Monday, September 25, 2017
ရထားတိုက်မှုကြောင့် ကိုးလအတွင်း လူဆယ် ဦးသေဆုံး အများစုမှာ အရက်မူးပြီးရထားလမ်းပေါ်အိပ်နေခြင်းကြောင့်ဖြစ်
ဟံသာနွန်
မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ၂၀၁၇ခုနှစ်(ဇန်န၀ါရီလမှ စက်တင်ဘာ ၁၉ ရက်နေ့ထိ) ကိုးလအတွင်း လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ပေါင်မြို့မရဲစခန်းမှ သိရသည်။
ရထားတိုက်မှုကြောင့် သေဆုံးသူများမှာ အသက် ၂၅နှစ် မှ အသက် ၆၀နှစ် အတွင်း သူများဖြစ်ပြီ ပေါင်မြို့ပေါ်ရပ်ကွက်များမှ အများဆုံး ပါဝင်သည်ဟု ရဲစခန်းက သတင်းထုတ်ပြန်သည်။
“သေဆုံးသူအများစုကတော့ ယောက်င်္ကျားလေးတွေ သူတို့ ကအရက်မူးပြီး ရထားလမ်းပေါ် အိပ်နေလို့ ရထားတိုက်မိသေဆုံးတာပါ “ဟု ပေါင်မြို့မရဲစခန်းမှ ဒုရဲမှူး ထွန်းဇော်ဦးက ပြောသည်။
သေဆုံးသူမျာအား ပေါင်မြို့မရဲစခန်း၌ သေမှုသေခင်ဖြင့်သာ အမှုဖွင့်လှစ်ထားရှိကြောင်း ၄င်းကဆက်ပြောသည်။
ပေါင်မြို့နယ်အတွင်းရှိ မီးရထားလမ်းများသည် မြို့တွင်း၌ရှိနေခြင်းကလည်း ရထားတိုက်မှုကိုပိုမိုဖြစ်စေသည်ဟု ဒေသခံအချို့ က သုံးသပ်သည်။
“ ကျွန်တော်တို့က ရထားလမ်းနဲ့ကပ်ပြီးနေတာပါ။ အရင်နှစ်ကတော့ ဒီနားမှာရထားတိုက်ပြီးသေဆုံးတာမရှိပါဘူး။ ထော်လာဂျီတစ်စီးဘဲ ရထားလမ်းပေါ်ဖြတ်တဲ့အချိန် ရထားလာတာနဲ့မလွတ်လို့ နဲနဲလေးချိတ်တာဘဲရှိတယ်။ ဒီနှစ်တော့ သေတာ ၂ယောက်ရှိပြီ။ ဖြစ်တာလည်းလူလတ်ပိုင်းတွေပါ။ အရက်မူးပြီးရထားလမ်းပေါ်အိပ်ပျော်နေကြတာနောက်တစ်ခုက ရထားလမ်းကမြို့ ထဲရှိနေတော့ လူသွားလူလားများတဲ့ နေရာမှာလည်းရောက်နေတယ်ပြောလို့ ရတယ် " ဟု ကဒါရပ်ကွက် တွင်နေထိုင်သူ ကိုစိုးနိုင်ကပြောသည်။
ရဲစခန်းထုတ်ပြန်ချက်အရ ဇန်န၀ါရီလတွင် ၃ ဦး၊ ဧပြီလတွင် ၁ ဦး၊ မေလတွင် ၁ ဦး၊ ဇူလိုင်လတွင် ၃ ဦး၊ စက်တင်ဘာလ ၂ ရက်နေ့တွင် ၁ ဦးနှင့် စက်တင်ဘာလ ၉ ရက်နေ့တွင် ၁ ဦး စုစုပေါင်းဆယ်ဦးဖြစ်သည်။
ရထားတိုက်မှုကြောင့် ကိုးလအတွင်း လူဆယ် ဦးသေဆုံး အများစုမှာ အရက်မူးပြီးရထားလမ်းပေါ်အိပ်နေခြင်းကြောင့်ဖြစ်
Reviewed by timeayeyar
on
11:26 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment