Latest News

Monday, September 25, 2017

ကျောက်မိုင်းလိုင်စင်ဟောင်းများ ပြန်လည်သိမ်းယူခြင်းကြောင့် လုပ်ငန်းရှင်များအခက်ကြုံ


ပေါင်၊ စက်တင်ဘာ၊ ၂၁
ဟံသာနွန်
 မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ မြို့နယ်(၄)ခုတွင် ကျောက်မိုင်းလုပ်ငန်းလုပ်ကိုင်ခွင့်အတွက် လိုင်စင်သက်တမ်း လုပ်ငန်း များ ဆောင်ရွက်ချိန်၌ လိုင်စင်အား ပြန်လည်သိမ်းယူထားမှုများရှိလာခြင်းကြောင့် လုပ်ငန်းလုပ်ကိုင်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိကြောင်း လမ်းခင်းကျောက်ထုတ်လုပ်ငန်းရှင်များကပြောသည်။
 သထုံခရိုင်အတွင်း ကျောက်မိုင်းလုပ်ကိုင်ခွင့် သက်တမ်းတိုးဆောင်ရွက်ချိန်၌ နှစ်စဉ်လိုင်စင်များ ပြန်လည်သိမ်းဆည်းမှု မရှိခဲ့ဘဲ ၂၀၁၆ ခုနှစ် လိုင်စင်သက်တမ်းတိုးချိန်မှ စတင်ကာ လိုင်စင်ပြန်လည်သိမ်းယူခြင်းများ ရှိလာသဖြင့် လုပ်ငန်း အခက်များဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု သထုံမြို့နယ်ကျောက်ထုတ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးခင်မောင်ကျော်က ပြောသည်။

 "နှစ်တိုင်းလိုလို တစ်နှစ်တာ ကျောက်ထုတ်ဖို့ လိုင်စင်သက်တမ်းတိုးရင် လိုင်စင်ကိုပြန်သိမ်းခဲ့တာမျိုးမရှိဘူး။ မနှစ်ကစပြီး ပြန်သိမ်းတာပါ။ ကျောက်အော်ဒါမှာတဲ့သူတွေဘက်ကလည်း တရားဝင်လုပ်ငန်းလုပ်နေတယ်ဆိုတဲ့ အထောက်အထားပြမှ ဝယ်ကြတာပါ။ လိုင်စင်မသိမ်းထားဘူးဆိုရင် ကျွန်တော်တို့က ကျောက်ထုတ်ခွင့်လိုင်စင်ရှိတယ် သက်တမ်းတိုးထားတုန်း ဆိုတာ အထောက်အထားပြလို့ရတာပေါ့။ တကယ်တမ်းဖြစ်သင့်တာက နဂိုမူလစနစ်အတိုင်း လိုင်စင်သက်တမ်းတိုးတဲ့ ကာလအတွင်း လိုင်ငန်းလိုင်စင်ကို မသိမ်းဘဲ လုပ်ငန်းရှင်တွေထံမှာဘဲ ထားရှိပေးစေချင်ပါတယ်။"ဟု ၎င်းက  ပြောသည်။

ကျောက်ထုတ်လုပ်ငန်း လုပ်ကိုင်သူများသည် တူးဖော်ထုတ်လုပ်ခွင့်ရသည့် မြေနေရာတွင် လိုင်စင်ပါခွင့်ပြုထားသော မြေနှင့်မြေထွက်ပစ္စည်းများ တူးဖော်ခြင်းမှအပ အခြားလုပ်ငန်းများ လုပ်ကိုင်ခွင့်မရှိ၊ လုပ်ငန်းလိုင်စင်အား မူလခွင့်ပြု ထားသူမှ အပ အခြားသူတစ်ဦးထံသို့ လွှဲပြောင်းခြင်း ပေါင်နှံခြင်း ရောင်းချခြင်းမပြု၊ရ အများပြည်သူဆိုင်ရာ လမ်းမကြီး၊ မီးရထားလမ်း၊ ရေသိုလှောင်ကန်၊ တူးမြောင်းတို့နဲ့ ပေ ၆၀၀ အကွာတွင် ထုတ်လုပ်ရမည်ဟု သတ်မှတ်ထားသည်။

လိုင်စင်သက်တမ်းသည် စတင်ထုတ်ပေး သည့်ရက်မှ ၆ လပိုင်း ၃၀ ရက်နေ့တွင် ကုန်ဆုံးပြီး လုပ်ငန်းလိုင်စင်အသစ် ထပ်မံမရရှိသည့်ကာလအတွင်း ကျောက်ထုတ် လုပ်ငန်း လုပ်ကိုင်ခွင့်မရှိတော့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ သထုံခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က "လိုင်စင်ဆိုတာမျိုးက သက်တမ်းကုန်ရင် ပြန်အပ်ရမယ်ဆိုတာ ဥပဒေပါစည်းကမ်းချက်အတိုင်းပါဘဲ။ ယခင်က မလုပ်ခဲ့ကြ လို့သာ ဒါကို လုပ်ငန်းရှင်တွေက အမှန်ထင်နေကြတာ။ ဥပဒေအရဆို လိုင်စင်ကအခွန်တော်အရာရှိလက်ထဲမှာဘဲရှိရမှာပါ။ လိုင်စင်ပါစည်းကမ်းချက်အရ သတ်မှတ်ထားတဲ့ ကျင်းရေပမာဏပြည့်ရင် လိုင်စင်ကကုန်တာဘဲ။ ဥပမာ ကျင်းတစ်ထောင် အတွက်ဘဲလုပ်ထားလို့ ကျင်းတစ်ထောင်ပြည့်ရင် လုပ်ငန်းကရပ်နားထားရမှာပါ။ ထပ်ပြီးထုတ်လို့မရပါဘူး''ဟု ပြောသည်။

No comments:

Post a Comment