Latest News

Saturday, September 23, 2017

နိုင်ငံသား မဟုတ်သူများကို နိုင်ငံသားများကဲ့သို့ လွတ်လပ်စွာ သွားလာခွင့် ပေးရန် ခက်ခဲဟု ဦးဥာဏ်ဝင်း (NLD) ဆို

နိုင်ငံသား မဟုတ်သူများကို နိုင်ငံသားများကဲ့သို့ လွတ်လပ်စွာ သွားလာခွင့် ပေးရန် ခက်ခဲဟု  ဦးဥာဏ်ဝင်း (NLD) ဆို



ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီ၊ စစ်တပ်နှင့် ဗုဒ္ဓဘာသာဝင် အများစုဖြစ်သည့် မြန်မာလူထုကြားတွင် အမြင်တူညီသည့်အချက်မှာ ဘင်္ဂါလီမူဆလင်များအား အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ခြင်းဖြစ်သည်။

NLD ၏ထိပ်တန်းပါတီဝင်တစ်ဦးဖြစ်ပြီး စစ်အစိုးရခေတ်တွင် ၃ နှစ်နီးပါးထိန်းသိမ်းခံခဲ့ရဖူးသူ ဦးဉာဏ်ဝင်းက "ကျွန်တော်တို့ စစ်တပ်ကို သိပ်သဘောမကျလှပါဘူး။ ဒါပေမယ့် ဒီတစ်ခုမှာတော့ အတူတူ ရပ်တည်ရပါမယ်။ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးခံလို့ မရတာကြောင့် ကျွန်တော်တို့ ညီညွတ်ဖို့ လိုပါတယ်" ဟု ပြောကြားခဲ့သည်။

အာဏာရ NLD ပါတီ၏ မီဒီယာအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ဝါရင့်ပါတီဝင်တစ်ဦးဖြစ်သည့် အသက် ၇၅ နှစ်ရှိ ဦးဉာဏ်ဝင်းက " ဒီလူတွေဟာ တရားမဝင် ဝင်ရောက်လာသူတွေပါ။ ဒါက သေချာတဲ့ အချက်ပါ။ နိုင်ငံတကာအသိုင်းအဝိုင်းက ဒီအချက်ကို ဘယ်တုန်းကမှ မဖော်ပြခဲ့ပါဘူး" ဟု ဆိုသည်။

ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဦးအောင်ရှင်ကလည်း ရခိုင်ပြည်နယ်အခြေအနေကို မြန်မာနိုင်ငံသားများသာ နားလည်နိုင်သည်ဟု ပြောကြားသည်။ ဘင်္ဂါလီများသည် ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားများကို ခြိမ်းခြောက်လျက်ရှိသည်ဟု မြန်မာနိုင်ငံသားအများစုက ရှုမြင်ထားသည်။

ယင်းက "နိုင်ငံခြားတိုင်းပြည်တွေဟာ သူတို့ ရရှိထားတဲ့ မေးခွန်းထုတ်ဖွယ် အချက်အလက်တွေပေါ် အခြေခံပြီး ရှုမြင်ဆုံးဖြတ်နေကြပါတယ်" ဟုဆိုသည်။

၂၀၁၁ တွင် ဒီမိုကရေစီအုပ်ချုပ်ရေးသို့ ပြောင်းလဲခဲ့သော်လည်း စစ်တပ်က အာဏာအများအပြားချုပ်ကိုင်ထားဆဲ ဖြစ်သည်။ ဘင်္ဂါလီပြဿနာသည် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအရ အခက်အခဲကြုံတွေ့စေသည်ဟု သံတမန်များက ဆိုသည်။ ယခင် စစ်အာဏာရှင်များသည် ယင်းတို့ကိုယ်ကိုယ် အမျိုးသားရေးနှင့် ဗုဒ္ဓဘာသာအား ကာကွယ်စောင့်ရှောက်သူများအဖြစ် ခေတ်အဆက်ဆက် ပုံဖော်ထားခဲ့သည်။ ထိုအချက်က ရခိုင်အရေးတွင် ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေရခြင်း အကြောင်းရင်းတစ်ခုဖြစ်နိုင်သည်ဟု သံတမန်များက ဆိုသည်။

ဦးဉာဏ်ဝင်းက " ဒီလို အထိခိုက်မခံတဲ့ ကိစ္စရပ်တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် တစ်ခုခုပြောလိုက်ရင် အခြေအနေက ပေါက်ကွဲသွာနိုင်ပြီး ပြဿနာကို ဖြေရှင်းဖို ပိုခက်သွားစေနိုင်ပါတယ်" ဟုပြောသည်။

"သူတို့ကို လူသားတွေအနေနဲ့ လက်ခံနိုင်ပေမယ့် လွတ်လပ်စွာ လှုပ်ရှားသွားလာတာကိုတော့ အချုပ်အခြာအာဏာ ထိခိုက်စေတဲ့အတွက် ခွင့်မပြုနိုင်ပါဘူး" ဟု ပြောကြားပြီး ဘင်္ဂါလီများကို လုံခြုံရေးအရ ဒုက္ခသည်စခန်းများတွင် ထားရခြင်းဖြစ်သည်ဟု ဆိုသည်။

"သူတို့ဟာ နိုင်ငံသားမဟုတ်တဲ့အတွက် နိုင်ငံသားများနည်းတူ လွတ်လပ်စွာသွားလာခွင့် ပေးလို့မရပါဘူး" ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။

KHTun
Ref - AFP / Reuters

The Ladies News

No comments:

Post a Comment