Latest News

Wednesday, September 27, 2017

အမတ်မင်း စကားကို ပျက်ရယ်ပြုနေသော ပွဲခင်းထဲက ကြက် ကွေး ကျား လောင်းကစား ....


အမတ်မင်း စကားကို ပျက်ရယ်ပြုနေသော ပွဲခင်းထဲက ကြက် ကွေး ကျား လောင်းကစား ....
ဖားကန့်ကျောက်စိမ်းတွင်းဒေသတွင် ဇာတ်ပွဲ နှင့် လောင်းကစားသည် အပ်သွားရာ အပ်ချည်ပါသကဲ့သို့ပင် ဖြစ်နေလေသည် ။ ဖားကန့်မြို့နယ်အတွင်း ကျင်းပပြုလုပ်သော ဇာတ်ပွဲတိုင်းတွင် လောင်းကစားရုံများ မပါသည့် ဇာတ်ပွဲ ဆိုသည်မှာ မရှိသလောက် ရှားပါး လှပါသည် ။
ရှေးယခင်က ဇာတ်သဘင်များကို မြန်မာတို့၏ ဓလေ့အတိုင်း ဘာသာရေးပွဲများနှင့် အလှူပွဲများတွင် ပျော်ပွဲရွှင်ပွဲများ အဖြစ် ကျင်းပကြသည် ။ ယခုအခါ ဖားကန့်ကျောက်စိမ်းတွင်းဒေသတွင် ဇာတ်သဘင်ပွဲများကို စီးပွားရေး လုပ်ငန်းကြီးသဖွယ် ခပ်စိပ်စိပ် ကျင်းပနေသည်ကို တွေ့ရှိလာရပါသည် ။ ဘုရားတည် ကျောင်းဆောက် ၊ သာသနိက အဆောက်အဦး ဆောက်လုပ်ရန်အစ ၊ ရပ်ရေးရွာရေးအဆုံး လိုအပ်သော ငွေကြေးများကို ဇာတ်သဘင်နှင့် လောင်းကစားကို အသုံးပြုကာ ရန်ပုံငွေပွဲဟု ခေါင်းစဉ်တပ်ပြီး ခပ်စိပ်စိပ် စီးပွားရှာနေသည်ကို တွေ့နေရပါသည် ။ ဖားကန့် ကျောက်စိမ်းတွင်း ဒေသတွင် ခရစ်ယာန် သာသနာလည်း ထွန်းကားသော အရပ်လည်းဖြစ်ပါသည် ။ ခရစ်ယာန်တို့၏ ဘာသာရေးပွဲမျာတွင် ပျော်ပွဲရွှင်ပွဲများဖြင့် ဖျော်ဖြေမှုများကို မကြာခဏ တွေ့ဘူးပါသည် ။ ဘုရားတိုင်းက မကြိုက် ၊မနှစ်သက်သော လောင်းကစားပွဲများ ထည့်သွင်းလေ့ မရှိပါ ။ အချို့ပွဲများဆိုလျှင် အရက်သေစာ နှင့် ဆေးလိပ်ပင် ရောင်းချခွင် မပြုသည်ကို တွေ့ရဘူးပါသည် ။ ကျနော်တို့ ဗုဒ္ဓဘာသာဝင်များအနေဖြင့် အလွန်ပင် ဆင်ခြင် အတုယူသင့်သည်ဟု မြင်ပါသည် ။ ငွေရဘို့အတွက် ဘာသာတရားကို ခုတုံး မလုပ်သင့်ဟု ယူဆမိပါသည် ။ အဆိုပါ လုပ်ရပ်များကို တားမြစ်ရန် သက်ဆိုင်ရာ ဆရာတော်ကြီးများတွင် တာဝန် လုံးလုံးရှိသည်ဟု ထင်ပါသည် ။ ထိုကဲ့သို့သော ပွဲများကို ဘုရားသာသနာ၏ အဝန်းအဝိုင်းအတွင်း ကျင်းပခွင့် မပြုသင့်သလို ၊အဆိုပါ ပွဲများမှ ရရှိသော မစင်ကြယ်သော ငွေကြေးများဖြင့်လည်း သာသနာ မပြုသင့်ဟု ထင်ပါသည် ။ သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်ဘက်မှလည်း နိုင်ငံတော်မှ ဥပဒေပြဌာန်းကာ တားမြစ်ထားသော ဒုစရိုက် လုပ်ငန်းများကို ပြောင်ပြောင်တင်းတင်း လူမြင်ကွင်းများတွင် ခွင့်ပြုထားသည်မှာ လူကြီးမင်းတို့၏ ဂုသိက္ခာကို အလွန်ကျဆင်းစေသည့် လုပ်ရပ်ဖြစ်ပါသည် ။

၂၆.၉.၂၀၁၇ နေ့တွင်ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါ ကျေးရွာအနီး မဒဲ့ယန် ( မှော်ပုံ ) ကျေးရွာတွင် “ ရွှေတော်ဝင် ” မန္တလေးဇာတ်ပွဲ ကပြလျှက်ရှိသည် ။ အဆိုပါ ဇာတ်ပွဲသည် ဆယ်ည ကပြမည်ဟု သိရသည် ။ဇာတ်ပွဲတွင် တရားမဝင် ဒုစရိုက် လုပ်ငန်းများဖြစ်သည့်  ခြောက်ကောင် လောင်းကစားခုံ (၅၀) ခန့် နှင့် လေးကောင်ဂျင် ၊တရုတ်ပဲကြားလှော် ဖိုက်ကြူး စသည့် လောင်းကစားလုပ်ငန်းများကို ခွင့်ပြုထားသည်ဟုမျက်မြင်တွေ့ရှိခဲ့သူ ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည် ။

အဆိုပါ တရားမဝင် လောင်းကစားပွဲများနှင့် ဇာတ်ပွဲကပြရာ မှော်ပုံကျေးရွာသည် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုး နေထိုင်သည့် လုံးခင်းကျေးရွာအုပ်စုတွင် ဖြစ်ပါသည် ။ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတက့်စိုးမှ လောင်းကစား ကိစ္စများကို ဖမ်းဆီးအရေးယူပေးဘို့ ဖားကန့်မြို့နယ်မှူး နှင့် ရဲစခန်းမှူးတို့အား တင်ပြခဲ့ပြီး ဟုဆိုပါသည် ။ “ ဒီလောင်းကစား ကိစ္စ ဖမ်းဆီးအရေးယူပေးဘို့ ကျနော်ကိုယ်တိုင် ဖားကန့် မြို့နယ်မှူးရော ၊ စခန်းမှူးကိုရော ပြောထားတာပဲ ။ ဆိုင်းတောင် ( ဆိပ်မူ) ဘက်မှာဆိုလည်း ငါးမန်းဂိမ်း လောင်းကစားရုံတွေ နဲတာမှ မဟုတ်ပဲ ။ဘာကြောင့် မဖမ်းတာလဲ ငါ့ညီပဲ မေးကြည့်တော့ ။ ခုလည်းကြည့် အကိုနေတဲ့ ရွာနားမှာကြီးကွာ ။ ဒါမဖြစ်သင့်ဘူး ” ဟု ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါသည် ။

မှော်ပုံကျေးရွာတွင် ကပြလျှက်ရှိသော ဇာတ်ပွဲရှိ လောင်းကစားခုံများနှင့်ပတ်သက်ပြီး လုံးခင်းရဲစခန်းမှူးထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ဖြေဆိုခဲ့ခြင်း မရှိသလို ၊ တ်ာလီဖုန်း အကြိမ်ကြိမ် ထပ်မံခေါ်ဆိုသော်လည်း ဖုန်းမကိုင်တော့ပါ ။ ဖားကန့်မြို့နယ် ရဲစခန်းမှူး ဦးဝင်းဇော်ဦးအား ဆက်သွယ်လို့မရခဲ့သဖြင့် ဖားကန့်မြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် “ ဒီကိစ္စတွေက ကျနော်တို့ အနေဖြင့် မသိရှိရ
” ဟုဖြေဆိုခဲ့ပါသည် ။

