Latest News

Tuesday, October 3, 2017

ကြိုးတန်းလမ်းလျှောက် မြန်မာ့နိုင်ငံတကာဆက်ဆံရေး

ကြိုးတန်းလမ်းလျှောက် မြန်မာ့နိုင်ငံတကာဆက်ဆံရေး


ရခိုင်အရေးတွင် နိုင်ငံတကာတွင် မြန်မာနိုင်ငံကို ထောက်ခံသူနှင့် ဝေဖန်သူဟူ၍ နှစ်ခြမ်းကွဲသွားသည့်အတွက် ရခိုင်အရေး ဖြေရှင်းရာ၌ မြန်မာ့နိုင်ငံတကာဆက်ဆံရေးသည် ယင်းရလဒ်များအပေါ် အခြေခံလျှောက်လှမ်းရမည်။

ရခိုင်အရေးကို ပြေလည်အောင် ဖြေရှင်းရမည်၊ နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံရမည်ဖြစ်သလို နိုင်ငံတကာ ဆက်ဆံရေးတွင် ရခိုင်အရေးကသာ အခြားမြန်မာ့အရေးများကို လွှမ်းမိုးကြီးစိုးမထားနိုင်အောင်၊ ရခိုင်အရေးကြောင့် အခြားမြန်မာ့အရေးများ မထိခိုက်ရလေအောင် ကြိုးစားရမည်။ ထောက်ခံသူများတွင် လည်းကောင်း၊ ဝေဖန်သူများတွင်လည်းကောင်း မြန်မာနှင့်လုပ်ဖော်ကိုင်ဖက်များ ကုန်သွယ်ဖက်များ ပါဝင်နေရာ ကြိုးတန်းလမ်းလျှောက်ရခြင်းဖြစ်သည်။

ဝေဖန်သူအုပ်စုတွင် ရှေ့ဆုံးမှ OIC Organization of Islamic Cooperation အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများ၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဖြစ်သည်။ မြန်မာကို ထောက်ခံသူများ သို့မဟုတ် နားလည်စာနာသူများစာရင်းတွင် တရုတ်၊ အိန္ဒိယ အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံ၊ မလေးရှားနုတ်ထားသည့် အာဆီယံတို့ ပါဝင်သည်။

ဝေဖန်သူများ

မြန်မာကို ဝေဖန်သည့်နိုင်ငံများထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယအိမ်သဖွယ်ဖြစ်သည့် ဗြိတိန်နိုင်ငံသည် ထိပ်ဆုံးက ဖြစ်သည်။

ဗြိတိန်အစိုးရသည်မြန်မာ့တပ်မတော်ကို ပညာရေးထောက်ပံ့မှုအတွက် နှစ်စဉ်ပေးနေသည့် ပေါင်သုံးသိန်းကို ရခိုင်အရေးကြောင့် ရပ်ဆိုင်းလိုက်ကြောင်း စက်တင်ဘာ ၁၉ ရက်နေ့က ဗြိတိန်ဝန်ကြီးချုပ်က ထုတ်ပြန်ကြေညာသည်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာသို့ ရည်ရွယ်မိန့်ခွန်းပြောသည့်နေ့နှင့် တစ်နေ့ တည်းပင် ဗြိတိန်က ထိုသို့ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

ထိုအကူအညီ ရပ်ဆိုင်းလိုက်သည့်အတွက် ဗြိတိန်တွင် တပ်မတော်မှ သင်တန်းသားငါးဦး ပညာသင်ကြားနေခြင်း ချက်ချင်းရပ်ဆိုင်းသွားသည်။ လက်ရှိ သင်တန်းပြီးဆုံးအောင် မစောင့်ဘဲ မြန်မာ သင်တန်းသားများကို ပြန်လွှတ်လိုက်သည်မှာ နှစ်နိုင်ငံဆက်ဆံရေးတွင် မှတ်တမ်းဝင်မည်။

“ယခင် ကမ်းလှမ်းသဘောတူညီထားသည့် သင်တန်းသားများအပါအဝင် နောင်တွင် ဗြိတိန်နိုင်ငံသို့ သင်တန်းသား ထပ်မံစေလွှတ်တော့မည်မဟုတ်ကြောင်း” တပ်မတော်ဘက်က တုံ့ပြန်ကြေညာသည်။ ထိုသို့ အကူအညီ ရပ်ဆိုင်းခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးတွင် အလှည့်အပြောင်းဖြစ်နိုင်သည်။

