ငြိမ်းချမ်းရေးရမှ ဒီမိုကရေစီ ရှင်သန်အောင် လုပ်လို့ရမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ပြောကြား
၂၀၁၇ ခုနှစ်၊ အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို စက်တင်ဘာ ၂၁ ရက်က မန္တလေးမြို့ ၆၂ လမ်းရှိ မနော်ရမ္မံကွင်း အတွင်း၌ ပြုလုပ်ရာ မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် တက်ရောက်၍ ငြိမ်းချမ်းရေး ရမှ ဒီမိုကရေစီ ရှင်သန်အောင် လုပ်လို့ရမှာ ဖြစ်ကြောင်း အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
" ငြိမ်းချမ်းရေး ဆိုတာဟာ အလွန် ချိုမြတဲ့ အရာပါ၊ နှစ်သက် မြတ်နိုးအပ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးကို လူတိုင်း ခံစားချင်ကြတာပါ၊ လူတိုင်း ရယူချင်ကြတာပါ၊ ဒါဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသား အားလုံးကို မေးလိုက်ရင် ငြိမ်းချမ်းရေးကို လိုချင် ကြတာဘဲ ဖြစ်ပါတယ်၊ ကျွန်တော်တို့ ဟာလည်း ငြိမ်းချမ်းရေး ပန်းကို ပိုပြီး လိုချင်ပါတယ်၊ ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖြတ်သန်းခဲ့တဲ့ ကာလ တွေဟာ အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်၊ နောင် မျိုးဆက်သစ် တွေကို ဒီလို အခက်အခဲ မျိုးတွေနဲ့ ကြုံတွေ့ မခံစားစေချင်ပါဘူး၊ ငြိမ်းချမ်းရေး ပန်းကိုဘဲ ဆင်မြန်း စေချင်တာပါ၊ လူငယ်တွေဟာ ကျွန်တော်တို့ အနာဂါတ်ရဲ့ ရည်ရွယ်ချက် အတွက်၊ တိုင်းရင်းသား အားလုံး အတွက် မရှိမဖြစ် အရေးပါတဲ့ တိုင်းပြည်ကို ထူထောင်မယ့် သူများ ဖြစ်ကြမယ်လို့ ယုံကြည် ထားပါတယ်၊ နှစ်ပေါင်း မြောက်များစွာ ဖြစ်ခဲ့တဲ့ ပြည်တွင်း စစ်ကြီးကို ရပ်တန့်အောင် ငြိမ်းချမ်းရေး ရအောင် မလုပ်နိုင်ဘူး ဆိုရင် ကျွန်တော်တို့ရဲ့ သားငယ် သမီးငယ်တွေရဲ့ လက်ထဲမှာ အနာဂါတ် မျိုးဆက်သစ် တွေရဲ့ ဘ၀ အမှောင်ဟာ မှောင်မြဲ မှောင်နေမှာပါ၊ ငြိမ်းချမ်းရေး ရမှ ဒီမိုကရေစီ ရှင်သန်အောင် လုပ်လို့ ရမှာပါ၊ အမုန်းကို မေတ္တာနဲ့ တိုက်ထုတ် ရပါမယ်၊ နောင် မျိုးဆက်သစ်တွေမှာ မေတ္တာ ပန်းတွေ ပေါ်ထွန်းတဲ့ ရင်ဘတ်ကြီး ရှိစေ ချင်ပါတယ်၊ သစ္မာတရားကို လက်ကိုင် ထားပြီး အမှန်တရား ဘက်ကို ရပ်တည်မယ် ဆိုတဲ့ ရင်ဘတ်ကြီးမျိုး ရှိစေချင်တာပါ၊ လူငယ်တွေမှာ စွမ်းဆောင်ရည်တွေ ရှိကြတယ် ဆိုတာလည်း သိပါတယ်၊ နောက်ဆုံးတော့ တိုင်းပြည်က ငါတို့ကို ဘာလုပ်ပေးမလဲ ဆိုတဲ့ မေးခွန်းကို မမေးပါနဲ့၊ ငါတို့တွေက တိုင်းပြည်ကို ငြိမ်းချမ်းရေး ရအောင် ငါတို့ ဘာတွေ ပေးဆပ်ရမလဲ ဆိုတဲ့ မေးခွန်းမျိုးကို လူငယ်များ မေးစေချင်ပါတယ်" ဟု ဝန်ကြီးချုပ်က ပြောကြားသည်။
ဆက်လက်၍ အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားတွင် ဆရာ ညီပုလေးက ငြိမ်းချမ်းရေး ဆုတောင်း စကား ပြောကြားခြင်း၊ တက်ရောက် လာကြသော ကဗျာဆရာ တို့က ငြိမ်းချမ်းရေး ကဗျာ ရွတ်ဆိုခြင်းနှင့် ငြိမ်းချမ်းရေးနေ့ အခမ်းအနား၏ သဘောထား ထုတ်ပြန်ချက်ကို ဖတ်ကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
TheMandalayNewsJournal
Saturday, September 23, 2017
ငြိမ်းချမ်းရေးရမှ ဒီမိုကရေစီ ရှင်သန်အောင် လုပ်လို့ရမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ပြောကြား
ငြိမ်းချမ်းရေးရမှ ဒီမိုကရေစီ ရှင်သန်အောင် လုပ်လို့ရမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ပြောကြား
Reviewed by Ar Ti
on
10:28 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment