Latest News

Tuesday, October 3, 2017

ဒီမိုကရေစီနုနု-မြန်မာက ဘယ်တော့မှ သွေးမကြောင်ဘူး

ဒီမိုကရေစီနုနု-မြန်မာက ဘယ်တော့မှ သွေးမကြောင်ဘူး

(၁) “ကိုဘသစ်ရေ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်။ ဒီမိုကရေစီနုနုလေးတဲ့။ အဲဒါ ဘာကိုဆိုလိုတာလဲ”

ရုံးပိတ်ရက်မှာ လက်ဖက်ရည်ဆိုင်အတူ ထိုင်နေတဲ့ ကိုဘသစ်နဲ့ ဆွေးနွေးတာပါ။

“ဒီလိုပဲ ဆရာမြတ်ထန်ကလည်း ရေးခဲ့ပါတယ်။ တိုင်းပြည်က နုနု မုန်တိုင်းက ထန်ထန်တဲ့”

“တကယ်တော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ သမိုင်းဟာ နှစ်ပေါင်း ၂၀၀၀ ကျော် ရှိတာကို အက္ခရာထက်တင်ပြီးသားပဲ မဟုတ်လား”

“ဟုတ်ပါတယ် ဆရာညို။ ကျွန်တော်တို့ဆီမှာ ဘုရင်စနစ်၊ အာဏာရှင်စနစ်တွေသာ အဓိကလွှမ်းမိုးခဲ့တယ်။ လွတ်လပ်ရေးရပြီးခါစ ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အထိပဲ။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့တယ်လို့ ဆိုနိုင်တယ်။ ဒီမိုကရေစီနီုင်ငံဆိုတာ အုပ်ချုပ်သူတွေအတွက် အခက်အခဲဆုံးပဲ။ တစ်ယောက်တစ်ပေါက် ဖြစ်နေတဲ့အခါ အုပ်ချုပ်သူတွေဟာ သည်းခံပြီး ပြဿနာတွေကို ဖြေရှင်းရတာတွေရှိတယ်”

“သည်းမခံရင်ကော”

“အာဏာရှင်လို ဖြစ်လာမှာပေါ့”

“ဒါနဲ့ပဲ ရှေ့ကိုရောက်ဖို့ ခက်ခဲတာပေါ့ ဟုတ်လား”

“မှန်ပါတယ်။ ထူးခြားချက်တစ်ခုကတော့ ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာမှာ လူဦးရေ အများဆုံးနိုင်ငံနှစ်ခုအကြားမှာ တည်ရှိတယ်။ ဘယ်နိုင်ငံမှ ဒီလိုတည်နေတာ မတွေ့ဖူးဘူး”

“ဒါ အရေးပါတာပေါ့ဟုတ်လား”

“အရေးပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်နိုင်ငံ မပျောက်သွားအောင် ကာကွယ်ရတယ်။ အမြဲတစေ ခြိမ်းခြောက်ခံရသလို ဖြစ်နေတယ်ဆိုတာ လူတိုင်းအသိပါပဲ။ တစ်ချိန်က အင်မတန်လူဦးရေများတဲ့ အာရပ်နိုင်ငံအကြားမှာ ဂျူးနိုင်ငံဆိုတာ ပျောက်ကွယ်သွားခဲ့တာပဲ”

“ယနေ့မှာ ဂျူးတွေဟာ အစ္စရေးနိုင်ငံဆိုပြီး တည်ဆောက်နိုင်ခွင့်ရလာတယ် မဟုတ်လား”

“မှန်ပါတယ်။ သူတို့အခက်အခဲတွေကို ကျွန်တော်တို့ သင်ခန်းစာယူလို့ ရပါတယ်။

(၂) ကိုဘသစ်ပြောတဲ့ သင်ခန်းစာဆိုတာ ဘာတွေလဲ။ ကျွန်တော်တို့ကိုယ်တိုင် ဒီလို ပြဿနာတွေ ကြုံရတယ်မဟုတ်ပါလား။