ဗြိတိန်သည် အင်အားကျဆင်းနေပြီး အမေရိကန်ပြည်ထောင်စုကဲ့သို့ ပထဝီနိုင်ငံရေးတွင် ပါဝင်ပတ်သက်နိုင်စွမ်းမရှိသည့်အတွက် ရခိုင်အရေးတွင် ဗြိတိန်၏ အကျိုးစီးပွားများသည် အဘယ်နည်း။ ဗြိတိန်၏ ပြည်တွင်းရေးနှင့် နိုင်ငံတကာရေးအခြေအနေတို့သည် အဘယ်နည်း။ ယင်းတို့ကို သိရှိနားလည်မှသာ ဗြိတိန်နှင့် ဆက်ဆံရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်။

ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာရုံးမှ အာရှရေးရာနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုဝန်ကြီးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် စက်တင်ဘာ ၂၇ ရက်က တွေ့ဆုံသည်။

အမေရိကန်

ဗြိတိန်၏ မဟာမိတ်ဖြစ်သလို ဗြိတိန်နည်းတူ ဒေါ်အောင်ဆန်းစုကြည် အတိုက်အခံဘ၀ဖြင့်ရှိစဉ် တောက်လျှောက်ထောက်ခံခဲ့သည့် အမေရိကန်ပြည်ထောင်စုသည် ရခိုင်အရေးနှင့်ပတ်သက်လျှင် မြန်မာကို ဝေဖန်သော်လည်း ဗြိတိန်ကဲ့သို့ အကူအညီများ ရပ်ဆိုင်းခြင်း မကြားရသေး။

အရှေ့တောင်အာရှဒေသဆိုင်ရာ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy သည် မြန်မာနိုင်ငံသို့ ကိုယ်တိုင်လာရောက်သည်။ Patrick Murphy လာရောက်သည့်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာကို မိန့်ခွန်းပြောသည့်အတွက် Patrick Murphy သည် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို ခန်းမထဲတွင် တိုက်ရိုက်နားထောင်သူဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့မှုများ ဆယ်စုနှစ် နှစ်စုခန့် ဆောင်ရွက်ခဲ့ပြီး ဖြေလွှတ်ပေးခဲ့သည်မှာ မကြာလှသေး။ သမ္မတအိုဘားမား၏ နှစ်ကြိမ်ဆက်သက်တမ်းအတွင်း စတင်ခဲ့သော မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရေး မူဝါဒများသည် ဒေါ်အောင်ဆန်းစုကြည်အာဏာရအပြီးတွင် အရေးယူပိတ်ဆို့မှုများ ဖြေလွှတ်ပေးသည်အထိ တိုးတက်လာခဲ့သည်။ မြန်မာနိုင်ငံတွင် အမေရိကန်သံအမတ်ကြီးပြန်လည်ခန့်ထားခဲ့သည်မှာ ၂၀၁၂ မှဖြစ်ပြီး ယခုသံအမတ် Scot Marciel သည် ဒုတိယမြောက် အမေရိကန်သံအမတ်သာ ဖြစ်သည်။ အမေရိကန် မြန်မာဆက်ဆံရေးသည် အိုဘားမား၊ ဟီလာရီကလင်တန်ခေတ်ကကဲ့သို့ ပုဂ္ဂိုလ်ရေးခင်မင်မှုနှင့်ပါ ချဉ်းကပ်၍ ရမည်မဟုတ်ဘဲ အစဉ်အလာ Institution များက မောင်းနှင်သော ဆက်ဆံရေးမျိုး ဖြစ်ပေလိမ့်မည်။

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့ရေးရာများတွင် ယခင်ကလောက် မပါတော့ဘဲ နောက်ဆုတ်သွားသည်ဆိုသော်လည်း ယနေ့ကမ္ဘာသည် အမေရိကန်၏ စည်းမျဉ်းစည်းကမ်းများနှင့် တည်ထောင်ထားသော ကမ္ဘာဖြစ်သည့်အတွက် အမေရိကန်ပြည်ထောင်စုသည် မြန်မာအတွက် အရေးပါသည်။ အမေရိကန်ပြည်ထောင်စုသည် တရုတ်နှင့် အားပြိုင်နေရပြီး မြန်မာသည် တရုတ်နှင့် အိန္ဒိယကြားရှိ မဟာဗျူဟာမြောက်နေရာ၊ မြန်မာသည် တရုတ်၏ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြစ်သည်ကို ကောင်းစွာသဘောပေါက်သောနိုင်ငံဖြစ်သည်။

