ခဲနက် ထောက်ခံမှုဖြင့် ရွေးကောက်ပွဲအနိုင်ရခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်သည့်အပေါ် နိုင်ငံတကာအလယ်တွင် အလွန်မျက်နှာပွင့်လန်းခဲ့သည်။ လက်ရှိတွင်တော့ ထိုအခြေအနေ နှင့် ဆန့်ကျင်စွာ မြန်မာအစိုးရနှင့် ပတ်သက်သော ဖိအားတစ်ခုကို ရင်ဆိုင်လာရသည်။

ယင်းမှာ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်အရေး နှင့်ပတ်သက်၍ ပြစ်တင်ခြင်း၊ ဝေဖန်ပြောဆိုခြင်းနှင့် မေးမြန်းခံရခြင်းတို့ ကြုံ တွေ့နေရပြီး မိမိနိုင်ငံနှင့် မိမိတို့၏ ခေါင်းဆောင်အတွက် အတတ်နိုင်ဆုံး နားလည်သဘောပေါက်အောင် အိမ်ရှင်နိုင်ငံသား များ ဖြေရှင်းပေးနေရသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုးများအပေါ် မြန်မာ့တပ်မတော်က လူမျိုးတုံးသတ်ဖြတ်နေပြီး ယင်းသတ်ဖြတ်နေမှုကို လက်ရှိအစိုးရအဖွဲ့ကို ဦးဆောင်နေသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆိတ်နေသည်ဟု နိုင်ငံတကာက ပြစ် တင်ပြောဆိုနေသည်။ ထိုဝေဖန် ပြစ်တင်မှုက ပြည်ပရောက်ပညာတတ်နှင့် ကော်လာဖြူလူတန်းစား မြန်မာအသိုင်းအဝိုင်းတင်မကဘဲ အခြေခံလူတန်းစားလုပ်သားများကိုပင် ရိုက်ခတ်လာသည်။ သို့သော် ပြည်ပရောက် မြန်မာနိုင်ငံသားအများစု၏ တူညီသောသဘောထားသည် ရခိုင်အရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်မှုများကို ထောက်ခံခြင်းဖြစ်သည်။

ရခိုင်အရေးကြောင့် ပြည်ပရှိ မြန်မာသံရုံးအချို့ တိုက်ခိုက်ခံရသည်အထိ ဖြစ်ပွားပြီး ပြည်ပရောက် မြန်မာများသည် ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ဆန္ဒပြမှုများကို တန်ပြန်ဆန္ဒပြကန့်ကွက်ရသည်အထိ ရိုက်ခတ် မှုကြီးမားခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိမှုကြောင့် ဒေသတွင်း နိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများအပေါ် အလုပ်ရှင်များက ဒီချုပ်အနိုင်ရရှိကြောင်းသိရှိ၍ မြန်မာလုပ်သားများအပေါ် ဂုဏ်ပြုစကားများပြောကြားပြီး ဆက်ဆံမှုများ ပြောင်းလဲလာခဲ့သော်လည်း လက်ရှိအချိန်တွင် ထိုကဲ့သို့ ပြောဆိုဆက်ဆံမှုများ မရှိတော့ကြောင်း မြန်မာလုပ်သားများက ပြောကြားသည်။

‘‘ရခိုင်အရေးနဲ့ပတ်သက်ပြီး ကျွန်တော်ဆို ကိုရီးယားက လူ့အခွင့်အရေးမိတ်ဆွေတွေနဲ့ သဘောထားချင်းမတိုက်ဆိုင်လို့ လမ်းခွဲတဲ့အဆင့်ထိ ဖြစ်သွားတယ်’’ဟု စက်တင်ဘာ ၂၄ ရက်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ကုလသမဂ္ဂ ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ဆန္ဒပြရာတွင် ဦးဆောင်သူ ကိုစိုးမိုးသူက ပြောသည်။ တောင်ကိုရီးယားရောက် မြန်မာလုပ်သား ၂,၀၀၀ ကျော်သည် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်များကို ထောက်ခံကြောင်းနှင့် ရခိုင်ပြည်နယ်အရေး ဖြစ်ရပ်မှန်များ သိစေရန် ဆန္ဒပြခဲ့သည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီအခြေစိုက် VOA သတင်းဌာန သတင်းထောက်ကိုသားညွန့်ဦးက ‘‘မေးသမျှကို ရှောင်မသွားပါဘူး။ မေးတာလည်း မကြာမကြာ ကြုံရပါတယ်။ ထိခိုက်နိုင်တာတော့ အများကြီးပါ။ နိုင်ငံရဲ့ပုံရိပ်ကို ထိခိုက်မှုကတော့ အဆိုးဆုံးပေါ့’’ဟု ပြောကြားသည်။

ရခိုင်အရေးကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်ပြောင်းလဲလာသည်။ ကမ္ဘာ့အမြင်ကို ပုံဖော်နိုင်သော နိုင်ငံတကာမီဒီယာနှင့် လူမှုကွန်ရက်မီဒီယာတို့ကြောင့် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများက စစ်အာဏာရှင်အစိုးရများလက်ထက်တွင် သနားစရာနိုင်ငံသားများဟု ရှုမြင်ခံရသော မြန်မာနိုင်ငံသားများသည် ယခုအခါ လူ့အခွင့်အရေး အလေးမထားသူများ၊ အကြင်နာတရားနှင့် စာနာမှု ခေါင်းပါးသူ၊ အစွန်းရောက်သူများဟု ရှုမြင်ခံလာရသည်။ ဒီမိုကရေစီ၏ မီးရှူးတန်ဆောင်၊ အာရှတိုက်မှ မန်ဒဲလ်လားဟု ချီးကျူးအသိအ မှတ်ပြုခံရသော ဒေါ်အောင်ဆန်းစု ကြည်ကိုလည်း ဘင်္ဂါလီအရေးတွင် လူနည်းစု ဘင်္ဂါလီများအတွက် စာနာစကားပင်မပြောနိုင်သူ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဘင်္ဂါလီ သိန်းချီထွက်ပြေးမှုတွင် အဓိကတာဝန်ရှိသူအဖြစ် အပြင်းအထန် ဝေဖန်ခံနေရ၏။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်း၊ ရခိုင်ဒေသရှိ ဘင်္ဂါလီ(ရိုဟင်ဂျာ)များသည်ဒေသခံများ မဟုတ်ဘဲ လက်ရှိကမ္ဘာ့သတင်း မီဒီယာများ၌ ရေးသားနေသည့် သတင်းများသည် မြေပြင်အခြေအ နေနှင့် ကွဲလွဲမှုများဖြစ်နေကြောင်း စသည်တို့ နားလည်အောင် ရှင်းပြရသည်ဟု အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ အခြေစိုက် VOA သတင်းဌာန သတင်းထောက်ကို ဇော်ဝင်းလှိုင်က ပြောသည်။

‘‘မြန်မာနိုင်ငံမှာ ဖြစ်နေတာ ဟာ မွတ်စလင်ဆန့်ကျင်ရေး မဟုတ်ဘူး။ တရားမဝင် ဝင်လာသူ (ဘင်္ဂါလီတွေကို) လက်မခံနိုင်တဲ့ ကိစ္စ ဖြစ်တယ်ဆိုတာကို အလေးပေးပြောတယ်’’ဟု ကိုဇော်ဝင်း လှိုင်က ပြောသည်။

ထို့အပြင် ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်အပါအဝင် အချို့သော နိုင်ငံများရှိ သတင်းမီဒီယာအချို့သည် ရခိုင်အရေးနှင့် ပတ်သက်ပြီး သတင်းအမှားများ ဖြန့်ချိရေးသားနေသောကြောင့် အဖြစ်မှန်သိစေရန် ပိုမိုခက်ခဲ ကြောင်း ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာများကပြောသည်။

