Latest News

Wednesday, October 4, 2017

သီတင်းကျွတ်လပြည့်

သီတင်းကျွတ်လပြည့်

သီတင်းကျွတ်လပြည့်နေ့ကို “အဘိဓမ္မာ အခါတော်နေ့” ဟုခေါ်ဆိုခြင်းကား အများသိကြ၏။ ဗုဒ္ဓပိဋကတ်တော်၌ ယင်းလပြည့်နေ့ကို “မဟာပ၀ါရဏာနေ့” ဟုခေါ်ဆို၏။

တစ်ဝါတွင်းလုံး တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်အောက် ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်တွင် သီတင်းသုံးတော်မူလျက် နေ့ညအသံမစဲ အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူပြီး၍ ပြီးဆုံးသောနေ့၊ လူ့ပြည်သို့ ပြန်လည်သက်ဆင်းတော်မူသောနေ့သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်၍ ထိုလပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်တို့က “အဘိဓမ္မာ အခါတော်နေ့” ဟုခေါ်ဆိုကြခြင်း ဖြစ်ပါသည်။

တစ်ဝါတွင်းလုံး အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူသောကြောင့် ၀ါတွင်းကာလနေ့များသည် အဘိဓမ္မာအခါတော်နေ့များသာ ဖြစ်ကြပါ၏။ ယခင်က ၀ါတွင်း၌ကျင်းပကြသော တရားပွဲများကို အဘိဓမ္မာတရားပွဲဟု ခေါ်ဆိုကြပါသည်။

စာရေးသူတို့ငယ်စဉ် ဇာတိညောင်စာရေးရွာတွင် ၀ါတွင်း ရွာလယ် ရှင်ဂေါတမဘုရားပေါ်၌ နေ့တရားပွဲများ ကျင်းပကြ၏။ “အဘိဓမ္မာတရားပွဲ” ဟုပင်ခေါ်ဆိုခဲ့ကြပါသည်။ အဘိဓမ္မာတရားကို ဟောကြားပါမှ ဓမ္မကထိက-အစစ်ဖြစ်ကြောင်း ပိဋကတ်တော်၌ မိန့်ဆို၏။

အစိန္တေယျမြတ်ဗုဒ္ဓသည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီး ခြောက်နှစ်အကြာသာ ၀တ္ထိမြို့ သရက်ဖြူကုန်းတွင် ရေမီးအစုံအစုံသော တန်ခိုးပြာဋိဟာတို့ကို ပြတော်မူပြီးနောက် ခုနစ်ဝါမြောက်ဝါကို ၀ါဆိုရန်နှင့် လူ့ဘ၀က မယ်တော်တော်စပ်ခဲ့ဖူးသော သန္တုသိတ နတ်သားအမှူးရှိသော စကြ၀ဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းအား အဘိဓမ္မာတရား ဟောကြားတော်မူရန် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူပါသည်။

ဓမ္မတာသိဒ္ဓိ

၁။ မယ်တော်သည် ဘုရားအလောင်းကို မွေးဖွားပြီး ခုနစ်ရက်မြောက်နေ့တွင် နတ်ရွာစံ ကံတော်ကုန်ရခြင်း၊ (ဘုရားအလောင်း သန္ဓေသားကိန်းပြီးသော သားအိမ်၌ ယောက်ျားတစ်ပါး မသွားလာအပ်သောကြောင့်ဖြစ်၏၊ မွေးဖွားပြီးချက်ချင်း မယ်တော်သည် ကံတော်ကုန်ခြင်း မဟုတ်ပါ။)

၂။ မယ်တော်သည် နတ်ရွာစံပြီးနောက် တုသိတာနတ်ပြည်၌ နတ်သားဖြစ်ရခြင်း။

၃။ ဘုရားရှင်တို့သည် ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာပြပြီးနောက် မယ်တော်မိနတ်သားအား ကျေးဇူးဆပ် အဘိဓမ္မာတရား ဟောကြားတော်ရန် ရှေးဘုရားရှင်တို့နည်းတူ တာဝတိံသာနတ်ပြည်၌ ၀ါကပ်တော်မူရခြင်း။

၎။ သီတင်းကျွတ်လပြည့်နေ့တွင် နတ်ပြည်မှ သက်ဆင်းတော်မူပြီး သင်္ကဿနဂိုရ်မြို့တံခါး၌ ပထမဆုံးသောခြေတော်ချရခြင်းတို့သည် ဖြစ်ရမြဲထုံးစံဖြစ်၏။ ထိုကို ဓမ္မတာသိဒ္ဓိ-ဟုခေါ်ဆိုပါသည်။

အဘိဓမ္မာ ခုနစ်ကျမ်းနှင့် ဟောရက်-
“ဓမ္မသင်, ၀ိဘင်္ဂ ဒွါဒသရက်စီ။
ခြောက်ရက်ကြာ ကျမ်းဓာတုရယ်နဲ့
ပုဂ္ဂလာခုနစ်ရက် ဟောမြွက်ခဲ့သည်။
ကထာဝတ် ရက်ရှစ်ညီ။ ၀ီသာပ ယမိုက်ကျမ်း။
ပဉ္စ၀ီပဋ္ဌာနရယ်လို့ လ-သုံးလီ မယ်တော်မိနတ်ကို ဟောသည့်ရက်တမ်း”။

(၁) ဓမ္မသင်္ဂဏီကျမ်း ၁၂ ရက်၊ (၂) ၀ိဘင်းကျမ်း ၁၂ ရက်၊ (၃) ဓာတုကထာကျမ်း ၆ ရက်၊ (၄) ပုဂ္ဂလပညတ်ကျမ်း ခုနစ်ရက်၊ (၅) ကထာဝတ္ထုကျမ်း ရှစ်ရက်၊ (၆) ယမိုက်ကျမ်း ၂၀ ရက်၊ (၇) ပဋ္ဌာန်းကျမ်း ၂၅ ရက် ဤသို့ အဘိဓမ္မာခုနစ်ကျမ်းကို ၀ါတွင်းသုံးလ ရက်ပေါင်း ၉၀ ၌ဖော်ပြပါရက်များအတိုင်း ဘုရားရှင် ဟောကြားတော်မူကြောင်းကို ရှေးမထေရ်မြတ်တို့က ဤလင်္ကာဖြင့် မှတ်တမ်းတင်ခဲ့ကြ၏။

မြတ်စွာဘုရားသည် ဆွမ်းခံဝင်ချိန်တွင် လူ့ပြည်သို့ သက်ဆင်းတော်မူလျက် အနောတတ်အိုင်တွင် ရေချိုးသန့်စင်မူပြီး မြောက်ကျွန်းသို့ ဆွမ်းခံဝင်တော်မူ၍ အနောတတ်အိုင်မှာပင် နေ့ဆွမ်းဘုဉ်းတော်မူပါသည်။

ဆွမ်းဘုဉ်းပေးပြီးနောက် နေ့သန့်တော်မူရန် စန္ဒကူးနံ့သာတောသို့ ကြွတ်ာမူ၏။ ဓမ္မသေနာပတိ အရှင်သာရိပုတြာသည် ၀တ်ကြီးဝတ်ငယ်ပြုရန် ရောက်လာ၍ တာဝတိံသာနတ်ပြည်၌ တစ်နေ့ချင်း ဟောကြားတော်မူသော အဘိဓမ္မာတရားတော် အနှစ်ချုပ်ကို နည်းပေးလမ်းပြသကဲ့သို့ ဟောကြားတော်မူပါသည်။

အရှင်သာရိပုတြာသည် သူ့တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ် တစ်ဖန်ပြန်ဟောကြား၏။ ဤသို့ဖြင့် ထိုဝါတွင်းမှာပင် နတ်ဗြဟ္မာတို့အား အဘိဓမ္မာကို အကျယ်နည်း၊ အရှင်သာရိပုတြာအား အကျဉ်းချုပ်နည်း၊ အရှင်သာရိပုတြာက တပည့်ငါးရာအား မကျဉ်းမကျယ် အလယ်အလတ်နည်းအားဖြင့် ဟောနည်းသုံးမျိုး ကွဲပြားပါသည်။

ဘုရားရှင်လူ့ပြည်သို့ ကြွတော်မူနေစဉ် တာဝတိံသာနတ်ပြည်၌ ဗုဒ္ဓကိုယ်စားတော် နိမ္မိတဘုရားရှင်ကို ဖန်ဆင်းကာ အဘိဓမ္မာတရားကို အစဉ်မပြတ်စေဘဲ ဟောကြားနေခဲ့ပါသည်။

အဘိဓမ္မာဒေသနာတော်ဟူသည်

၁။ ကုသလာ ဓမ္မာ-ကုသိုလ်တရား

၂။ အကုသလာ ဓမ္မာ-အကုသိုလ်တရား

၃။ အဗျာကတာ ဓမ္မာ-ကုသိုလ်၊ အကုသိုလ်မဟုတ်သော ရုပ်၊ နိဗ္ဗာန်၊ အမည်နာမ၊ တရားများဟူ၍ ဤသုံးမျိုးကို နည်းပေါင်းများစွာ၊ အမည်များစွာဖြင့် အကျယ်ချဲ့ ဟောကြားတော်မူသော တရားဖြစ်ပါသည်။

လင်္ကာ
ဖြစ်သော်သန့်ရှင်း၊ အပြစ်ကင်း၍၊ ကောင်းခြင်းသုခ၊ ကျိုးပေးက၊ ကုသလ-ဟုခေါ်။
ဖြစ်သော်ညစ်ထေး၊ အပြစ်ဘေးနှင့်၊ ဆိုး ကျိုးဒုက္ခ၊ ဖြစ်ပေါ်က၊ အကုသလ-ဟုခေါ်။

ဓမ္မဟူသည် အသက်ကောင်၊ လိပ်ပြာကောင်၊ ၀ိညာဉ်ကောင်မရှိ၊ ကြောင်းကျိုးဆက်၍ ရှေးနောက်စဉ်လျက် ဖြစ်တိုင်းပျက်နေသော သဘာဝတရားဟူ၏။

မဟာပ၀ါရဏာနေ့-
ဘုရားမြတ်စွာ လက်ထက်တော်အခါက ရဟန်းတော်များသည် ၀ါဆိုဦးတွင် ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းတရားတောင်းခံပြီး မိမိတို့နှင့် အဆင်ပြေသပ္ပါယမျှတမည့် တောရကျောင်း၊ ကျေးလက်ရွာများသို့ ကြွရောက်သီတင်းသုံးကြလျက် တရားအားထုတ်လေ့ရှိကြ၏။

ကောသလတိုင်း၊ ဇနပုဒ်ကျောင်းတွင် ၀ါဆိုကြသော သံဃာများသည် စကားမပြောကြဘဲ အချိန်ပြည့် တရားအားထုတ်ကြမည်။ ပြောစရာ၊ ဆိုစရာရှိက လက်အမူအယာဖြင့်သာ ပြကြရန်၊ သောက်ရေ,သုံးရေထည့်ရန်၊ ခပ်ရန်ကိစ္စနှင့် ဆွမ်းစားကျောင်းဝေယျာဝစ္စ စသောကိစ္စတို့ကိုလည်း အရင်သိသူ၊ အရင်ရောက်သူက အလိုက်သိစွာဖြင့် ဆောင်ရွက်ကြရမည်-ဟု အချင်းချင်း ကတိက၀တ်ပြုလျက် ၀ါဆိုသီတင်းသုံးနေထိုင်ကြပါသည်။

ထိုသံဃာများသည် ၀ါကျွတ်ချိန်၌ ဘုရားဖူးရန် သာဝတ္ထိမြို့၊ ဇေတ၀န်ကျောင်းတော်သို့ ကြွလာကြ၏။

ဘုရားရှင်က “ရဟန်းတို့၊ ချမ်းသာစွာ ၀ါဆိုနိုင်ခဲ့ကြရဲ့လား၊ အချင်းချင်းရော ညီညွတ်ကြပါရဲ့လား၊ ဆွမ်းကွမ်းရော ပြည့်စုံမျှတကြပါရဲ့လား” ဟု နှုတ်ဆက်တော်မူသော်-
“မှန်လှပါဘုရား၊ ညီညွတ်ကြပါသည်၊ ငြင်းခုံခြင်းလည်း မရှိကြပါ၊ ဆွမ်းကွမ်းလည်း ပြည့်စုံမျှတပါသည်ဘုရား” ဟုလျှောက်ထားကြသဖြင့်-
ဘုရားရှင်က “မည်ကဲ့သို့ ညီညွတ်စွာ နေထိုင်ကြပါသလဲ”-
“တစ်ဝါတွင်းလုံး အချင်းချင်း စကားမပြောကြဘဲနေကြပါသည် ဘုရား”
“ရဟန်းတို့၊ သင်တို့သည် တိရစ္ဆာန်တွေလို၊ သိုးတွေလို၊ ရန်သူတွေလို၊ လူအ,တွေလို နေခဲ့ကြတာပါကလား” ဟု ပြစ်တင်တော်မူပြီး ထိုကဲ့သို့ အချင်းချင်းစကားမပြောဘဲ မနေအပ်။ နေသော် ဒုက္ကဋ်အာပတ်သင့်၏-ဟု သိက္ခာပုဒ်ပညတ်တော်မူသည့်အပြင် “ရဟန်းတို့၊ ၀ါဆိုပြီးကြကုန်သော ရဟန်းဟူသမျှ သီတင်းကျွတ်လပြည့်နေ့တွင် ပ၀ါရဏာပြုကြရမည်” ဟုလည်း မိန့်တော်မူပါသည်။

