Latest News

Wednesday, September 20, 2017

အပြည့်အ၀ လွတ်လပ်စွာ ၀င်ရောက်ကြည့်ရှုခွင့်ပြုရန် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက မြန်မာနိုင်ငံကို တောင်းဆို

အပြည့်အ၀ လွတ်လပ်စွာ ၀င်ရောက်ကြည့်ရှုခွင့်ပြုရန် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက မြန်မာနိုင်ငံကို တောင်းဆို

၎င်းတို့အနေဖြင့် ဖြစ်ပွားနေဆဲ ကြီးမားသည့် ပဋိပက္ခကို စုံစမ်းစစ်ဆေးရန်အတွက် မြန်မာနိုင်ငံအတွင်းသို့ အပြည့်အ၀နှင့် လွတ်လပ်စွာ ၀င်ရောက်ကြည့်ရှုခွင့်ရရှိရန် လိုအပ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးသူများက စက်တင်ဘာ ၁၉ ရက်တွင် တောင်းဆိုခဲ့သည်။ သို့သော် မြန်မာအစိုးရက စုံစမ်းစစ်ဆေးမှုကို ပယ်ချခြင်းအား ထပ်မံအတည်ပြုခဲ့သည်။

“ချိုးဖောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲထားတဲ့နေရာတွေမှာ ကျွန်တော်တို့ ကိုယ်ပိုင်မျက်စိနဲ့ ကြည့်ရဖို့က ကျွန်တော်တို့အတွက် အရေးကြီးပါတယ်” ဟု ကုလသမဂ္ဂက ကျောထောက်နောက်ခံ ပြုပေးထားသော အချက်အလက် ရှာဖွေရေးမစ်ရှင်အဖွဲ့ အကြီးအကဲ မာဇူကီဒါရုစမန်က လူ့အခွင့်အရေးကောင်စီသို့ ပြောကြားကာ အပြည့်အ၀ လွတ်လပ်စွာ ၀င်ရောက်ကြည့်ရှုခွင့်ရရေးကို တောင်းဆိုခဲ့သည်။

“အရေးပေါ်ဂရုပြုဖို့ လိုအပ်တဲ့ ကြီးမားတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပဋိပက္ခတွေ ရှိနေပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတစ်လွှား၌ ဖြစ်နိုင်ဖွယ်ရှိသော ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် လူ့အခွင့်အရေးကောင်စီသည် မတ်လက မစ်ရှင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များအပေါ် ကျူးလွန်သည်ဟု စွပ်စွဲထားသော ပြစ်မှုများအပေါ် အဓိကထားခဲ့သည်။

မြန်မာအရပ်သား အစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အစီအစဉ်ကို အထောက်အကူမပြုဟုဆိုကာ အထပ်ထပ်ငြင်းပယ်ခဲ့ပြီး သူ၏အစိုးရအဖွဲ့အနေဖြင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ်ဟု ကတိပြုပြောကြားခဲ့သည်။

စက်တင်ဘာ ၁၉ ရက် အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဘင်္ဂါလီ (ရိုဟင်ဂျာဟု ဖော်ပြ) အရေးနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးသို့ ရုပ်သံမှတစ်ဆင့် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ရာတွင် ပြင်ပမှလေ့လာသူများကို မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ပြီး အနေအထားကို ၎င်းတို့ကိုယ်တိုင် ကြည့်ရှုရန် မေတ္တာရပ်ခံခဲ့သည်။ ယင်းမိန့်ခွန်းသည် မြန်မာတပ်မတော်က ဦးဆောင်သည်ဟု စွပ်စွဲထားသော ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအ၀ိုင်းအား နှစ်သိမ့်ရန် ရည်ရွယ်သည်။

သို့သော် မိန့်ခွန်းပြီးနောက် နာရီပိုင်းအကြာတွင် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ သံအမတ်ကြီး ဦးထင်လင်းက အချက်အလက် ရှာဖွေရေးမစ်ရှင်ကိစ္စ ဆုံးဖြတ်ချက်ကို မြန်မာအစိုးရအဖွဲ့အနေဖြင့် သဘောမတူကြောင်း အစိုးရအဖွဲ့၏ ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုခဲ့သည်။

“ရှုပ်ထွေးနေပြီးသား ရခိုင်အရေးကို ဖြေရှင်းရာမှာ ဒီလိုမစ်ရှင်အဖွဲ့မျိုး ဖွဲ့စည်းတာက အထောက်အကူပြုတဲ့ လမ်းကြောင်းတစ်ရပ် မဟုတ်ဘူးလို့ပဲ ကျွန်တော်တို့ ဆက်ပြီးယုံကြည်ပါတယ်” ဟု ဦးထင်လင်းက လူ့အခွင့်အရေးကောင်စီသို့ ပြောကြားခဲ့သည်။

ဒါရုစမန်က ၀င်ရောက်ကြည့်ရှုခွင့်အတွက် အာမခံချက်ပေးရန် မြန်မာနိုင်ငံအပေါ် ဖိအားထပ်မံတိုးမြင့်ခဲ့ပြီး ယင်းသည် ၎င်းတို့၏အမြင်များကို ဆက်သွယ်ပြောကြားရန်နှင့် ကုလသမဂ္ဂမစ်ရှင်အဖွဲ့သို့ တိုက်ရိုက်သက်သေခံရန် အစိုးရအဖွဲ့၏ အကျိုးစီးပွားအရနှင့် မြန်မာပြည်သူများ၏ အကျိုးစီးပွားအရဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒါရုစမန်က စုံစမ်းစစ်ဆေးရေးအဖွဲ့သည် မကြာသေးမီ သီတင်းပတ်များအတွင်း မြန်မာတပ်မတော်၏ စစ်ဆင်ရေးကြောင့် ထွက်ပြေးလာသော ဘင်္ဂါလီ (ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင် ၄၀၀,၀၀၀ ကျော်ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဖွဲ့တစ်ဖွဲ့ အရေးပေါ်စေလွှတ်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၌ ကျွန်ပြုခိုင်းစေမှု ကိစ္စအပါအ၀င် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ဖူးသည့် ၀ါရင့်ပုဂ္ဂိုလ် အင်ဒိုနီးရှားနိုင်ငံသား ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးက မြန်မာနိုင်ငံ၌ ပိုမိုဆိုးရွားလာနိုင်သည့် ပဋိပက္ခနှင့်ပတ်သက်၍ အန္တရာယ်လက္ခဏာရပ်များ ရှိနေသည်ဟု သတိပေးခဲ့သည်။ သူက ဗုဒ္ဓဘာသာဝင်အများစု နေထိုင်သော မြန်မာနိုင်ငံတွင် အချို့က ဘင်္ဂါလီမွတ်စလင် (ရိုဟင်ဂျာဟုဖော်ပြ) များကို အဖျက်ပိုးမွှားများနှင့် နှိုင်းယှဉ်ကာ ၀ါဒဖြန့်မှုများ ဖြန့်ချိခဲ့သည်ဟူသည့် အစီရင်ခံမှုများကို သတိပြုမိကြောင်းလည်း ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment