Latest News

Wednesday, October 4, 2017

အမိအဘအရင်းကို အမိအရ မညှဉ်းကြပါနဲ့

အမိအဘအရင်းကို အမိအရ မညှဉ်းကြပါနဲ့

စာရေးသူသည် ဝန်ထမ်းဘဝမှ အငြိမ်းစားယူပြီးနောက် ဒဂုံဆိပ်ကမ်းမြို့နယ် ကွမ်အပ်သားမင်းသားကြီးလမ်းရှိ ရွှေသံလွင်ဘိုးဘွားရိပ်သာတွင် ၂၀၁၃ ခုနှစ်မှစ၍ ဒုဥက္ကဋ္ဌအဖြစ် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကရုဏာသက်ဖွယ်ကောင်းရုံမျှမက လွန်စွာတရားကျဖွယ်ကောင်းလှသော အတွေ့အကြုံအချို့ကို ဖော်ပြလိုလှ၏။ အဘွားအိုတစ်ဦးသည် ဘိုးဘွားရိပ်သာတွင် လာရောက်နေထိုင်လိုကြောင်း လျှောက်ထားလာသဖြင့် အဘွား၏ ဘဝနောက်ကြောင်းကို အဖွဲ့ဝင်များ ဝိုင်းဝန်းမေးမြန်းကြသောအခါက ဖြစ်ပါသည်။ အဘွားသည် အသက် (၇၀)ကျော်အရွယ် ရှိ၏။ ကျက်သရေရှိပြီး နွမ်းနယ် သော မျက်နှာမှ အပြုံးရိပ်များမှာ တိမ်ဖုံးထားသည့်ကြားမှ လရောင် ကို သတိရစေ၏။ ရုပ်ရည်သန့်ပြန့် ပြီး မျက်လုံးဝိုင်းဝိုင်းကြီးများရှိ၏။ အငြိမ်းစားအလယ်တန်းကျောင်း ဆရာမကြီးဖြစ်ကြောင်းနှင့် မှီခို အားထားမည့်သူ လုံးဝမရှိကြောင်း သိရှိရ၏။

ကျောင်းဆရာမကြီးဟု သိရှိရသဖြင့် စာရေးသူက လွန်စွာလေးစားသွားမိပါသည်။ ကိုယ်တိုင် ကျောင်းဆရာလုပ်ခဲ့ဖူး၍ ဖြစ်၏။ အံ့ဩဖွယ်ကောင်းသည်မှာ ဆရာမကြီးသည် အခြားမှီခိုအားထားရမည့် သူမရှိ၊ ပုံမှန်ထောက်ပံ့မည့် သူမရှိ၊ ပြုစုစောင့်ရှောက်မည့်သူ မရှိသော်လည်း အိုကြီးအိုမနှင့် သူမ ထောက်ပံ့နေရသူ၊ ပြုစုနေရသူတစ်ဦး ရှိနေလေ၏။ ၎င်းမှာ အခြားသူမဟုတ်ပါ။ ဆရာမကြီး၏ သားအရင်းခေါက်ခေါက်ဖြစ်ပေသည်။ အသက်ငယ်ရွယ်သူလည်း မဟုတ်။ (၃၅)နှစ်အရွယ်ဖြစ်၏။ မိန်းကလေးလည်းမဟုတ်၊ ယောက်ျားရင့်မာကြီးဖြစ်၏။ ဒုက္ခိတလည်းမဟုတ်၊ ကျန်းမာသန်စွမ်းသူဖြစ်၏။ တစ်ဦးတည်းသောသားဖြစ်ပြီး ဘာအလုပ်မျှမလုပ်။ အမေတစ်ခု သားတစ်ခုဘဝတွင် မိခင်ထံမှ ရသမျှ လက်ဖြန့်တောင်းယူ၏။ သူ့ကို ဆရာမကြီးက ချက်ပြုတ်ကျွေးရ၏။ အရက်သေစာလည်း သောက်စားသေး၏။ တောင်းရမ်းမရလျှင် မိခင်အား အမျိုးမျိုးရန်လုပ်တတ်ကြောင်းလည်း သိရှိရ၏။

‘‘ဆရာမကြီး ဘိုးဘွားရိပ်သာမှာလာနေရင် သားကိုတစ်ယောက်တည်းထားခဲ့မှာလား၊ စိတ်ကို အပြတ်ဖြတ်နိုင်ရဲ့လား’’ဟု အဖွဲ့ဝင်တစ်ဦးက သွေးတိုးစမ်းမေးသောအခါ မျက်လုံးဝိုင်းဝိုင်းကြီးတွင် မျက်ရည်တွေဥပြီး အဖြေမပေးနိုင် ဘဲ ငိုင်နေရှာလေ၏။ ဆရာမကြီး၏ ရင်တွင်းခံစားချက်များကို ခန့်မှန်းနားလည်ပြီး ကရုဏာသက်မိ၏။ အတူလိုက်ပါလာသော တပည့်တစ်ဦးက ‘ဆရာမကြီးက အဲဒီဝဋ်က ကျွတ်ချင်လို့ ဘိုးဘွားရိပ်သာကို လာတာပါခင်ဗျာ’ ဟု ဝင်ပြောရှာ၏။

နောက်ဆုံးတွင် ဆရာမကြီးက ‘ကျွန်မ ဒီကိုလာတာ သူလုံးဝ မသိသေးပါဘူး။ ဆရာတို့ရယ် ကျွန်မ သူ့ကို ပြန်ပြီးပွင့်ပွင့်လင်းလင်းပြောပြီး သူ့အတွက် စီစဉ်ပေးပြီးတော့မှ နောက်တစ်ခေါက်ပြန်လာပါရစေနော်’ ဟု မျက်ရည် သုတ်ရင်း မာန်တင်းပြောရှာ၏။ လိုက်ပို့သည့် တပည့်ကလည်း ‘ကျွန်တော်တို့ပါ ဆရာမကြီးသားကို ဝိုင်းပြောပါ့မယ်။ မပြောဘဲနေ ပြန်ရင် လူပျောက်တယ် ဖြစ်နေပါဦးမယ်’ဟုပြောပြီး ဆရာမကြီးနှင့် အတူ ပြန်သွားကြပါသည်။ ဆရာမကြီး ပြန်မလာတော့ပါ။ ဩော်... သားဖြစ်သူထံ ခွင့်ပြုချက်တောင်း နေရမည့် ဘဝပါလား၊ ဝဋ်ကြွေးကြီးလှပါလားဟု တွေးမိတိုင်း စိတ်မကောင်းဖြစ်မိပါသည်။

နောက်ထပ် ဆရာမကြီးတစ်ဦးရှိ၏။ သားသမီးလုံးဝမရှိရှာဘဲ တစ်ကောင်ကြွက်ဖြစ်လေသည်။ ဘိုးဘွားရိပ်သာ၌ သူ၏ ကြေကွဲဖွယ် ‘ဆန်စုံစား၊ ကံကုန်သွား’ ဆိုသကဲ့သို့ ပြိုကွဲခဲ့သော အိမ်ထောင်ရေးဘဝကို မျက်ရည်စမ်းစမ်းဖြင့် ပြောပြနေသူဖြစ်၏။ ကွယ်လွန်သွားပြီဖြစ်သော သူမ၏ ခင်ပွန်း မှာ စာရေးသူ၏ အထက်အရာရှိ ဖြစ်ခဲ့ဖူး၏။ တစ်နေ့တွင် လက်ရှိကာကွယ်ရေးဦးစီးချုပ်ကြီး၏ ဇနီးသည် ဘိုးဘွားရိပ်သာသို့ ရောက်ရှိ လာ၏။ ဘိုးဘွားရိပ်သာသို့ လာနေ ပြီဖြစ်ကြောင်း၊ မည်သည့်အချိန်ဆိုလျှင် ရောက်မည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးထံ ဖုန်းဆက်ရာ အုပ်ချုပ်ရေးမှူးက စာရေးသူထံ ဖုန်းဆက်သတင်းပို့၍ အပြေးအလွှားအရောက်သွားခဲ့၏။ ဘိုးဘွား ရိပ်သာသို့ စာရေးသူရောက်ရှိပြီး မကြာမီ ကာကွယ်ရေးဦးစီးချုပ် ကြီး၏ ဇနီးလည်းရောက်ရှိလာ၏။ ယာဉ်တန်းမပါ၊ မည်သည့်အဆောင်အယောင်မျှလည်းမပါ၊ အဖြူရောင်ယာဉ်နှစ်စီးသာပါကြောင်း တွေ့ရှိရ၏။

အထက်တွင် ဖော်ပြခဲ့သော ဘိုးဘွားရိပ်သာရှိ ဆရာမကြီးကား ဆရာအတတ်သင်ကျောင်းတစ်ကျောင်းမှ အငြိမ်းစားဆရာမကြီး ဖြစ်၏။ ဆရာမကြီးသည် ငယ်စဉ်က စမ်းချောင်းမြို့နယ် စိန့်ဖလော် မီးနားကျောင်း (မကြီးကြီးလမ်း ထိပ်)၌ အလယ်တန်းပြ ဆရာမဖြစ်ခဲ့၏။ ကာကွယ်ရေးဦးစီးချုပ်ကြီး၏ ဇနီးသည် စိန့်ဖလော်မီးနားကျောင်း သူဟောင်းဖြစ်ခဲ့ပြီး ဆရာမကြီးမှာ ၎င်း၏ အတန်းပိုင်ဆရာမဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်က ဆရာမဖြစ်ခဲ့ဖူးသော အဘွား၏ လက်ကိုတွဲ၍ နှစ်ဦးသား ပြုံးရွှင် ကြည်နူးနေကြပုံကို မြင်ယောင်နေ မိ၏။ အခြားစိန့်ဖလော်မီးနား ကျောင်းသူဟောင်းများလည်း လိုက်ပါလာကြ၏။

စာရေးသူက ဘိုးဘွားရိပ်သာ၏ နောက်ခံသမိုင်းအကျဉ်းကို ရှင်းပြပြီး ဘိုးဘွားရိပ်သာကို လှည့်လည်ပြသပါသည်။ မိမိအား ငယ်စဉ်က ပညာသင်ကြားပေးခဲ့သော ဆရာမကြီးအား လာရောက်၍ ကန်တော့ခြင်းဖြစ်ကြောင်း၊ မိမိ၏ မိတ်ဆွေကျောင်းသူဟောင်းများကိုပါ ခေါ်ဆောင်လာကြောင်း၊ အဘိုး အဘွားဆောင်များကို ကြည့်ရှုခဲ့ပြီး စောင့်ရှောက်ပုံကို ကျေနပ်မိကြောင်းနှင့် ဆရာမကြီးအား စောင့်ရှောက်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ကာကွယ် ရေးဦးစီးချုပ်ကြီး၏ ဇနီးက ပြောကြားခဲ့ပြီးနောက် အဘိုးအဘွား အားလုံးကိုပါ အလှူငွေများ လှူ ဒါန်းပြီး ပြန်လည်ထွက်ခွာသွားပါ သည်။ စာရေးသူသည် ဆရာမကြီး နှစ်ဦးကို နှိုင်းယှဉ်နေမိ၏။ ဆရာမကြီးဘဝဖြင့် အသက်မွေးခဲ့ကြပုံချင်းတူညီခဲ့ကြသော်လည်း တစ်ဦးမှာ သားအရင်းခေါက်ခေါက်ရှိ၏။ သို့သော် သားဖြစ်သူက ကျေးဇူးတရားမသိ၊ အိုမင်းသည့်တိုင် ဒုက္ခပေးခြင်းကို လည်စင်းခံနေရရှာ၏။ တစ်ဦးမှာမူ သားသမီးမရှိ အထီးကျန်၏။ သို့သော် ဘိုးဘွားရိပ်သာကို လွတ်လွတ်ကျွတ်ကျွတ်ခိုဝင်၍ အေးငြိမ်းစွာနေနိုင်ရှာပြီး အထွတ်အထိပ်ရောက်နေသော တပည့်၏ ကျေးဇူးသိမှုကို ကြည်နူးစွာ ခံစားနေနိုင်သေး၏။ တစ်ဦးမှာ အိုကြီးအိုမအရွယ်တွင် သား ဆိုသော အနှောင်အဖွဲ့မှ ရုန်းထွက်ရန် မလွယ်သဖြင့် ဘိုးဘွားရိပ်သာ မဆိုထားဘိ၊ တရားရိပ်သာပင်ဝင်ရန် မလွယ်ရှာသော ဘဝ၌ နစ်မွန်းနေ၏။ ဝမ်းနှင့်လွယ်၍ မွေးခဲ့ရသော သားသမီးကို ‘ခွင့်ပြုတော်မူပါ’ ဟု တောင်းပန်ရမည့် ဆရာမ ကြီး၏ ဒုက္ခကို စဉ်းစားရင်း ‘မိဘအရင်းကိုပင် အမိအရ ညှဉ်းရက်ပါပေ့’ဟု ဒေါသဖြစ်နေမိပါသည်။