ပ၀ါရဏာဟူသည်-
ဝါဆိုသံဃာများအားလုံး သိမ်အတွင်းသို့ စုံညီစွာကြွရောက်ကြလျက် ဥာသ်ကမ္မ၀ါ စာဖတ်ကြားçအသိပေးပြီး တစ်ပါးချင်းစီ “အရှင်ဘုရားတို့၊ တပည့်၏အပြစ်ကို မြင်၍သော်လည်းကောင်း၊ ကြား၍သော်လည်းကောင်း၊ ယုံမှားသံသယရှိ၍ သော်လည်းကောင်း ထောက်ပြပြောဆိုကြပါ၊ သံဃာတော်ကို ဖိတ်မံပါသည်ဘုရား” ဟု နှုတ်မြွက်လျက် ဖိတ်မံကြရပါမည်။ ထိုသို့အချင်းချင်း အပြစ်ထောက်ပြ,ပြောဆိုရန် ဖတ်ကြားခြင်းကို ပ၀ါရဏာပြုသည်ဟု ခေါ်ဆိုပါသည်။ ထိုသို့ပ၀ရဏာပြုရမည်နေ့သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်၏။ ပူဇော်အပ်မြတ်သောကြောင့် “မဟာပ၀ါရဏာ” ဟုခေါ်ဆို၏။

ထိုသို့ သီတင်းကျွတ်လပြည့်နေ့တွင် ပ၀ါရဏာပြုပြီး ၀ါဆိုလပြည့်ကျော်တစ်ရက် အရုဏ်တက်ချိန်၌ သံဃာများ ၀ါဆိုဝါကပ်သိက္ခာပုဒ်ကို ဖြည့်ကျင့်ပြီး၊ ၀ါဆိုပြီးဖြစ်၍ သီတင်းဝါလကျွတ်တော့၏။

အချင်းချင်းပြောဆိုသင့်သည်တို့ကို ပြောဆိုကြပါမှ ညီညွတ်ခြင်းကို ဖြစ်စေနိုင်သည့်ပြင် ကြီးပွားတိုးတက်ခြင်းကိုလည်း ရစေနိုင်ပါသတဲ့။ အပြစ်ရှိသူမှန်းသိပါလျက် မပြောရဲ, မဆိုရဲဖြစ်နေကြလျှင်၊ မိမိအပြစ်ကို ၀န်မခံရဲကြလျှင် “သူ့ကိုယ်မယုံ၊ ကိုယ့်သူမယုံ” အချင်းချင်းသံသယတို့ဖြင့် သင်ပုန်းချေရင် ကြားစေ့ရေးကား ဝေးနေဦးမည်သာ။

မြင်းမိုရ်တောင်မှ ဆင်းသက်တော်မူခြင်းကို အကြောင်းပြု၍ မြင်းမိုရ်ပွဲ၊ ဆီမီးများဖြင့် ကြိုဆိုပူဇော်ခြင်းကို မီးထွန်းပွဲ၊ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော်အား ရည်မှန်း၍ မီးပုံးပျံလွှတ်ပွဲတို့ကား ဗုဒ္ဓဘာသာဝင်များပီပီ ကြည်ညိုစိတ်ဖြင့် ကောင်းမှုကုသိုလ်ပြုကြခြင်းပင် ဖြစ်ပါကြောင်း..။

အရှင်ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ)

Eleven Media Group

No comments:

Post a Comment