Latest News

Thursday, September 7, 2017

မြန်မာ သွင်းကုန်များ အပေါ် ကန့်သတ်မှုများ ရုပ်သိမ်း ပေးရန် အိန္ဒိယ ဝန်ကြီးချုပ်အား ဒေါ်အောင်ဆန်းစုကြည် က တောင်းဆို

မြန်မာ သွင်းကုန်များ အပေါ် ကန့်သတ်မှုများ ရုပ်သိမ်း ပေးရန် အိန္ဒိယ ဝန်ကြီးချုပ်အား ဒေါ်အောင်ဆန်းစုကြည် က တောင်းဆို

ပဲမျိုးစုံအပါအ၀င် မြန်မာနိုင်ငံမှ တင်သွင်းကုန်တွေ အပေါ် ကန့်သတ်ထားမှုကို  ပြန်ရုပ်သိမ်းပေးဖို့  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  အိန္ဒိယ ဝန်ကြီးချုပ် ထံ  တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံကို တရားဝင် ချစ်ကြည်ရေး ခရီး လာရောက်တဲ့ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီရဲ့ ခရီးစဉ် အတွင်း ခုလို တောင်းဆိုလိုက်တာလို့  နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

“နှစ်နိုင်ငံ ကုန်သွယ်မှု ကဏ္ဍတွင် ပဲမျိုးစုံ ကုန်သွယ်မှုသည် မြန်မာ ပဲစိုက်ပျိုးသူ များနှင့် အိန္ဒိယ စားသုံးသူများ အတွက် အကျိုး သက်ရောက်မှု ရှိသဖြင့် ပဲမျိုးစုံ ကုန်သွယ်မှု၏ အရေးပါမှုကို နှစ်ဖက်လုံးက အသိအမှတ် ပြုခဲ့ပါသည်။ သို့ဖြစ်ရာ မကြာသေးမီက အိန္ဒိယ အစိုးရက ပဲမျိုးစုံ ကုန်သွယ်မှု အပေါ်  ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့မှု အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က စိုးရိမ်ကြောင်း ပြောကြားလျက် နှစ်နိုင်ငံ ပြည်သူများ၏ ရေရှည် အကျိုး စီးပွားနှင့် ချစ်ခင် ရင်းနှီးသည့် နှစ်နိုင်ငံ ဆက်ဆံရေးကို ရှေးရှုလျက် မြန်မာနိုင်ငံမှ တင်သွင်းကုန်များ အပေါ်  ကန့်သတ်မှုများ ရုပ်သိမ်းပေးရန် အိန္ဒိယ ဝန်ကြီးချုပ်အား တောင်းဆိုခဲ့ပါသည်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက  အနာဂတ်မှာ နှစ်နိုင်ငံ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက် နိုင်မယ့် ရေရှည် အစီအမံတွေ ချမှတ် ဆောင်ရွက်ဖို့ အရေးကြီးတဲ့ အကြောင်း ပြန်လည် တုန့်ပြန် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေး အပြီး ရရှိခဲ့တဲ့ သဘော တူညီချက်တွေထဲမှာ အိန္ဒိယနိုင်ငံရဲ့ ကူညီပံ့ပိုးမှုနဲ့ မုံရွာနဲ့ သထုံမြို့တွေမှာ သင်တန်းကျောင်း ၂ ခု တည်ထောင်ဖို့၊  ရန်ကုန်မြို့မှာ မြန်မာ - အိန္ဒိယ စီးပွားရေး စွမ်းဆောင်ရှင်များ ဖွံ့ဖြိုးရေး ဗဟိုဌာနနဲ့ အင်္ဂလိပ် ဘာသာစကား လေ့ကျင့်ရေး ဗဟိုဌာန အဆင့် မြှင့်တင်ဖို့နဲ့ သင့်လျော်တဲ့ နေရာမှာ နက္ခတ်တာရာ ပြခန်းတစ်ခု တည်ဆောက်ဖို့တွေ ပါဝင်ပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ သံတမန် သင်တန်းကျောင်းမှာ မြန်မာ သံတမန်တွေ အတွက် ပုံမှန် သင်တန်းတွေ ပေးဖို့၊ မြန်မာနိုင်ငံမှ နိုင်ငံ့ဝန်ထမ်း ၁၅၀ ကို အိန္ဒိယနိုင်ငံရှိ သင်တန်းကျောင်း တွေမှာ  အင်္ဂလိပ် ဘာသာစကား ငါးနှစ်တာ ကာလအထိ နှစ်စဉ် သင်ကြားပေးရန်ဖို့နဲ့  နှစ်စဉ် မြန်မာ သံတမန် ၂ ဦးအား ဟင်ဒီ ဘာသာ သင်တန်းကျောင်း မှာ တက်ရောက်နိုင်ဖို့လည်း အိန္ဒိယ ဘက်က ကမ်းလှမ်းခဲ့ပါတယ်။

အိန္ဒိယရဲ့ နည်းပညာနဲ့ ငွေကြေး အကူအညီနဲ့ ရမည်းသင်းရှိ အမျိုးသမီး ရဲလေ့ကျင့်ရေး သင်တန်းကျောင်းကို အဆင့် မြှင့်တင်ဖို့  ရန်ကုန်မြို့မှာ ရဲအရာရှိ သင်တန်းကျောင်း တစ်ခု တည်ထောင်ဖို့၊ နေပြည်တော်မှာ ကမ္ဘာ့ အဆင့်မီ အဆင့်မြင့် ဆေးရုံတစ်ရုံ တည်ဆောက်ဖို့ ဆွေးနွေးညှိနှိုင်းကြဖို့ နှစ်ဖက် သဘောတူညီ ခဲ့ကြပါတယ်။

ဒါ့အပြင် ပုဂံရှိ ရှေးဟောင်း ဘုရားပုထိုး (၉၂) ဆူနဲ့ အဆောက်အအုံတွေ ထိန်းသိမ်းရေး အတွက် သာမက ပုဂံ လက်မှု ထုတ်ကုန်ဈေး၊ အစားအသောက်နဲ့ ယဉ်ကျေးမှု၊ LED စနစ်နဲ့ လမ်းမီးစနစ်၊ မိုးရေ ထိန်းသိမ်းခြင်း၊ ပုဂံ ဒေသခံတွေ ဝင်ငွေ တိုးတက်စေရေး ကိစ္စတွေ အပြင် စာသင်ကျောင်းတွေ အဆင့်မြှင့်ရေး၊ အိန္ဒိယနှင့် မြန်မာ သတင်းမီဒီယာ ကောင်စီတွေ အကြား ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေ မှာလည်း ကျယ်ကျယ်ပြန့်ပြန့် သဘော တူညီမှု ရရှိခဲ့ကြပါတယ်။

DVB

No comments:

Post a Comment