နောက် အဘွားအိုတစ်ဦးရှိ၏။ ပြုစုလုပ်ကျွေးမည်သူမရှိ၍ ဘိုးဘွားရိပ်သာသို့ ရောက်ရှိလာခဲ့၏။ သို့သော် အထီးကျန်ဘဝတော့ မဟုတ်ပါ။ သားတစ်ဦးရှိပြီး ချွေးမက လုံးဝလက်မခံ၍ ဟိုဆွေမျိုးအိမ်၊ သည်ဆွေမျိုးအိမ် လှည့်ပတ်နေ ရာမှ နောက်ဆုံး ဘိုးဘွားရိပ်သာ သို့ ရောက်ရှိလာခြင်းဖြစ်၏။ သား ဖြစ်သူက မိခင်ထံသို့ တစ်ကြိမ်မျှ လာရောက်မတွေ့ဆုံခဲ့ပေ။ အဘွားသည် ဘိုးဘွားရိပ်သာ၌ နှစ် နှင့်ချီ၍ နေထိုင်ပြီးနောက် လူကြီးရောဂါဖြင့် ကွယ်လွန်ချိန်နီးသောအခါမှ သားဖြစ်သူထံ အကြောင်း ကြားနိုင်၏။ ထိုအခါမှ ကိုယ်တော်ချောသည် နယ်မြို့တစ်မြို့တွင် အရာရှိတစ်ဦးဖြစ်နေကြောင်း သိရှိခဲ့ရလေတော့၏။ အဘွားက သားဂုဏ်သိက္ခာကိုထိန်းပြီး မသေခင် သား၏ အလုပ်အကိုင်နှင့်ပတ်သက်၍ တစ်ခွန်းတစ်ပါဒမျှ ဖွင့်မပြောခဲ့ပေ။ ကွယ်လွန်ပြီးခါမှ ဘသားချော ရောက်ရှိလာပြီး သင်္ဂြိုဟ်စရိတ်၊ ဆွမ်းကျွေးစရိတ် လာရောက်လှူဒါန်းခဲ့ကြောင်း သိရလေသည်။ ဩော်... အမိအရင်းကို အသိယွင်း၍ အတိအလင်း ညှဉ်းပုံမှာ ရက်စက်လှပါကလား ဟု ရင်ထုမနာဖြစ်မိပါသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့တွင် ဘိုးဘွားရိပ်သာ၏ (၁၈)ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ကျင်းပခဲ့လေသည်။ ဒေါ်ရီရီသန့်၏ မြန်မာမှုတီး ဝိုင်းနှင့် အဘိုးအဘွားများအား ဓမ္မ တေးခေတ်ဟောင်းတေးများနှင့် ဖျော်ဖြေရာ အဘိုးအဘွားအချို့ကလည်း ဝါသနာအလျောက် ခေတ်ဟောင်းတေးများ ဝင်ရောက်သီဆို ကြ၏။ အဘွားတစ်ဦးက ‘အမေ့အိမ်ကိုပဲ ချစ်သမီးလွယ်ပါတယ်’ ဟူသော သီချင်းကို သီဆို၏။

သီချင်းဆိုရင်း မျက်ရည်များကျလာ၏။ အသံတုန်တုန်ဖြင့် ‘အမေက ကျွန်မကို ငယ်ငယ် အထွေးဆုံးမို့ ချစ်တယ်... ချစ်တယ်’ဆိုသော နေရာအရောက် ငိုသံများ ပါဝင်လာ၏။ စာရေးသူသည် နားထောင်ရင်း အတူမျှောခံစားမိပြီး ကွယ် လွန်သူ အမေ့ကို သတိရ၍ မျက်ရည်ဝဲမိ၏။ အသက် (၈၀)ကျော် အဘွားသည် ငယ်စဉ်ဘဝ အမေ့ အိမ်၊ အမေ့ရင်ခွင်ကို လွမ်းမပြေ မှန်းချွေ တနေရှာ၏။ အဘွား၌ သားသမီးမရှိ၍မဟုတ်။ ဝေးလံ ခေါင်ဖျားဒေသများ၌ ဆင်းရဲနွမ်း ပါးစွာ ရုန်းကန်အခြေချနေပြီး အမေ့ကို ခေါ်မထားနိုင် မကျွေးနိုင်ဟု သိရ၏။ ဩော်... သူတို့တွေက အမေနှင့် အမေ့အိမ်ကို မေ့ထား ရက်ကြလေခြင်းဟု တွေးမိ၏။ သားသမီးအကြောင်းမေးလျှင် စိတ်နာသည်လည်းမဆို၊ သတိရ သည်လည်းမပြော၊ သူတို့ကလည်းလုံးဝမဆက်သွယ်၊ အဘွားကလည်း သံယောဇဉ်ကင်းလေ ကောင်းလေပါပဲလေဟု ပြော၏။

အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးတို့မှာမူ အထီးကျန်သောဘဝ၌ ငယ်မူပြန်ကြ၏။ လွန်ခဲ့သော နှစ်ပတ်လည်နေ့က ဖြစ်ပါသည်။ အဘိုးက သူများတွေနှင့် တစ်မူထူး ၍ ‘မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါ’ သီချင်းဆိုပြီး အဘွားကို လှမ်း ကြည့်၏။ အဘွားကလည်း ပြုံးပြုံး ပြုံးပြုံးနှင့် ဆုတွေလာချ၏။ နှစ်ဦးစလုံး (၇၀)နီးပါးရှိ၏။ အဘိုးကပြုံးပြီး အဘွားကိုငေးရင်း တေးချင်းကို ပိုင်ပိုင်နိုင်နိုင် သီဆိုနေ၏။ ပွဲပြီး၍ နှစ်လ၊ သုံးလကြာသော် အဘိုးလည်း သူ့မွေးရပ်သို့ ပြန် မည်ဟု ၎င်းအား လာပို့သူများကို ဆက်သွယ်ပြီး ဘိုးဘွားရိပ်သာမှ ထွက်ခွာခွင့်တောင်းခံ၍ ထွက်ခွာသွား၏။ အဘွားကလည်း မဆိုင်းမတွ အဘိုးသွားပြီးရက်ပိုင်းအတွင်း၌ပင် သူမအား လာပို့သူများ ကို ဆက်သွယ်ပြီး နေထိုင်၍ မပျော်၊မနေနိုင်တော့ဟုပြောကာ ပြန်ခွင့်တောင်းခံပြီး ပြန်သွားလေ၏။ စာရေးသူသည် တစ်ခါတစ်ခါ သူတို့ အကြောင်းကို မျက်လုံးဖွင့်ပြီး ဆက်စပ်ကြည့်နေမိပါသည်။