‘‘တချို့သော မီဒီယာနဲ့ပတ်သက်တဲ့သူတွေ အဖွဲ့အစည်းတွေအတွက်ပါ မေးမြန်းတာတွေ အခုအတောအတွင်း တော်တော်များ များရှိပါတယ်။ ကျွန်တော်ကလည်း အချိန်ပေးပြီး ပြန်ရှင်းပြခဲ့ ပါတယ်။ အဓိကအချက်က တချို့သော နိုင်ငံကြီးများနဲ့ တချို့သော မီဒီယာကြီးများက တစ်ဖက်သတ် အမြင်နဲ့ သတင်းမှားတွေကို နိုင်ငံ တကာအသိုင်းအဝိုင်းကို ဖြန့်နေ လို့ပါပဲ’’ဟု အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် နေထိုင်သော ကိုနေတင်မြင့်က ပြောသည်။ ကိုနေတင်မြင့်သည် စက်တင်ဘာ ၂၁ ရက်က (၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပနေသော နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်ရှေ့တွင် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရအဖွဲ့ လုပ်ဆောင်နေမှုအပေါ် ထောက်ခံသည့်ဆန္ဒပြပွဲကို အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသား ၂၀၀ကျော် နှင့်အတူ ပါဝင်ခဲ့သူဖြစ်သည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရအဖွဲ့ကို ထောက်ခံကြောင်း တန်ပြန်ဆန္ဒပြခြင်း၊ ဝါဒဖြန့်သတင်းမှားများကို မဟုတ်မှန်ကြောင်း ဖေ့စ်ဘွတ်ခ်၊ တွစ်တာကဲ့သို့ လူမှုကွန် ရက်များသုံး၍ ဖြေရှင်းခြင်း စသည်တို့ဖြင့် ဆန္ဒပြရပ်တည်ခဲ့သည်။

ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်သို့ ရောက်ရှိနေသော မြန်မာများသည် ယင်းနိုင်ငံများရှိ ကုလသမဂ္ဂရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ဆန္ဒပြခဲ့သည်။ ဂျပန်ရောက် မြန်မာနိုင်ငံသားများသည် ဒေါ်အောင် ဆန်းစုကြည်ကို ရှုတ်ချသည့် ဆန္ဒ ပြပွဲပြုလုပ်သော မွတ်စလင်အဖွဲ့ ကို တန်ပြန်ဆန္ဒပြသည်အထိ ပြု လုပ်ခဲ့သည်။

ရခိုင်အရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏အဓိက ဝေဖန်ပြစ်တင်ခံနေရသူသည် ဒီမိုကရေစီ မီးရှူးတန်ဆောင်ဟု တင်စားခံရသူ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ ဘင်္ဂါလီအရေး နှင့်ပတ်သက်၍ နှုတ်ဆိတ်နေသည်ဟုဆိုကာ နိုင်ငံတကာရှိထင်ရှားသူ များက ဝေဖန်ပြစ်တင်နေသည်။

အောက်စ်ဖို့ဒ်တက္ကသိုလ်ရှိ အကြီးဆုံးကောလိပ်များအနက် တစ်ခုဖြစ်သည့် စိန့်ဟုခ်ျကောလိပ် ပင်မအဆောက်အအုံအဝင်ဝ၌ ပြသထားသော ဒေါ်အောင်ဆန်းစု ကြည် ပုံတူပန်းချီကားကို ယင်း ကောလိပ်က စက်တင်ဘာလကုန် က ဖယ်ရှားခဲ့သည်။

