Latest News

Wednesday, September 20, 2017

အင်အားပြင်း မက္ကဆီကို ငလျင်ကြောင့် သေဆုံးသူ ၂၀၀ ကျော်လာ

အင်အားပြင်း မက္ကဆီကို ငလျင်ကြောင့် သေဆုံးသူ ၂၀၀ ကျော်လာ

မက္ကဆီကို နိုင်ငံတွင် စက်တင်ဘာ ၁၉ ရက်က ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိသည့် အင်အားပြင်း ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၂၁၆ ဦးထက်မနည်း သေဆုံးခဲ့ရသည်။ သေဆုံးသူများထဲတွင် မူလတန်းကျောင်းတစ်ကျောင်း ပြိုကျမှုကြောင့် သေဆုံးခဲ့ရသည့် ကလေး ၂၁ ဦးလည်း အပါအ၀င်ဖြစ်သည်။

မက္ကဆီနိုင်ငံ၏ လူသေဆုံးမှုအများဆုံး ၁၉၈၅ ခုနှစ် ငလျင်ကြီးလှုပ်ခဲ့သည့် နှစ်ပတ်လည်နေ့တွင် ယခုငလျင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ လူပေါင်း ၁၀၀၀၀ ထက်မနည်းကို သေစေခဲ့သော ၁၉၈၅ ခုနှစ် ငလျင်၏နှစ်ပတ်လည်နေ့တိုင်း နိုင်ငံတစ်ဝန်းတွင် ငလျင် အန္တရာယ်ကာကွယ်ရေး လေ့ကျင့်မှုများကို ကျင်းပလေ့ရှိကြသည်။ ၃၂ နှစ်ပြည့်သည့် ယခုနှစ် နှစ်ပတ်လည်နေ့တွင် အသေးချုံ့ ၍သာပြုလုပ်သည့် လေ့ကျင့်မှုများအပြီး နှစ်နာရီအကြာမှာပင် ငလျင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

မက္ကဆီကိုစီးတီးမြို့တော် တောင်ပိုင်းရှိ Enrique Rebsamen သုံးထပ် မူလတန်းကျောင်းသည် ငလျင်အတွင်း ပြိုကျခဲ့ရာ ကလေး ၂၁ ဦးနှင့် လူကြီး ငါးဦး သေဆုံးခဲ့ကာ လူ ၃၀ မှ ၄၀ ကြား ပိတ်မိနေသည်ဟု စစ်တပ်က ထုတ်ပြန်ခဲ့သည်။ လက်ရှိအချိန်အထိ ကယ်တင်နိုင်ခဲ့သည့် ကလေးဦးရေ ၁၁ ဦး ရှိပြီဖြစ်သည်။

ငလျင်ကြောင့် မြို့တော်မက္ကဆီကိုစီးတီး အပါအ၀င် နိုင်ငံအလယ်ပိုင်းရှိ ပြည်နယ် အများအပြားတွင် ပျက်စီး ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၂၀ ရက်တွင် ငလျင်ကြောင့် သေဆုံးသူဦးရေသည် ၂၁၆ ဦးအထိ မြင့်တက်လာခဲ့သည်ဟု အမျိုးသား သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး အေဂျင်စီမှ ဥက္ကဋ္ဌဖြစ်သူ လူးဝစ်ဖိလစ်ပီပြူတီက Twitter တွင် ရေးသားခဲ့သည်။

လွန်ခဲ့သည့် ၁၂ ရက်ခန့်ကလည်း မက္ကဆီကို နိုင်ငံတောင်ပိုင်းပြည်နယ်များ၌ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ၁၀၀ နီးပါး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ပြင်းအား ၈ ဒသမ ၂ အဆင့်ရှိသည့် ထိုငလျင်ကြီးသည် မက္ကဆီကိုတွင် ရာစုနှစ်တစ်ခုအတွင်း လှုပ်ခတ်ခဲ့သည့် အင်အားအပြင်းဆုံး ငလျင်ဖြစ်ခဲ့သည်။

“ကျွန်မ အရမ်းကို စိုးရိမ်ပြီး ငိုတာရပ်လို့ကို မရနိုင်ပါဘူး။ ၁၉၈၅ ခုနှစ်က အိမ်မက်ဆိုးကြီး အတိုင်းပါပဲ” ဟု မြို့တော်တွင် နေထိုင်သည့် အသက် ၅၂ နှစ်အရွယ် ဂျော်ဂျီနာဖန်ချက်ဇက်က ပြောကြားခဲ့သည်။ ငလျင်သည် မွန်းလွဲပိုင်းတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး လူစည်ကားသော မြို့လယ်တွင် အဆောက်အအုံများစွာ ပြိုကျကာ ပြားပြားဝပ်စေခဲ့သည်။ မြို့တော်၏ အပြည်ပြည်ဆိုင်ရာ လေ ဆိပ်ကိုလည်း ငလျင်လှုပ်ခတ်ပြီးချိန်တွင် သုံးနာရီကြာ ပိတ်ခဲ့ရသည်။

■ နိုင်ငံတကာ ကူညီမှုများ

ယခု မက္ကဆီကိုငလျင်အတွက် နိုင်ငံအများအပြားမှ အကူအညီများပေးရန် ကမ်းလှမ်းခဲ့ကြသည်။ ဟွန်ဒူးရပ်စ်နိုင်ငံသည် လူ ၃၆ ဦးပါ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ပေးခဲ့သည်။
မက္ကဆီကို-အမေရိကန် ဆက်ဆံရေးတွင် အမုန်းတရားများ ပေါက်ဖွားအောင် လုပ်ဆောင်ခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း Twitter ပေါ်တွင် “မက္ကဆီကို စီတီးက လူတွေကို ဘုရားသခင် ကောင်းချီးပေးပါစေ။ ကျွန်တော်တို့ သင်တို့နဲ့အတူ အခုလည်း ရှိနေတယ်။ နောင်လည်း ရှိသွားမှာပါ” ဟု ရေးသားခဲ့သည်။ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒိုးကလည်း စိတ်မကောင်း ကြောင်း၊ အကူအညီပေးရန် အသင့်ရှိကြောင်း Twitter တွင် ရေးခဲ့သည်။

ပြတ်ရွေ့ကြောငါးခုပေါ်တွင် တည်ရှိသည့် မက္ကဆီကို နိုင်ငံသည် ငလျင်ဒဏ်ကို မကြာခဏကြုံရသည့်အပြင် ရှည်လျားလှသော ကမ်းရိုးတန်းဒေသကြီးနှစ်ခုကိုလည်း ပိုင်ဆိုင်သဖြင့် ဟာရီကိန်းမုန်တိုင်းများနှင့်လည်း မကြာခဏ ရင်ဆိုင်ရလေ့ရှိသည်။

Eleven Media Group

No comments:

Post a Comment