OIC

မြန်မာနိုင်ငံတွင် အိုအိုင်စီဟု အများသိကြသော Organization of Islamic Cooperation တွင် နိုင်ငံပေါင်း ၅၇ နိုင်ငံ ပါဝင်ပြီး ချမ်းသာသော အာရပ်နိုင်ငံများ ပါဝင်သလို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ လေးပုံတစ်ပုံ အရေအတွက်ရှိသဖြင့် နိုင်ငံတကာရေးရာတွင် ဩဇာရှိသောအဖွဲ့ဖြစ်သည်။ အာဆီယံမှ မလေးရှား၊ အင်ဒို နီးရှား၊ ဘရူနိုင်းတို့ ပါဝင်သည်။ ဘင်္ဂလားဒေ့ရှ် သည်လည်း အဖွဲ့ဝင်ဖြစ်သည်။ အိုအိုင်စီအတွင်း သဘောထားပြင်းပြင်းထန်ထန် ကွဲလွဲစရာ အကြောင်းများစွာရှိသည့်အနက် ရခိုင်အရေးသည် အားလုံးသဘော ထားတိုက်ဆိုင်လွယ်သည့် အရေးကိစ္စ ဖြစ်နေခြင်းသည် သတိထားဖွယ်ရာဖြစ်သည်။ အခြားကိစ္စများ အပေးအယူအတွက် ရခိုင်အရေးသည် ဘုံသဘောတူညီချက်ဖြစ်သွားနိုင်သည်။ မြန်မာအနေဖြင့် အိုအိုင်စီတွင်းမှ သဘောထားအလယ်အလတ်ရှိပြီး မြန်မာနိုင်ငံနှင့် အကျိုးစီးပွားချင်း ဆက်စပ်နေသော နိုင်ငံများနှင့် ဆက်ဆံရေးကို မြှင့်တင်ရမည်။ အင်ဒိုနီးရှားသည် အိုအိုင်စီနှင့် မြန်မာအကြား အကျိုးဆောင် ဖြစ်လာဖွယ်ရှိသည်။

ဘင်္ဂလားဒေ့ရှ်

ရခိုင်အရေး ဖြေရှင်းနိုင်ရန်အတွက် မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ရမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရနှင့်တွေ့ဆုံစဉ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ စင်စစ် မြန်မာသည် ဘင်္ဂလားဒေ့ရှ်နှင့် လက်တွဲ ဆောင်ရွက်ခြင်းမပြုဘဲ ရခိုင်အရေး မပြေလည်နိုင်။

ဘင်္ဂလားဒေ့ရှ်သည် ၁၉၇၁ တွင်မှ လွတ်လပ်ရေးရသည့်အတွက် ဘင်္ဂလားဒေ့ရှ် မြန်မာဆက်ဆံရေးသည် တရုတ်၊ အိန္ဒိယစသော နိုင်ငံများနှင့် ဆက်ဆံရေးနှင့်ယှဉ်လျှင် သက်တမ်းတိုသေးသည်။ မြန်မာသည် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးရစဉ်က ဦးစွာအသိအမှတ်ပြုသော ခုနစ်နိုင်ငံမြောက်နိုင်ငံဖြစ်သည်။

လာမည့်နှစ်တွင် ဘင်္ဂလားဒေ့ရှ်ရွေး ကောက်ပွဲကျင်းပမည်ဖြစ်သည်။ ရွေးကောက်ပွဲရလဒ်သည်လည်းကောင်း၊ ရွေးကောက် ပွဲမတိုင်မီ ဘင်္ဂလားဒေ့ရှ်ပြည်တွင်း နိုင်ငံရေးသည်လည်းကောင်း ရခိုင်အရေး ဖြေရှင်းပုံကို ရိုက်ခတ်နိုင်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် လတ်တလော ရခိုင်အရေး ဆက်ဆံမှုအခြေအနေကို ဒေါ်အောင်ဆန်းစုကြည်၏ စက်တင်ဘာ ၁၉ ရက်နေ့ မိန့်ခွန်းတွင် မြင်နိုင်သည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်ဆံရေးကိုလည်း တိုးတက်ကောင်းမွန်စေရန် ကျွန်မတို့အစိုးရက ကြိုးစားလျက်ရှိပါ တယ်။ ဒုနိုင်ငံခြားရေးဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးအကြံပေးတို့ဟာ ဒီနှစ် ဇန်နဝါရီလနဲ့ ဇူလိုင်လများက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချစ်ကြည်ရေးလည်ပတ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး လာရောက် လည်ပတ်ဖို့ကိုလည်း ကျွန်မတို့မျှော်လင့်နေတာပါ။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့်၊ ဝန်ကြီးတစ်ပါးရဲ့ တခြားဦးစားပေး ဝတ္တရားများကြောင့် ခရီးစဉ်နောက်ဆုတ်ထားရတယ် ထင်ပါတယ်။ ဒါပေမဲ့ သူလာနိုင်မယ်ဆိုရင် ကျွန်မတို့က အချိန်မရွေး ကြိုဆိုမှာဖြစ်ပြီး ကျွန်မတို့နှစ်နိုင်ငံ အတူတကွ ဆောင်ရွက်ဖို့ ကြိုးစားနေတဲ့ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးဆိုင်ရာအစီအစဉ်များကို ဆက်လက်ဆောင်ရွက်ဖို့ မျှော်လင့်နေ ပါတယ်”

ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေးသည် မြန်မာ့နိုင်ငံတကာဆက်ဆံရေးကို လွှမ်းမိုးနေကြောင်းကို နေပြည်တော်တွင် စက်တင်ဘာ ၂၂ တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဝင်များအား လမ်းညွှန်အမှာစကားပြောကြားရာတွင်လည်း မြင်နိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက် ၁၂ ချက်ရှိသည့်အနက် ထက်ဝက်ဖြစ်သည့် အောက်ပါ ခြောက်ချက်မှာ ဘင်္ဂလားဒေ့ရှ် အမည်ပါဝင်သည်။

– ပြန်လည်လက်ခံမည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသူများအား ၁၉၉၃ ခုနှစ် သဘောတူညီချက်ကို အခြေခံ၍ စိစစ်မှုများစနစ်တကျဆောင်ရွက်ရန်

– မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ရှိ ဒုက္ခသည်စခန်းတွင် အသက်မသေဘဲ ရောက်ရှိနေသည်ဟု သတင်း ထွက်ပေါ်နေရသော ဟိန္ဒူဘာသာဝင် အမျိုးသမီးခြောက်ဦးနှင့် ကလေးငယ်သုံးဦးတို့အား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေး နယ်ခြားစောင့်တပ်များအချင်းချင်း တောင်းခံထားပြီးဖြစ်သော်လည်း သံတမန်လမ်းကြောင်းမှတစ်ဆင့်လည်း ထပ်မံတောင်းခံသွားရန်

– အကြမ်းဖက်မှုတွင် ပါဝင်သူများအားအရေးယူနိုင်ရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ညှိနှိုင်းရန်၊

– အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူများ၏ အမည်စာရင်းအား ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ကုလသမဂ္ဂသို့ ပေးပို့သွားရန်

– နယ်ခြားဒေသလုံခြုံရေးဆိုင်ရာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေးနိုင်ရန်အတွက် ဖိတ်ကြားထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြည်ထဲရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်မှာ ဘင်္ဂလားဒေ့ရှ်ဘက်မှ အဆင်မပြေသဖြင့်ခရီးစဉ်မတိုင်မီ ရွှေ့ဆိုင်းထားခဲ့ရသောကြောင့် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးအား ထပ်မံ ဖိတ်ကြားရန်

– ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်တွင် ဘင်္ဂလား ဒေ့ရှ်ရဲချုပ်အတူ လိုက်ပါနိုင်ရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်ကလည်း သီးခြားဖိတ်ကြားထားခဲ့သဖြင့် ထပ်မံဖိတ်ကြားရန်

ဘင်္ဂလားဒေ့ရှ်က မြန်မာ့ဆန် တန်ချိန် ၃ သိန်းဝယ်ယူမည်ဟု အစိုးရချင်း စက်တင်ဘာ ၇ ရက်နေ့က သဘောတူ လိုက်သည်။ ဩဂုတ်၂၅ ရက်နေ့ တိုက်ပွဲများ ဖြစ်ပွားပြီးနောက်ပိုင်းတွင်မှ ထိုသို့ သဘောတူခဲ့ခြင်းဖြစ်ရာ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာဆက်ဆံရေး မဆိုးလှကြောင်း သက်သေဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်အသစ်အဖြစ် မစ္စရီဇိုနာအာမတ်ကို ခန့်အပ်ရန် မြန်မာအစိုးရက စက်တင် ဘာ ၂၆ ရက်နေ့တွင် အတည်ပြုလိုက် သည်။ ၂၀၁၁-၂၀၁၄ အတွင်း မြန်မာနိုင်ငံ ဘင်္ဂလားဒေ့ရှ်သံရုံးတွင် တာဝန်ထမ်း ဆောင်ခဲ့သည်ဖြစ်ရာ မြန်မာနိုင်ငံ အကြောင်း သိနားလည်သူဖြစ်သည်။

ထောက်ခံသူများ
အာဆီယံ

မြန်မာနိုင်ငံပါဝင်သည့် ဒေသတွင်း အဖွဲ့အစည်းဖြစ်သော အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် ယခင်တပ်မတော်အစိုးရလက်ထက်ကလည်း မြန်မာနိုင်ငံကို အနောက်နိုင်ငံများ ချဉ်းကပ်ပုံနှင့်မတူသော လမ်းကြောင်းမှ ချဉ်းကပ်သလို ယခုရခိုင်အရေးတွင်လည်း ထိုအတိုင်းပင်ဖြစ်သည်။ ၂၀၀၈ တွင် နာဂစ် မုန်တိုင်းဖြစ်ပွားအပြီး နိုင်ငံတကာအကူအညီများ ဝင်ရောက်ရန် အခက်အခဲဖြစ်နေချိန်တွင် အာဆီယံ၏ ကြားဝင်စေ့စပ်မှုဖြင့် မြန်မာ-အာဆီယံ-ကုလသမဂ္ဂ သုံးပွင့်ဆိုင် အဖွဲ့ ဖွဲ့ပြီး နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ခဲ့သည်။

ယခုတွင်လည်း အာဆီယံဥက္ကဋ္ဌက အထွေထွေညီလာခံ ကျင်းပနေစဉ် ဘေးပန်းတွင် ကြေညာချက်ထုတ်ပြန်သည်။ ထိုကြေညာချက်တွင် ‘မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပေါ်မှုများကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက စိုးရိမ်’ ကြောင်း ဖော်ပြထားသည်။ သို့သော် မလေးရှားကမူ တစ်မျိုးတစ်ဘာသာ။

မလေးရှား နိုင်ငံခြားရေးဝန်ကြီးသည် ‘Misinterpretation of the reality of the situation’ ‘အခြေအနေမှန်ကို လွဲမှားရှုမြင်သည်’ ဟုဆိုကာ အာဆီယံ၏ ပူးတွဲကြေညာချက်မှ ခွဲထွက်သည်။ မလေးရှား အာဏာရခေါင်းဆောင်သည် ပြည်တွင်းတွင် ထောက်ခံမှုကျဆင်းနေသည်ကို ဖြေရှင်းရန် ရခိုင်အရေးကို အသုံးချသည်ဟု အကဲခတ်အချို့ကဆိုသည်။

မလေးရှားသည် အာဆီယံတည်ထောင်သူ ငါးနိုင်ငံတွင် ပါဝင်ပြီး စီးပွားရေးအရရော နိုင်ငံရေးအရပါ ဩဇာရှိသော နိုင်ငံဖြစ်သည်။ အာဆီယံတစ်သံတည်း ထွက်ရန်အတွက် မလေးရှားနှင့် ဆက်ဆံ ရေးတိုးမြှင့်ရန်လိုသည်။ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ‘အား’ များစွာ လိုအပ်သည်။

အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံအတွင်း ဩဇာကြီးသောနိုင်ငံဖြစ်သလို ရခိုင်အရေးတွင် မျှတသောသဘောထားရှိသည်။ ကမ္ဘာပေါ်တွင် မွတ်ဆလင်အများဆုံးနေထိုင်သည့်နိုင်ငံဖြစ်ပြီး အလယ်အလတ် သဘောထားရှိသော မွတ်ဆလင်နိုင်ငံဖြစ်သည်။ သူသည် မွတ်ဆလင်အစွန်းရောက်များ၏ တိုက်ခိုက်မှုကိုခံရသော နိုင်ငံဖြစ်သည့်အတွက် နိုင်ငံတွင်း အစွန်းရောက်မွတ်ဆလင်များ အားကောင်းလာမည်ကို စိုးရိမ်သည်။ ရခိုင်အရေးကြောင့် အင်ဒိုနီးရှားရှိ အစွန်းရောက်များ ခေါင်းထောင်ထလာမည်ကို စိုးရိမ်ရာ ရခိုင်အရေးပြေလည်စေလိုသောနိုင်ငံများတွင် ထိပ်ဆုံးကဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာကိုရော ဘင်္ဂလားဒေ့ရှ်ကိုပါ မကြာသေးခင်က သွားရောက်လည်ပတ်ပြီး နှစ်ဖက်အရာရှိများနှင့် ရခိုင်အရေးဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ သည်။ အိုအိုင်စီအဖွဲ့ဝင်ရော အာဆီယံအဖွဲ့ဝင်ပါဖြစ်သည့် အင်ဒိုနီးရှားသည် မြန်မာက အားကိုးရသော အကျိုးဆောင်ဖြစ်လာနိုင်သည်။

တရုတ်

တပ်မတော်အစိုးရလက်ထက်က အနောက်နိုင်ငံများက တောက်လျှောက်ဖိအားပေးချိန်တွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်မှ ရပ်တည်သဖြင့် တရုတ်နိုင်ငံဘက်သို့ ရောက်သွားခဲ့ရသည်။ တရုတ်သည် မြန်မာနိုင်ငံ၏ အဓိကရင်းနှီးမြှုပ်နှံသူလည်းဖြစ် အဓိကကုန်သွယ်ဖက် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

ယခုအရေးတွင်လည်း အနောက်နိုင်ငံများက ဖိလေလေ တရုတ်နှင့် ပြန်နီးကပ်သွားလေလေ ဖြစ်မည်လားဟု စိုးရိမ်နေကြသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာကို အကြိမ်ကြိမ်ဖိအားပေးနေ ကြချိန်တွင် တရုတ်သည် ဗီတိုအာဏာခေါ် တစ်ချက်လွှတ်ပယ်ချနိုင်ခွင့် ကိုင်စွဲထားသည်။