‘‘ဘယ်လိုမြင်လဲ၊ ဒေါ်စု ဘာလို့မပြောတာလဲ၊ အများကြီး အသတ်ခံနေရတာတွေကို ဘာလို့ မြန်မာအစိုးရက လျစ်လျူရှုနေတာ လဲ။ မင်းတို့အမြင်ကကော ဘယ် လိုရှိလဲ။ မြန်မာအစိုးရ တရားသ လား စသဖြင့်တွေပေါ့လေ။ အမေးခံနေရတယ်’’ဟု ထိုင်းနိုင်ငံရောက်  မြန်မာလုပ်သားများအရေး ကူညီ ပေးနေသော FED ဖောင်ဒေးရှင်း အဖွဲ့မှ ဦးမင်းဦးက ၎င်း၏အတွေ့ အကြုံကို ပြောသည်။

နောက်ဆက်တွဲပြဿနာများ ကြောင့် လုံခြုံရေးစိုးရိမ်ရသဖြင့် စက်တင်ဘာ ၅ ရက်ကစ၍ မလေးရှားရောက် မြန်မာလုပ်သား ၆၀၀ ကျော် ပြန်လာခဲ့သည်။ နေရပ်ပြန် လာကြသော မြန်မာလုပ်သားများ သည် မလေးရှားမှ ထိုင်းနယ်စပ် ကိုဖြတ်ကာ အောက်လမ်းမှ ပြန် လာကြခြင်းဖြစ်သည်။

ထိုသို့ နေရပ်ပြန်ကြသူများရှိသော်လည်း ယခုဖြစ်စဉ်က ပြည်ပရောက်မြန်မာလုပ်သားအများစု၏ အလုပ်လုပ်ကိုင်ခွင့်၊ နေထိုင်ခွင့် တို့အပေါ် ကြီးမားသည့် ထိခိုက်မှု မျိုးမရှိနိုင်ကြောင်း မလေးရှား ရောက် မြန်မာလုပ်သားများအရေး ကူညီပေးနေသော ကပ်ပုန်း ခုနစ် ရက်နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောသည်။

‘‘အလုပ်လုပ်နေထိုင်ခွင့် ထိခိုက်မှုမျိုးတော့ မရှိပါဘူး။ တချို့ကလည်း တရားမဝင်ဖြစ်နေတော့ ကြောက်ကြ၊ စိုးရိမ်ကြတာလည်း ပါတာပေါ့’’ဟု ၎င်းက ဆိုသည်။

ရခိုင်အရေးနှင့်ပတ်သက်ပြီး မြန်မာအစိုးရ၏ ပြုမူပုံများ လုပ်ဆောင်နေသည့်အပိုင်းများနှင့် မေးမြန်းမှုသာရှိသော်လည်း လုပ်ငန်းခွင်ထိခိုက်လာသည့် ဖြစ်ပေါ်ခြင်း မရှိကြောင်း စင်ကာပူတွင် အလုပ် လုပ်ကိုင်နေထိုင်နေသော ကိုလင်း အောင်က ပြောသည်။

ထို့အပြင် ရခိုင်အရေးကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ဂျကာတာရှိ မြန်မာသံရုံးနှင့် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ မြန်မာသံရုံးတို့ တိုက်ခိုက်ခံရမှုအထိ ဖြစ်ပေါ်ခဲ့သည်။

စက်တင်ဘာ ၃ ရက် နံနက်တွင် မြို့တော်ဂျကာတာရှိ မြန်မာ သံရုံးကို မီးလောင်ဗုံးဖြင့် ပစ်ပေါက်မှုဖြစ်ပွားခဲ့ပြီး မီးအနည်းငယ်လောင်ကျွမ်းခဲ့သည်။ စက်တင်ဘာ ၃၀ ရက်ကလည်း ကိုင်ရိုမြို့ရှိ မြန်မာသံရုံးကို ဗုံးဖောက်ခွဲမှု ဖြစ် ပွားခဲ့သည်။ အီဂျစ်စစ်သွေးကြွအဖွဲ့ Hasm က ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်းဝန်ခံပြီး ဘင်္ဂါလီမွတ်စလင်များကို မြန်မာ့စစ်တပ်က နှိမ်နင်းမှုအပေါ် ပြန်လည်တုံ့ပြန် ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ရခိုင်အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တံခါးပိတ်ဆွေးနွေးပွဲတစ် ကြိမ်၊ တံခါးဖွင့်ဆွေးနွေးပွဲတစ်ကြိမ် ပြုလုပ်ထားပြီး လုံခြုံရေးကောင်စီ ၌ မြန်မာ့အရေးဆွေးနွေးရန် အ ကြိမ်ကြိမ် တောင်းဆိုခဲ့သည်။ တောင်းဆိုသည့်အထဲတွင် ကုလအင်အားကြီး နိုင်ငံများဖြစ်သော အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ် တို့ ပါဝင်နေသည်။

တံခါးဖွင့် ဆွေးနွေးပွဲတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံမှ ဗြိတိန်နှင့် အမေရိကန်တို့က မြန်မာအရေးအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး အမေရိကန်နိုင်ငံ သံအမတ်ကြီး က မြန်မာ့တပ်မတော်အနေဖြင့် လူ့အခွင့်အရေးများကို လေးစားမှုရှိ ရန်နှင့် အခြေခံလွတ်လပ်ခွင့်ကို တန်ဖိုးထားရန် တောင်းဆိုသည်။ ထို့အပြင် အမေရိကန်သံအမတ် ကြီး မစ္စစ်ဟာလေးက မြန်မာ့တပ်မ တော်အနေဖြင့် တာဝန်ယူဖြေရှင်း မှုများ မပြီးဆုံးမီအထိ စစ်လက် နက်ရောင်းချခြင်းကို ရပ်ဆိုင်းထား ရန်ပါ ကမ္ဘာ့နိုင်ငံများအား တိုက် တွန်းပြောကြားသည်။

ယင်းဆွေးနွေးပွဲသို့ မြန်မာ နိုင်ငံကိုယ်စားလှယ်အဖြစ် တက်ရောက်သူ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်ခြင်း မရှိကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထောင်ပေါင်းများစွာ ပြောင်းရွှေ့နေခြင်းသည် အကြမ်းဖက်မှုကြောင့် မဟုတ်ဘဲ စိုးရိမ်ကြောက်ရွံ့ခြင်း ကြောင့်ဖြစ်ကြောင်း တုံ့ပြန်ခဲ့ သည်။

လာမည့် အောက်တိုဘာတွင် ကုလလုံခြုံရေးကောင်စီဥက္ကဋ္ဌအ ဖြစ် ပြင်သစ်နိုင်ငံက အလှည့်ကျ တာဝန်ယူရမည်ဖြစ်၍ မြန်မာ့အရေး ပိုမိုဖိအားပေးလာနိုင်ဖွယ်ရှိသည်။ လက်ရှိ ပြင်သစ်သမ္မတကလည်း မြန်မာနိုင်ငံတွင် လူမျိုးတုံး သတ်ဖြတ်မှုရှိနေကြောင်း ကုလ၌ စွပ်စွဲပြောဆိုထားသည်။

ရခိုင်အရေးနှင့်ပတ်သက်ပြီး ဗြိတိန်က မြန်မာ့အပေါ် ဖိအားအ ပေးဆုံးနိုင်ငံဖြစ်ပြီး ထင်ရှားသော ဖြစ်စဉ်တစ်ခုသည် ရခိုင်အရေးကြောင့် ဗြိတိန်တွင် စစ်ပညာသင်ကြားနေသော မြန်မာ့တပ်မတော်သားအရာရှိငါးဦးအား သင်တန်းပေးနေမှုကို ရပ်ဆိုင်းခြင်းဖြင့် မြန်မာအပေါ် ပထမဆုံးကန့်သတ်မှု အချို့ စတင်ပြုခဲ့သည်။

ထို့အပြင် ရခိုင်အရေးကြောင့် လာမည့် မြန်မာ့ခရီးသွားရာသီ တွင် ဧည့်သည်အဝင်နည်းပါးမှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း ပြည်ပ ရောက် မြန်မာများက သုံးသပ် ပြောဆိုသည်။

‘‘ခရီးသွားလုပ်ငန်းအနေနဲ့ ထိခိုက်မှုတွေရှိနေတာ သိသလို ကိုယ်တိုင်လည်း ခရီးသွားလုပ်ငန်း လုပ်ကိုင်နေတဲ့သူဖြစ်လို့ အကျိုး သက်ရောက်မှု အများကြီးကို ကြုံ တွေ့ရပါတယ်။ သို့သော် ကျွန် တော်တို့ စိတ်ဓာတ်ကျနေလို့မဖြစ် ပါဘူး။ ခရီးသွားလုပ်ငန်းဆိုတာ လေကြောင်းလိုင်းတွေ၊ ဟိုတယ်နဲ့ တည်းခိုခန်းတွေ၊ စားသောက်ဆိုင် တွေ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ တွေ နောက်ဆုံး ဆိုက်ကားသမား အထိ ဝင်ငွေဖြစ်စေတဲ့ လုပ်ငန်း ပါ။ ဒီလုပ်ငန်းကို မထိခိုက်အောင် လို့ နိုင်ငံခြားသားတိုင်းကို ဆက်ဆံ ဝန်ဆောင်ပေးနေကြတဲ့သူတိုင်းနဲ့ နိုင်ငံခြားသားတွေကို ရှင်းပြနိုင်သူ တိုင်းက သေချာရှင်းပြပြီး ကာကွယ်ရမယ့် အချိန်ဖြစ်ပါတယ်’’ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တွင် ရွှေလူငယ် ခရီးသွားဝန် ဆောင်မှု လုပ်ကိုင်နေသူ ကိုမျိုးမင်းလတ်က ပြောသည်။

စက်တင်ဘာအတွင်း မြန်မာ နိုင်ငံသို့ လာရောက်လည်ပတ်ရန် စီစဉ်ထားသော အီတလီကမ္ဘာလှည့်ခရီးသွားအုပ်စုများ ခရီးစဉ်ဖျက်သိမ်းခဲ့ကြောင်း ကိုမျိုးမင်းလတ်က ပြောသည်။

‘‘နိုင်ငံတကာ Campaign တွေဖြစ်လာတော့ မြန်မာပြည်လာဖို့ ခရီးစဉ်ကို ဖျက်နိုင်ပါတယ်။ ဘယ်သူမဆို အနားယူသွားလာဖို့ဆိုရင် ဒီလိုပဋိပက္ခတွေရှိနေတဲ့နယ်ကို မသွားချင်ကြပါဘူး’’ဟု ကိုသားညွန့်ဦးက ပြောသည်။

နိုင်ငံတကာအသိုင်းအဝိုင်း က မည်မျှဖိအားပေးနေပါစေ ပြည်ပရောက် မြန်မာနိုင်ငံသားများကတော့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါ ဗီနိုင်းများကို ကိုင်ဆောင် ကာ ထောက်ခံရပ်တည်နေသည်။ လန်ဒန်မြို့တွင် နေထိုင်သော ကိုမြတ်ကျော်က ရခိုင်အရေးနှင့် ပတ်သက်၍ မြန်မာအစိုးရနှင့် မြန်မာနိုင်ငံသားများအပေါ် ထင်မြင်ဝေဖန်သုံးသပ်မှုများကို မတုန် လှုပ်ဘဲ ၎င်း၏ ရပ်တည်ချက်ကို ယခုကဲ့သို့ ယုံကြည်ချက်အပြည့် ဖြင့် ပြောကြားသည်။

‘‘ကျွန်တော်တို့ကတော့ We Stand With Daw Aung San Su Kyi ပဲ’’

7Day News

No comments:

Post a Comment