Latest News

Thursday, September 7, 2017

YBS အများပိုင်ကုမ္ပဏီ ၃ ခုမှ စည်းကမ်းဖောက်သော ယာဉ်မောင်း ၅၆ ဦးအား ရာသက်ပန်ထုတ်ပယ်

YBS အများပိုင်ကုမ္ပဏီ ၃ ခုမှ စည်းကမ်းဖောက်သော ယာဉ်မောင်း ၅၆ ဦးအား ရာသက်ပန်ထုတ်ပယ်

စည်းကမ်းဖောက်သော YBS ယာဉ်မောင်း ၅၆ ဦးအား ရာသက်ပန် ထုတ်ပယ်လိုက်ကြောင်း YBS အများပိုင် ကုမ္ပဏီ ၃ ခုမှ သိရသည်။

ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ ယာဉ်မောင်း ၃၁ ဦး၊ ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ကုမ္ပဏီ (YUPT) မှ ယာဉ်မောင်း ၂၄ ဦး နှင့် Omni Focus ကုမ္ပဏီမှ ယာဉ်မောင်း ၁ ဦး စုစုပေါင်း ယာဉ်မောင်း ၅၆ ဦးကို စည်းကမ်းများဖောက်ဖျက်သဖြင့် ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

“ ရာသက်ပန်ထုတ်ပယ်တယ်ဆိုတာက ယာဉ်အက်စီးဒင့်ဖြစ်မှ ထုတ်ပယ်တာမဟုတ်ဘူး။ ဥပမာအားဖြင့် ကား ဝန်းထဲမှာ မူးပြီး အချင်းချင်းရန်ဖြစ်တယ် ထုတ်တာပဲ။ ကားဝန်းထဲမှာ ဒီကောင်တွေ ဝိုင်းဖွဲ့နေတာကို သွားဖမ်း လိုက်လို့ ဖဲရိုက်နေတာတွေ့ရင်လည်း ထုတ်တာပဲ။ နောက် အကြောင်းပြချက်မရှိဘဲ ခွင့်ပျက်ကွက်ဖြစ်နေတယ် ထုတ်ပယ်တာပဲ။ အဲ့ဒီထုတ်ပယ်တာတွေကိုလည်း ကိုယ်တို့က စာပို့တော့ ကိုယ်တို့ စာတွေက ဟိုမှာ အများဆုံး ဖြစ်နေတာပေါ့”ဟု ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဗိုလ်မှုးကြီးမျိုးမြင့်က မဇ္ဈိမသို့ ပြောသည်။

ခိုက်ရန်ဖြစ်ပွားခြင်း၊ အရက်သေစာသောက်စား ကာ ယာဉ်မောင်းခြင်း၊ လမ်းပြောင်းပြန်မောင်းခြင်း၊ ခရီးသည် များအား မချေမငံ ဆက်ဆံခြင်း၊ မီးနီဖြတ်မောင်း ခြင်း၊ YRTA မှ သတ်မှတ်ထားသော အချက်ကြီး ၄ ချက်အား ဖောက်ဖျက်ကျူးလွန်ခြင်း၊ ကုမ္ပဏီစည်းကမ်းများ မလိုက်နာခြင်း၊ ယာဉ်စီးခများ ခိုးယူခြင်းနှင့် ခရီးသည်များထံက ယာဉ်စီးခများ တောင်းခံခြင်းများ ပြုလုပ်ခဲ့သော ယာဉ်မောင်းများအား ရာသက်ပန် ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။

အချို့ယာဉ်မောင်းများမှာမူ ယာဉ်စီးခများ တိုက်ရိုက်တောင်းခံမှုကြောင့် ထုတ်ပယ်ရခြင်းဖြစ်ပြီး တရားစွဲဆိုမှုများ လည်း ရှိနေကြောင်း သိရသည်။

“ နောက်ပိုင်းမှာ ငွေတောင်းတာတွေကျတော့ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်နဲ့ ထုတ်ပယ်လိုက်တာပေါ့။ အခုလို ယာဉ်မောင်း ၂၄ ဦးကို ရာသက်ပန်ထုတ်ပယ်လိုက်တဲ့အပြင်ကို တရားစွဲထားတဲ့ အမှု ၂ မှု ရှိသေးတယ်။ ယာဉ်စီးခကို ခရီးသည်ဆီက တောင်းယူပြီး ထိုးလို့”ဟု ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ကုမ္ပဏီ (YUPT) မှ ဒုတိယဥက္ကဋ္ဌ ဦးကိုကိုနိုင်က ပြောသည်။

YUPT မှလည်း  ယာဉ်မောင်းများအား စည်းကမ်းချက် ၁၃၈ ချက်ဖြင့် အရေးယူခြင်းဖြစ်ပြီး ခရီးစဉ်အစအဆုံး မမောင်းခြင်း၊ သတ်မှတ် မှတ်တိုင်တွင် မရပ်ခြင်း၊ သတ်မှတ် လမ်းကြောင်းအတိုင်း မမောင်းခြင်းစသည့် ပြစ်မှုသေးများ ကျူးလွန်ပါက ဒဏ်ငွေဆောင်ခြင်းနှင့် ယာဉ်မောင်းလိုင်စင် ၃ လပိတ်သိမ်းပြီး လမ်းပြောင်းပြန်မောင်းနှင်ပါက ရာသက်ပန်ထုတ် ပယ်ခြင်းဖြစ်ကြောင်း သိရသည်။

Mizzima

No comments:

Post a Comment