ကရုဏာသက်ဖွယ် အဘိုးတစ်ဦးအကြောင်း ပြောပြချင်ပါသေးသည်။ လွန်ခဲ့သောလအတွင်း အဘိုးတစ်ဦးအား ဘိုးဘွားရိပ်သာသို့ လာရောက်အပ်နှံကြ၏။ သားသမီးများက လာပို့ခြင်းဖြစ်၏။ သားသမီးများမှာ ဆင်းရဲနွမ်းပါးပုံ မရပေ။ စာရေးသူက ‘မိဘကို မကျွေးနိုင်ကြဘူးလား’လို့ ခပ်ပြတ်ပြတ်မေးသောအခါ ကျွေးမွေးနိုင်ကြောင်းပြော၏။ ‘ဒါဖြင့် ဘာဖြစ်လို့ လာပို့တာလဲ’ဟုမေးရာ ‘အဖေက ဒီမှာ လာနေချင်တယ်ဆိုပြီး ပူဆာနေလို့ပါ’ဟု ဖြေကြ၏။ အ နည်းငယ်ထူးဆန်းနေ၏။ အဘိုး ကို တိုက်ရိုက်မေးမှ ဖြစ်တော့မည်ဟု သဘောပေါက်ပြီး ‘အဘိုးသားသမီးတွေ ကျွေးမွေးနေပါလျက်နဲ့ ဘာဖြစ်လို့ ဒီမှာလာနေချင်ရတာပါလဲ အဘိုး၊ ပွင့်ပွင့်လင်းလင်းပြောနော်’ဟုဆိုသောအခါ အဘိုးသည် အနည်းငယ်တုံ့ဆိုင်းနေရာမှ ‘ကျုပ်အသက်ကြီးပြီ။ ဘဝရဲ့နောက်ဆုံးရက်တွေမှာ နားအေးအေးနေချင်တယ်ဗျာ။ အိမ်မှာ အလွန်နားပူတယ်။ ဒါကြောင့် မနေချင်ဘူး’ ဟု ပြောရှာလေ၏။ ပြဿ နာက သားသမီးများအားလုံး အဘိုးနှင့်အတူ နေထိုင်ကြ၏။ သို့သော် စားဝတ်နေရေးအတွက် အိမ်တွင်း၌ စီးပွားရေးလုပ်ငန်းများကို လုပ်ကြကိုင်ကြရ၏။ ဆူညံနေသောအသံများကို အဘိုးက နေ့စဉ်နားမခံနိုင်ဖြစ်နေရှာ၏။ အသံ နှင့်ပတ်သက်၍ ပတ်ဝန်းကျင်ညစ် ညမ်းမှု ပြဿနာဟုဆိုနိုင်ပြန်၏။ စာရေးသူတို့က ‘အဘိုး နားငြီးသက်သာဖို့သက်သက် ဘိုးဘွားရိပ်သာမှာ နေခွင့်ပြုထားလို့ မရပါဘူးခင်ဗျာ’ဟု ရှင်းပြသောအခါ မျက်နှာငယ်သွားရှာ၏။ သားသမီးများကို ပင် မိမိတို့ ဖခင်၏ နောက်ဆုံးရက်များမှာ နားအေးအေးနေထိုင်နိုင်ရေးအတွက် ဝိုင်းဝန်းကြံဆစီစဉ် ပေးကြရန်သာ တိုက်တွန်းခဲ့ကြလေ၏။ အမှန်တော့ အဘိုးခမျာ နေ့စဉ်ကြားလိုသည်က သားသမီးများ၏ ချိုသာသောစကား၊ ကြားနေရသည်က ဝုန်းဝုန်းဒိုင်းဒိုင်းဖြစ်၍ ကြိတ်မနိုင်ခဲမရဖြစ်ကောင်းဖြစ် မည်ဟု ထင်မြင်မိ၏။

ဤနေရာတွင် အဘိုးအဘွားများကို ဆက်ဆံရေးနှင့်ပတ်သက်၍ ပုဂံခေတ်က အလောင်းစည်သူမင်းကြီးသည် အဘိုး၊ အဘွားများကို ပြစ်မှားခဲ့သည့်အကြောင်း ပြန်လည်သတိရမိ၏။ အလောင်းစည်သူမင်းကြီးသည် သိန်းခိုကျွန်းမည်သော သီရိလင်္ကာနှင့် မလ္လာယုကျွန်းခေါ်သော မလေးရှားတို့ကိုရောက်၍ အလွန်ဘဝင်မြင့်သွားသည်ထင်၏။ ငါ၏ ဘေးဘိုးများ ငါ့လောက်ဘုန်းကြီးမည်မထင်ဟု ဝစီကံ၊ မနောကံဖြင့် ပြစ်မှား၍ မျက်လုံးနှစ်ဖက်ကွယ်ခဲ့သည်ဟုဆို၏။ (ဘုရင်တစ်ပါး၌ ရှိသင့်သော ဉာဏ်မျက်စိများ ကွယ်သည်ဟုလည်း ဆိုနိုင်၏။) အလောင်းစည်သူ ပုဂံခေတ်က နိုင်ငံခြားရောက်သည်ကို မဆိုထားနှင့် စာရေးသူပင် အရာရှိဘဝက စင်ကာပူလောက်ရောက်ဖူးရုံမျှဖြင့် ဖခင်ကို မိမိလောက် နိုင်ငံခြား ဗဟုသုတမရှိဟု ပြစ်မှားမိခဲ့ဖူး၏။ အလောင်းစည်သူသည် ရွှေပန်းခိုင်၊ ငွေပန်းခိုင်များဖြင့် ဘိုးတော်များ၏ ရုပ်တုများအား ပူဇော်သော အခါမှ မျက်လုံးများ ပြန်မြင်သည်ဟု ဆို၏။ ဉာဏ်မျက်စိအလင်းပါ ပြန်ရခြင်းဖြစ်ပေမည်။

မြေးတော် နရပတိစည်သူမင်းက ၎င်းနေရာ၌ ကန်တော့ပလ္လင် (ဂေါဓေါပလ္လင်) ဂူဘုရားကိုအမှတ်တရ တည်ထားခဲ့လေ၏။ အဘိုး၏အဖြစ်ကို သင်ခန်းစာယူနိုင်ရန် ရည်ရွယ်သကဲ့သို့၎င်း၏ ရင်တွင်း၌ အဘိုးဘဝကို အလေးအနက်ထားသည့် စိတ်ဓာတ်ကိုပါ ထင်ဟပ်ခြင်းဖြစ်၏။ သူ၏ ဖခင်က အဘိုးကို လုပ်ကြံသတ်ဖြတ်သည်အထိ ရိုင်းစိုင်းခဲ့သည့်အတွက် တောင်းပန်လိုသည့် စိတ်ဓာတ်လည်း ဖြစ်နိုင်၏။ အဖကိုသတ်သော သားရှိသကဲ့သို့ အဘိုးကိုချစ်သောမြေးသည်လည်း ပုဂံခေတ်မှာပင်ရှိခဲ့လေ၏။ စာရေးသူတို့ မျက်မှောက်ခေတ်၌ အမိအဘအရင်းကို အမိအရ ညှဉ်းသကဲ့သို့ ပြုရက်သူများအား သတိသံဝေယူစေလို၍ ‘ရှိခိုး ပန်ဆင်ကန်တော့ပလ္လင်’ကဗျာဖြင့် နိဂုံးချုပ်အပ်ပါသည်။

ချိုနှိမ်မြင်တွေး၊ ဘိုးဘေးပြစ်မှား

ဒုက္ခများသူ၊ တွဲယူလက်ယှက်

မေတ္တာဆက်၍၊ ဖြန့်ကြက်ကောင်းမှု

ကုသိုလ်ပြုသူ၊ နှစ်မျိုးလူတို့

မတူသဘော၊ စောကြောသိစေ

ပုဂံမြေမှာ၊ ရှေးအခါက

ကြုံလာဖြစ်ပုံ၊ လွှမ်းခြုံတွေးရင်း

ရင်တွင်းအသိ၊ ရွှန်းပီတိနှင့်

ရှိခိုးပန်ဆင်၊ ကန်တော့ပလ္လင်... ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေး သူ၏ အာဘော်သာဖြစ်သည်။)


7Day News

No comments:

Post a Comment