“ကျွန်တော်တို့တိုင်းပြည် ပျောက်မလို ဖြစ်ခဲ့တာမျိုးရော ရှိခဲ့လား”

“ရှိတာပေါ့ ဆရာညိုရာ။ မြန်မာနိုင်ငံကို ဗြိတိသျှတွေ သိမ်းယူစဉ်တုန်းက မြန်မာနိုင်ငံကို အိန္ဒိယနဲ့ ပေါင်းလိုက်ကြတယ်”

“ဒီလိုပေါင်းလို့ ဘယ်ဖြစ်မလဲ။ အိန္ဒိယက အမျိုးသားတွေ ဒိုတီဝတ်တယ်။ အမျိုးသမီးတွေ ဆာရီဝတ်တယ်”

“မှန်ပါတယ်။ အိန္ဒိယနဲ့ မြန်မာတို့ဟာ ယဉ်ကျေးမှုဓလေ့ အခြေခံမတူကြဘူး။ သူတို့က သစ်သီးအခွံခွာတဲ့အခါ ဓားကို သူ့ဘက်ကိုလှည့်တယ်။ မြန်မာတွေက အခြားဘက်ကိုလှည့်တယ်”

“မတူတာတွေ အများကြီးပါ”

“ဒါပေမဲ့ အင်္ဂလိပ်က အတူတူပဲလို့ သဘောထားခဲ့တယ်။ ဒါကြောင့်လည်း ကျွန်တော်တို့နိုင်ငံကို ကိုယ်စားပြုပြီး အိုလံပစ်ပြိုင်ပွဲကို သွားဝင်တဲ့ ဦးဇော်ဝိတ်ကြီး သိတယ် မဟုတ်လား”

“သူ အိုလံပစ်မှာ ဆုရတယ်မဟုတ်လား”

“ဟုတ်ပါတယ်။ ဒါပေမဲ့ သူဟာ ကုလားလို ဗောင်းထုပ်ကြီးပေါင်းသွားရတယ်”

“ဆိုးလိုက်တာ”

“ကိုယ့်လူမျိုး Identity ပျောက်သွားတာပေါ့”

“မြန်မာကို ကုလားနဲ့ တစ်တန်းစားတည်း ထားတာကို မကျေနပ်ကြပါဘူး”

“မကန့်ကွက်ကြဘူးလား”

“ကန့်ကွက်တာပေါ့။ ၁၉၃၀ ပြည့်နှစ် နောက်ပိုင်းတွင်မှ မြန်မာတွေဟာ တွဲရေး ခွဲရေးဆိုပြီး မဲခွဲဆုံးဖြတ်တယ်”

“ဒီလိုဖြစ်ရမှာပေါ့”

“ကျွန်တော်တို့ မော်လမြိုင်ကောလိပ်က ကျောင်းအုပ်ဆရာကြီး ဦးတိုးအောင် (ကုသ) က ဒါကို သရော်စာရေးတာ ဖတ်ဖူးတယ်။ ခွဲရေးဟာ ခွေးရဲမယ်၊ သွဲရေး (တွဲရေး)ကတော့ သွေးရဲမယ်လို့ ဆိုခဲ့တယ်”

“ကံအားလျော်စွာ အိန္ဒိယနဲ့ ကျွန်တော်တို့ ခွဲထွက်ခွင့်ရလို့ ယနေ့ မြန်မာနိုင်ငံတော်ဆိုတာ ဖြစ်လာတာပါပဲ မဟုတ်လား”

“တကယ်တော့ ဗြိတိသျှ ကိုလိုနီပြုစဉ်မှာ ကျွန်တော်တို့ဟာ မဏိပူရ၊ အာသံနယ်ကို ပိုင်ထားပြီးသားပါ။ ဒါပေမဲ့ အင်္ဂလိပ်လက်အောက်ကို ဆောလျင်စွာ ကျရောက်သွားတဲ့အတွက် သူတို့ဟာ အိန္ဒိယလက်အောက် ရောက်သွားတာဖြစ်တယ်

“ဘင်္ဂလားဒေ့ရှ်ဟာ မူလလွတ်လပ်ရေး ရခါစက အရှေ့ပါကစ္စတန်ဆိုပြီး တည်နေခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့နဲ့ ပါကစ္စတန် လမ်းခွဲကြတယ်”

“ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားတွေ များပါတယ်။ ဒါပေမဲ့ ဒီတိုင်းရင်းသားတွေထဲမှာ ကုလားနဲ့ တရုတ် မပါကြပါဘူး”

“သူတို့ဟာ အိမ်နီးနားချင်းနိုင်ငံတွေမှာ လူမျိုးကြီးပဲမဟုတ်လား”

(၃) “ယနေ့ ရခိုင်မှာ ပြဿနာအကြီးကြီး ဖြစ်နေပါတယ်”

“မောင်တောမှာ မဟုတ်လား”

“သြဂုတ် ၂၅ ရက်က ARSA အကြမ်းဖက်အဖွဲ့က မောင်တောက ရဲစခန်းတွေကို တိုက်ခိုက်တယ်။ ဒီတော့ ကျွန်တော်တို့က တုံ့ပြန်တော့ သူတို့က အခွင့်ကောင်းဆိုပြီး ယူဆတယ်”

“ဘယ်လိုမျိုးလဲ”

“ဒီလိုတိုက်ခိုက်ကြတဲ့အခါ ဘင်္ဂါလီများဟာ တစ်ဖက်နိုင်ငံကို ထွက်ပြေးကြတယ်။ ဟိုဘက်မှာ သူတို့အမျိုးတွေရှိတယ် မဟုတ်လား။ သူတို့ဟာ ဘင်္ဂါလီစကားပဲ ပြောကြတယ်”

“ဟိုမှာ ထောက်ပံ့ကြေးတွေရတယ်။ ဒါကြောင့် သူတို့ ထွက်ပြေးတဲ့အရေအတွက်ဟာ စက်တင်ဘာလအလယ်ရောက်တော့ လေးသိန်းကျော်တယ်”

“အဲဒီမှာ သူတို့ ဘာလို့ထွက်ပြေးတယ်လို့ ပြောတာလဲ”

“နိုင်ငံတကာကို သူတို့ဟာ မြန်မာနိုင်ငံရဲ့ ဒါကို မျိုးသုဉ်းသတ်ဖြတ်မှုတွေ ပြုလုပ်နေတာကို ကြောက်လို့ဆိုတယ်”

“သေတော့မှာပဲ။ ဒါဆိုရင် တစ်ဖက်သတ်စကားတွေကို လက်ခံပြီး နိုင်ငံတကာက မြန်မာနိုင်ငံကို ဖိအားပေးတော့မှာပေါ့”

“ဒီလိုဖိအားပေးတဲ့ နိုင်ငံတွေထဲမှာ ဗြိတိန်တို့ ပြင်သစ်တို့လည်း ပါလာတယ်။ သူတို့ဟာ အခြေအနေကို ထိထိရောက်ရောက် မသုံးသပ်ကြဘူး”

“ဒါကတော့ သတင်းဌာနတွေရဲ့ တစ်ဖက်သတ်ပေးပို့တဲ့ သတင်းတွေကြောင့်ပဲပေါ့”

“ဟုတ်ပါတယ်။ အနောက်ဘက်က သတင်းဌာနတွေဟာ မျှတတဲ့သတင်းတွေ မပေးကြဘူး။ ဒီရက်ပိုင်းအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်မှာ မျိုးသုဉ်းသတ်ဖြတ်မှုမရှိဘူး။ အခြေအနေတွေကို လာရောက်ကြည့်နိုင်တယ်ဆိုပြီး သံတမန်များနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်များကို ဖိတ်ခေါ်ခဲ့တယ်”

“ဟုတ်ကဲ့၊ ဒေါ်စုက အင်္ဂလိပ်လိုပြောခဲ့တာပဲ မဟုတ်လား”

“ဟုတ်တယ်လေ။ သံတမန်တွေ နားလည်အောင်လို့ ပြောခဲ့တာပဲ။ ဒေါ်စုပြောတာကို အားလုံး လက်ခံသွားကြတယ်။ ကျွန်တော်တို့နိုင်ငံကို တိုက်ခိုက်မှု နည်းသွားတာပေါ့”

(၄) ဒီအကြောင်းကိုပဲ ကုလသမဂ္ဂမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မိန့်ခွန်းပြောကြားခဲ့တယ်။

“လွန်ခဲ့တဲ့ရက်က ကုလသမဂ္ဂမှာ မြန်မာ့အရေးကို လုံခြုံရေးကောင်စီအစည်းအဝေး လုပ်တယ်”

“ဒါက အဆင့်အမြင့်ဆုံးပဲ”

“မှန်တယ် မြန်မာ့အရေး လုံခြုံရေး ကောင်စီအစည်းအဝေးမှာ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ပတ်သက်ပြီး အစည်းအဝေးကို မြန်မာအစိုးရကိုယ်စား မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း တက်ရောက်ခဲ့တယ်”

“ကျွန်တော်တို့လည်း ကြားလိုက်ရတယ်”

“ဒီလို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက တုံ့ပြန်ပြောဆိုတဲ့အထဲမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ စိုးရိမ်ချက်တွေကို နားလည်တဲ့အကြောင်း ဦးစာပေး ပြောသွားပါတယ်”

အင်း သူတို့ကို လက်ခံတယ်ဆိုတဲ့ အကြောင်း ပြောတာပဲပေါ့”

“ဟုတ်တယ်၊ အဲဒီနောက်မှ ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် တခြားလူမျိုးစုတွေလည်း ထိခိုက်သေကျေရတာတွေကို ထောက်ပြသွားတယ်။ ယနေ့ဆို ဟိန္ဒူဘာသာဝင်တွေရဲ့အလောင်း ၄၀ ကျော် တူးဖော်ရရှိထားတာပဲ”

“ဒါဟာ အကြမ်းဖက်တာပဲ မဟုတ်လား”

“ဟုတ်တယ်။ ဒီအချက်ကို ထောက်ပြပြီး အကြမ်းဖက်ဝါဒကို ပြစ်တင်ရှုတ်ချသွားတယ်”

“ဒီတော့ ကုလသမဂ္ဂက ဘာပြောလဲ”

“ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ ကျန်တဲ့ကိုယ်စားလှယ်အဖွဲ့တွေက ပြစ်တင် ရှုတ်ချကြောင်း ပြောတာပေါ့”

“ဒါဟာ မြန်မာတွေက လူမျိုးသုဉ်းသတ်ဖြတ်တယ်ဆိုတာ မဟုတ်ဘူးဆိုတာကို ပေါ်လွင်စေတာပဲ”

“ဟုတ်တယ် ဦးသောင်းထွန်းက မြန်မာနိုင်ငံမှာ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုတာမရှိဘူး၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမရှိဘူးဆိုတာ ကျွန်တော် အလေးထားပြောလိုပါတယ်။ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဆိုတာတွေဟာ သိပ်ကို ပြင်းထန်တဲ့ စွဲချက်တွေဖြစ်ပြီး ပေါ့ပေါ့တန်တန် မသုံးစွဲသင့်ပါဘူး။ ရခိုင်ပြည်မှာ ဖြစ်နေတာကို ဥပဒေနဲ့အညီ အရင်သုံးသပ်တာမျိုး၊ တရားရုံးက ဆန်းစစ်လေ့လာတာမျိုး မလုပ်ဘဲ လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် သတ်မှတ်ပြီး မိမိတို့ရဲ့အမြင်ကို စိတ်ခံစားချက်က လွှမ်းမိုးစေမယ်ဆိုရင် ဒါဟာ ကျွန်တော်တို့ ခေတ်ရဲ့ ၀မ်းနည်းဖွယ်မှတ်ချက်စကား ဖြစ်သွားပါမယ်ဆိုတာကို ပြောခဲ့တယ်”

“သူတို့ဟာ အကြမ်းဖက်သမားတွေရဲ့ထောင်ချောက်ထဲ ၀င်သွားတာပါပဲ”

“လူ့အခွင့်အရေး ချိုးဖောက်မှုအားလုံး၊ အကြမ်းဖက်လုပ်ရပ်အားလုံးကို ပြစ်တင် ရှုတ်ချကြောင်း၊ စစ်ဆင်ရေးတွေ လုပ်ဆောင်တာမှာ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ လိုက်နာ လုပ်ဆောင်ရမယ့် ပြဋ္ဌာန်းချက်တွေနဲ့အညီ အတိအကျ လိုက်နာလုပ်ဆောင်ဖို့ ညွှန်ကြားထားကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောထားတာကိုလည်း ဦးသောင်းထွန်းက ထပ်ပြောသွားပါတယ်”

“ဒါကအရေးကြီးတာပဲ”

“ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို ပြန်လည်စိစစ်လက်ခံရေး လုပ်ငန်းစဉ်ကို အချိန်မရွေး စတင်ဖို့ပြင်ဆင်ထားပြီး ဖြစ်တဲ့အကြောင်း၊ ဒီကိစ္စမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အရင်က ပူးပေါင်းဆောင်ရွက်ဖူးသလို အခုလည်း ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း ဦးသောင်းထွန်းက အလေးထား ပြောသွားသလို ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပေးချက်တွေကို အကောင်အထည် ဖော်ဖို့လုပ်နေတာကိုလည်း ပြောသွားပါတယ်။”

(၅) “အဆုံးမှာတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ် ဆိုတာကို ဦးသောင်းထွန်းက အထူးအလေးထားပြီး ထောက်ပြ ပြောဆိုသွားပါတယ်”

“မှန်တာပေါ့။ ပူးပေါင်းဆောင်ရွက်တာကို အလေးထားဖို့လိုတာပဲ”

“ကျွန်တော်တို့နိုင်ငံရဲ့ နုနယ်သေးတဲ့ ဒီမိုကရေစီနိုင်ငံအတွက် အခုလိုအရေးကြီးတဲ့အချိန်မျိုးမှာ ဒီမိုကရေစီအခိုင်အမာ အမြစ်တွယ်ပြီး ရခိုင်ပြည်နယ်သာမက မြန်မာတစ်နိုင်ငံလုံးကို ငြိမ်းချမ်း၊ တည်ငြိမ်၊ ဖွံ့ဖြိုးအောင် တည်ဆောက်တဲ့နေရာမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ ကျွန်တော်တို့နဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့ သိပ်ကိုအရေးကြီးပါတယ်။ ဒီနည်းလမ်းသာလျှင် ရခိုင်ပြည်နယ်က ပြဿနာကို ဖြေရှင်းနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်တဲ့”

“အတော်ကောင်းတာပဲ”

“လာမယ့်ရက်သတ္တပတ်မှာ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံတမန်တွေ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကိုယ်တိုင်လေ့လာဖို့ အစိုးရက စီစဉ်ထားတာကို ဦးသောင်းထွန်းက ပြောသွားတယ်။ ပြီးတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ လက်ထောက်အတွင်းရေးမှူးချုပ်တို့ကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက်ဖို့လည်း ဖိတ်ကြားခဲ့ပါတယ်”

“မြန်မာက ဘယ်တော့မှ သွေးမကြောင်ဘူး”

“ပြဿနာကို တည့်တည့်ရင်ဆိုင် တွေ့တာပဲ”

Eleven Media Group

No comments:

Post a Comment