ယခုဇာတ်ပွဲနှင့် လောင်းကစားများ ပြုလုပ်လျှက်ရှိသည့် မှော်ပုံကျေးရွာသည် ရေမဆေးကျောက်ရှာဖွေသူ အများအပြားနေထိုင်သောကြောင့် ရာဇဝတ်မှုများ ဖြစ်ပေါ်လာမည်ကို လုံးခင်းကျေးရွာ ရပ်မိရပ်ဖများက စိုးရိမ်နေကြသည်ဟုလည်း သိရပါသည် ။ ဇာတ်ပွဲ ကန်ထရိုက်များသည် ခံဝန်ဂတိ ထိုးထားသည့်အတိုင်း ပွဲကိုမကျင်းပပဲ စာချုပ်ပါ ဂတိများကို ချိုးဖောက်နေသည်ဟု လုံးခင်းကျေးရွာ ဥက္ကဌမှ ပြောပါသည် ။ “ ကျနော်တို့ ရုံးမှာ ပွဲကတာနဲ့ ပတ်သက်ပြီး ခံဝန် ဂတိလက်မှတ် လာထိုးတော့ ပွဲခင်းမှာ လောင်းကစားဝိုင်း လုံးဝ ( လုံးဝ ) မထည့်ပါဘူးဆိုပြီး လက်မှတ်ထိုးထားတာပါ ။ခုက ခံဝန်ဂတိကို ချိုးဖောက်နေပြီ ” လုံးခင်းကျေးရွာအုပ်စု ဥက္ကဌ ဦးလှအောင်က ပြောပါသည် ။

ဖားကန့်ဒေသနေ ပြည်သူများနှင့်လုံးခင်းကျေးရွာရှိ ရပ်မိရပ်ဖများက မူးယစ်ဆေးဝါးများ ပေါများနေသည့်အတွက် စိတ်ဒုက္ခရောက်နေကြရပြီး ယခုကဲ့သို့ ဇာတ်ပွဲများတွင် လောင်းကစားဝိုင်းများ ထည့်သွင်း ကျင်းပခြင်းကြောင့် ရာဇဝတ်မှုများ ထူပြောလာနိုင်ပြီး တပူပေါ် နှစ်ပူဆင့်ကာ စိတ်သောက ရောက်နေကြရပါသည် ။ ပြည်သူများက မဲပေးရွေးချယ်တင်မြှောက်ထားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုယ်တိုင် လောင်းကစားများကို ဖမ်းဆီးအရေးယူပေးဘို့ ပြောဆိုနေသည့်ကြားက ပွဲခင်းထဲမှ ကြက် ကွေး ကျား လောင်းကစားခုံများ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ နေအိမ် နှင့် နီးသထက် နီးလာနေသည်မှာ မထီမဲ့မြင် ပြုရာ ကျနေပါသည် ။ ဤပြဿနာသည် ပြည်ထဲရေး နှင့် လွှတ်တော်ကြား အပြန်အလှန် ထိန်းကြောင်းခြင်း အကြောင်းတရားကို ထိခိုက်လာနိုင်မည်လား ဆိုတာ စဉ်းစားစရာ ဖြစ်နေပါတော့သည် ။

စကားချပ် ။ ခြောက်ကောင် လောင်းကစား တစ်ခုံလျှင် နေရာခ တစ်ည တစ်သိန်းပေးရပါသည် ။ အလုပ် လုပ်သော မိန်းကလေးငယ် တစ်ဦးလျှင် အနည်းဆုံး ခုနှစ်ထောင်မှ တသောင်း ကျပ်ထိ ပေးရသည် ။ တစ်ခုံလျှင် မိန်းကလေး သုံးဦး အနည်းဆုံးထားရသည် ။ ခြောက်ကောင်ခုံ တစ်ခု၏ တစ်ည ကုန်ကျစရိတ်သည် တစ်သိန်း သုံးသောင်းခန့်ရှိသည်ဟု သိရသည် ။ ခုံပေါင်း (၅၀ ) ဆိုလျှင် သိန်းပေါင်း ခြောက်ဆယ့်ငါးသိန်း ကျမည် ။တစ်ည၏ ကုန်ကျစရိတ်ဖြစ်သည် ။ ဆယ်ည ဆိုလျှင် သိန်းပေါင်း ခြောရာ့ငါ့ဆယ် ။ ထိုငွေများကို ဘယ်ကရမည်နည်း ။ ပွဲခင်းလာသော ပြည်သူ ရေမဆေးများက ပေးကြရမည့် သဘောပင် မဟုတ်ပါလော ။ ပျော်ရွှင်စရာ ဇာတ်ပွဲသည် ပြည်သူတွေ ဒုနဲ့ မျက်ရည်သုတ် ကျန်ခဲ့ပြီး စီးပွားရေးသမား ဇာတ်ကန်ထရိုက်ကြီးများသာ ငွေထုတ်ပိုက် အိမ်ပြန်မည် ဖြစ်ပါသည် ။
ဇော်မိုးထက် ( ဖားကန့် )
https://www.facebook.com/zawmoehetet.zawmoe/posts/1450316871749810








No comments:

Post a Comment