စက်တင်ဘာ ၁၈ တွင် ကုလသမဂ္ဂတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးက တရုတ်သည် အမျိုးသားလုံခြုံရေးကို မြန်မာကာကွယ်သည်ကို နားလည်ပြီး ထောက်ခံကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော တိုက်ခိုက်မှုများကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။

အကဲခတ်အချို့ကမူ တရုတ်သည် ရခိုင်ပြည်နယ်တွင် ရခိုင်-ယူနန် ရေနံ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ရထား လမ်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စသည့်အကျိုးစီးပွားများစွာရှိသောကြောင့် ရခိုင်အရေးတွင် မြန်မာကို ထောက်ခံခြင်းဟု ထင်ကြေးပေးသည်။ မည်သို့ပင်ဖြစ်စေ ကုလသမဂ္ဂကဲ့သို့သော နိုင်ငံစုံပါဝင်သည့် Institution များတွင် တရုတ်၏ ထောက်ခံမှုသည် မြန်မာအတွက် အရေးပါသည်။ အမေရိကန်ပြည်ထောင်စုတွင် ထရမ့်သမ္မတဖြစ်လာပြီး ကမ္ဘာအရပ်ရပ်မှ အမေရိကန်ဆုတ်ခွာချိန်တွင် တရုတ်၏ နေရာသည် ပိုမိုကျယ်ပြန့်လာသည့်အတွက် တရုတ်နှင့် ဆက်ဆံရေးသည် မြန်မာအတွက် ရခိုင်အရေးသာမက အခြား အရေးများတွင်ပါ အရေးကြီးသည်။

အိန္ဒိယ

အိန္ဒိယနိုင်ငံသည် ရခိုင်အရေးတွင် တရုတ်နိုင်ငံနည်းတူ မြန်မာဘက်က အပြတ်ရပ်သောနိုင်ငံဖြစ်သည်။ အိန္ဒိယခေါင်းဆောင်မိုဒီ၏ ခရီးစဉ်နှင့် တိုက်ဆိုင်နေသောကြောင့် အိန္ဒိယ၏ ထောက်ခံချက် ပိုသိသာသွားသည်။ အိန္ဒိယသည် တရုတ်ကဲ့သို့ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နှင့် ဗီတိုအာဏာရှင် မဟုတ်သော်လည်း ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည်။ အိန္ဒိယသည် အကြမ်းဖက်ဝါဒကို ရင်ဆိုင်နေရသော အတွေ့အကြုံရှိသလို ဘင်္ဂလားဒေ့ရှ်မှ ဝင်ရောက်လာသူများကို ရင်ဆိုင်ဖြေရှင်းရသော အတွေ့အကြုံလည်း ရှိနေသည်။ အိန္ဒိယအနေနှင့် ဘ၀တူမြန်မာကို ကိုယ်ချင်းစာနိုင်သလို မြန်မာသည်လည်း အိန္ဒိယ၏အတွေ့အကြုံများမှ သင်ယူနိုင်သည်။ အိန္ဒိယ၏ အရှေ့မျှော်မူဝါဒတွင် မြန်မာသည် ပေါင်းကူးတံတားအဖြစ် တည်ရှိနေသည်။ အိန္ဒိယနိုင်ငံသည် စစ်တွေ ရေနက်ဆိပ်ကမ်းပါဝင်သော ကုလားတန်စီမံကိန်းကို ရခိုင်ပြည်နယ်တွင် မြန်မာနှင့် ပူးတွဲဖော်ဆောင်နေသည်။

ရုရှား

မြန်မာသည် ရခိုင်အရေးတွင် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နှင့် ဗီတိုအာဏာပိုင်ရှင် ရုရှားကိုလည်း အားကိုးသည်။ ရခိုင်အရေး လုံခြုံရေးကောင်စီတွင် ဆုံးဖြတ်ချက်မကျအောင် မိတ်ဆွေနိုင်ငံများဖြစ်သည့် တရုတ်နှင့် ရုရှားတို့နှင့် ဆွေးနွေးနေကြောင်း အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းက နေပြည်တော်တွင် စက်တင်ဘာလဆန်းက ပြောဆိုသည်။ တရုတ်နှင့် ရုရှားသည် ယခုနှစ် အစောပိုင်းကလည်း လုံခြုံရေးကောင်စီတွင် ရခိုင်အရေး ကြေညာချက်တစ်ရပ်ကို ဟန့်တားခဲ့သေးသည်။

ဘယ်လိုတုံ့ပြန်မည်လဲ

ရခိုင်အရေးသည် ပြည်တွင်းအရေးဖြစ်သော်လည်း မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း အကြီးမားဆုံးသော နိုင်ငံတကာရေး အခက်အခဲကြီးဖြစ်သည့်အတွက် အားကုန်ထုတ် တုံ့ပြန်မှရပေမည်။

ဘယ်လိုတုံ့ပြန်မလဲဟူသော မေးခွန်းကို မစဉ်းစားမီ ဘယ်သူတွေက တုံ့ပြန်မလဲဟူသော မေးခွန်းရှိသည်။
နိုင်ငံတကာဆက်ဆံရေးသည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သီးသန့်နယ်ပယ်သဖွယ်ဟု ယူဆဖွယ်ရှိသော်လည်း ယခုရခိုင်အရေးတွင်မူ နိုင်ငံတကာဆက်ဆံရေးသည် အားလုံး၏ တာဝန်သဖွယ်ဖြစ်လာသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်ရာ မိတ်ဆွေနိုင်ငံ များ၏ နိုင်ငံခြားရေးဝန်ကြီးများသည် ဒေါ်အောင်ဆန်းစုကြည်ကို Protocol အရ တိုက်ရိုက်ဝင်တွေ့နိုင်ရာ သူသည် အလုပ်အများဆုံးသံတမန်ဖြစ်လာသည်။ နိုင်ငံခေါင်းဆောင်များက ဖုန်းခေါ်ဆို စကားပြောဆိုရာတွင်လည်း သူ့ကိုသာ ဦးတည်ဆက်ကြသည်။ သူ၏ အခြားတာဝန်များကို ထည့်မတွက်ဘဲ ရခိုင်တာဝန်များကို ကြည့်လျှင်ပင် တာဝန်များလွန်းနေပြီဟု ထင်မှတ်ရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဦးဝင်းမြတ်အေးသည် ‘ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ’ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရပြီးကတည်းက ပြည်ပဧည့်သည်တော်များကို ရခိုင်အရေးနှင့် ပတ်သက်ပြီး ပြည်တွင်းတွင် အဓိကရှင်းပြရသူ ဖြစ်လာသည်။

အမျိုးသားလုံခြုံရေး အကြံပေးသည် ဝန်ကြီးအဆင့်ရှိပြီး ဦးသောင်းထွန်းသည် ဝါရင့်သံတမန်ဖြစ်ရာ ရခိုင်အရေးတွင် မြန်မာအစိုးရ၏ အထူးသံတမန် Special Envoy သဖွယ် ဖြစ်လာသည်။ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းသည် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပစဉ်အတွင်း တွင်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ အမေရိကန်နိုင်ငံအာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု နိုင်ငံပိုင်သတင်း မီဒီယာများတွင် ဖော်ပြထားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည်လည်း နိုင်ငံခြားတပ်မတော်အကြီးအကဲများနှင့်လည်းကောင်း၊ အခြားသော နိုင်ငံခေါင်းဆောင်များ သံတမန်ခေါင်းဆောင်များနှင့်လည်းကောင်း တွေ့ဆုံရာတွင် ရခိုင်အရေးကို ရှင်းပြကြရသည်။ တောင်ကိုရီးယားတွင် ကျင်းပသည့် (၁၀) ကြိမ်မြောက် ပစိဖိတ်ကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (10th Pacific Armies Chiefs Conference) သို့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတက်ရောက်စဉ် အမေရိကန်၊ ဂျပန်၊ ကနေဒါ စသည့် နိုင်ငံများမှ တပ်မတော်ခေါင်းဆောင်များကို ရခိုင်အရေး သေချာစွာရှင်းပြခဲ့ရသည့် ဥပမာကို ကြည့်နိုင်သည်။

ရခိုင်အရေးတွင် မြန်မာအစိုးရအဖွဲ့ တစ်ဖွဲ့လုံးနီးပါးသည် သံတမန်များဖြစ်လာသည်။ အစိုးရအဖွဲ့ချည်းသာလော။ မဟုတ်ပါ။ နိုင်ငံခြားနှင့် ပတ်သက်သည့် မြန်မာနိုင်ငံသားအားလုံး မြန်မာနှင့် ပတ်သက်သူအားလုံးသည် တရားဝင်ခန့်အပ်ထားခြင်း မခံရသော သံတမန်ဖြစ်လာသည်။ အထူးသဖြင့် နိုင်ငံတကာအစည်းအဝေးတက်သူများသည် သူတို့ဆိုင်ရာ ဆိုင်ရာကိစ္စများကို ကြိုတင်ပြင်ဆင်ရုံသာမက ရခိုင်အရေးအတွက်လည်း အိမ်စာ လုပ်ကြရသည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakarishnan က မြန်မာ နိုင်ငံကို ကိုယ်ချင်းစာနာပြီး ပြောသွားသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းသည် နိုင်ငံတကာကို ရည်ရွယ်ပြောသော်လည်း ကာယကံရှင် မြန်မာအတွက်လည်း သင့်တော်သည်။

“နေရာတိုင်းက အစွန်းရောက်တွေမှာ သုံးနေကျ ကစားကွက်ရှိတယ်။ ပထမ၊ ချောက်ချားစရာ အကြမ်းဖက်မှု ကျူးလွန်တယ်။ ဒုတိယ၊ ‘ငါတို့နဲ့ မင်းတို့’ သဘောရောက်အောင် ဘာသာရေး တံဆိပ်ကပ် လိုက်တယ်။ တတိယ၊ အလယ်အလတ်သမားတွေရဲ့ ကြားနေရာပျောက်သွားအောင် အလွန်အကျွံတုံ့ပြန်ခြင်းက တစ်ဆင့် ဝေးကွာသွားအောင် လုပ်လိုက်တယ်။ အစွန်းရောက်တွေရဲ့ ထောင်ချောက်ထဲ ကျမသွားအောင် ကျွန်တော်တို့ သတိအရမ်းထားရမယ်” “ဒါ့ကြောင့် ကျန်တဲ့ကမ္ဘာက ထိတ်လန့်ချောက်ချားပြီး ကြည့်နေချိန်မှာ ကျွန်တော်တို့ဟာ သတိကြီးစွာထားပြီး တုံ့ပြန်ဖို့လိုတယ်”

မြန်မာတို့အနေဖြင့်လည်း သတိထားပြီး တုံ့ပြန်ရပေမည်။ အထူးသဖြင့် တစ်နိုင်ငံလုံးသည် မြန်မာ့ကိုယ်စားပြု သံတမန်ဖြစ်နေချိန်၊ နိုင်ငံတကာမီဒီယာ၏ အမြင်စောင်းနေချိန်တွင် အစိုးရအဖွဲ့ဝင်များ၊ သံတမန်များသာမက သာမန်မြန်မာနိုင်ငံသားများသည်လည်း သတိထားတတ်မှ တော်ရုံကျမည်။ သို့မဟုတ်လျှင် မြန်မာ တစ်နိုင်ငံလုံးသည် အစွန်းရောက်များသဖွယ် အမြင်ခံရမည်။

မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးတွင် အားနည်းချက်တစ်ရပ်မှာ သုတေသနအားနည်းခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွက် စီးပွားရေးအရရော နိုင်ငံရေးအရရော အရေးကြီးသည့် လုပ်ဖော်ကိုင်ဖက် နိုင်ငံများအကြောင်း ထဲထဲဝင်ဝင်မသိသည့်အတွက် မိမိနိုင်ငံကို မဟာဗျူဟာအရ အောက်စီး Strategic Disadvantage သို့ ရောက်ရှိစေသည်ကို ယခုဖြစ်ပေါ်နေ သော ရခိုင်အရေးကသာမက အခြားအရေးများကပါ ပြသနေသည်။

နိုင်ငံတကာအကြောင်းသိရှိရန် သုတေသနအဖွဲ့ Think Tank များ၊ တာဝန်ခံအဖွဲ့များ စနစ်တကျ ဖွဲ့စည်းထား ပါက သက်ဆိုင်ရာနိုင်ငံ ခေါင်းဆောင်တို့၏ စိတ်နေသဘောထား၊ ပြည်တွင်းနိုင်ငံရေး၊ မူဝါဒများ၊ ပြည်သူတို့၏သဘောထားတို့ကို သဘောပေါက်သည့်အတွက် ယင်းတို့၏ မူဝါဒအပြောင်းအလဲများ ပြည်တွင်းအခြေအနေ အပြောင်းအလဲများကို ကြိုတင်ခန့်မှန်းနိုင်ခြင်း၊ မြန်မာနိုင်ငံအပေါ်ရိုက် ခတ်မည့်အန္တရာယ်ကို ရှောင်လွှဲ သို့မဟုတ် လျှော့ချနိုင်ခြင်းဟူသော ကြီးမားသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည်။

ရခိုင်အရေးသည် ရှောင်လွှဲ၍မရ။ ဖြေရှင်းရင်း ကိုယ့်နိုင်ငံ ပြည်တွင်းရေးလည်း ပြေလည်၊ နိုင်ငံတကာနှင့်လည်း ပူးပေါင်းဆောင်ရွက်ခွင့်လည်းရသည့် အခွင့်အလမ်းအဖြစ်သာ သတ်မှတ်ပြီး တည့်တည့်တိုးရန်သာ ဖြစ်သည်။

The Voice

No comments:

Post a Comment