Latest News

Wednesday, September 27, 2017

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်နှင့် တွေ့ဆုံခြင်း

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်နှင့် တွေ့ဆုံခြင်း

‘‘ပြည်သူလူထုကို မြစ်ဆုံအရေးနဲ့ပတ်သက်လို့ ခင်ဗျားတို့ဆန္ဒအတိုင်းပဲလို့ အဲဒီလိုပဲပါးချင်ပါတယ်’’

လက်ရှိအစိုးရ၏တစ်နှစ်ခွဲ ကျော်သက်တမ်းအတွင်း ကချင် ပြည်နယ်အစိုးရအဖွဲ့ အဓိက ဆောင်ရွက်သည့်လုပ်ငန်းများ၊ ဒေသငြိမ်းချမ်းရေးအခြေအနေ၊ မြစ်ဆုံဆည်ကိစ္စ၊ မူးယစ်ဆေးဝါး ကဏ္ဍစသည်တို့နှင့်ပတ်သက်ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ်အား 7Day News အပါအ၀င်သတင်း ဌာနအချို့က စက်တင်ဘာတတိယပတ်၌ မြစ်ကြီးနားမြို့တွင် တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။

ကချင်ပြည်နယ်အစိုးရရဲ့ ၁၈ လတာကာလအတွင်းမှာ အဓိက ဘယ်ကဏ္ဍတွေ ဦးစားပေးလုပ် ဆောင်ခဲ့ပါသလဲ။

အဓိကကတော့ အခြေခံဖွံ့ ဖြိုးရေးကိုပဲ အဓိကလုပ်ဆောင် ဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးပိုင်းမှာ ဆိုရင် လမ်းတံတားအဲဒါလေးတွေ ပေါ့။ နောက်လျှပ်စစ်ပိုင်း၊ လျှပ် စစ်ကြိုးတွေ သွယ်တန်းတယ်။ လျှပ်စစ်ဓာတ်ခွဲရုံတွေ လုပ်ပေး တယ်။ ရွာတွေမီးလင်းရေးအတွက် ရွာနှစ်ရာစွန်းစွန်းလေး မီးလင်း အောင်ဆောင်ရွက်ခဲ့ပါတယ်။ ဒါ ကတော့ ၂၀၁၆-၁၇ ဘတ်ဂျက် အန်ကယ်တို့ရရှိတဲ့ဘတ်ဂျက်နဲ့ ဆောင်ရွက်ခဲ့တာပါ။ နောက်ဆွမ် ပရာဘွမ်လမ်း၊ အဲဒါကလည်း ဘဏ္ဍာငွေ တော်တော်လေးဝင် သွားတဲ့လမ်းကြီးပေါ့။ ဒါ ပြည် ထောင်စုလမ်းကြီး။ လွန်ခဲ့တဲ့နှစ် ပေါင်း ၅၀ ကျော်က ပြင်/ထိန်းနဲ့ပဲ နေပြီးတော့ မိုးတွင်းမှာဆိုရင်ဘာ မှဆိုင်ကယ်လည်းဖြတ်သွားဖြတ် လာလုပ်လို့မရဘူး။ ခြေကျင်ပဲ သွားလို့ရတဲ့ လမ်းကြီးကိုအန်ကယ်တို့က ၂၀၁၆-၁၇ ဘတ်ဂျက်ကနေ စပြီးလုပ်လာတာပေါ့လေ။ ဒီနှစ် တော့ မိုးတွင်းလည်း ကားတွေ မပြတ်ဘူး။ နောင်နှစ်တွေမှာဆို ပိုကောင်းမှာပေါ့။

ဝန်ကြီးချုပ်တာဝန်စယူခဲ့ချိန်မှာ ကချင်ပြည်နယ်အတွက်ဆိုရင် ဘယ်လုပ်ငန်းတွေ အရေးကြီးဆုံး လုပ်မယ်ဆိုပြီးတော့ ရည်မှန်းခဲ့ပါသလဲ။

အဓိကကတော့ ငြိမ်းချမ်း ရေးပေါ့လေ။ ပြည်ထောင်စုကနေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က နေ ၂၁ ရာစုပင်လုံပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံဆိုပြီးတော့ ဖော်ဆောင်နေတာပေါ့လေ။ အဓိ ကကတော့ အန်ကယ်တို့က ငြိမ်း ချမ်းရေးလိုချင်တာပေါ့။ နံပါတ် (၂)ကတော့ မူးယစ်ဆေးဝါး။ အန်ကယ်က မဲဆွယ်တရားဟောတုန်း ကတောင် အန်ကယ့်ကိုမေးတယ် လေ။ မူးယစ်ဆေးဝါးကြီးကအမျိုး သားရေးအသွင်နဲ့ကို တိုက်ဖျက်ရမယ်။ ဘာကြောင့်လဲဆိုတော့ အင်မတန်မှ စိုးရိမ်ရတဲ့အနေအထားမှာ ရောက်နေတယ်။ ဘာကြောင့် ဒီလိုပြောလဲဆိုတော့ အခု မိုးညှင်းခရီးစဉ်မှာလည်း ဒါပဲ ပြောတယ်။ ဘာကြောင့်ပြောရလဲဆိုရင် ဗန်းမော်ခရီးစဉ်မှာ ဗန်းမော် အကျဉ်းထောင်ကို အန်ကယ်သွား တယ်။ အကျဉ်းထောင်မှာ မေး ကြည့်တော့၊ အကျဉ်းသားဘယ် လောက်ရှိလဲ ထောင်ပိုင်ကြီးကို အန်ကယ်မေးတော့ ၁,၄၉၃ လောက်ရှိတယ်တဲ့။ ဘာအမှုနဲ့ ထောင်ကျတာများလဲဆိုတော့ မူး ယစ်ဆေးဝါးအမှုက ၁,၄၉၃ ထဲမှာ ၁,၂၀၀ ကျော်တယ်။ ဆိုတော့ ဒီ ဟာက သိပ်ပြီးမကောင်းတဲ့အနေ အထားပေါ့လေ။ နောက်မြစ်ကြီး နားအကျဉ်းထောင်ကိုသွားတယ်။ ၃,၂၀၀ ကျော်ရှိတယ်။ အဲဒီထဲမှာ ၂,၈၀၀ ကျော်လောက်က မူးယစ် နဲ့အကျဉ်းကျတာ။ ပြီးခဲ့တဲ့ လတ် တလောမှာ မိုးညှင်းသွားတယ်။ မိုး ညှင်းခရိုင်အုပ်ချုပ်ရေးမှူးပြောတယ်။ အကျဉ်းထောင်မှ ဆောက်ပြီးတာမကြာသေးဘူး။ ဖွင့်ပွဲ တောင်မလုပ်ရသေးဘူး။ အကျဉ်း သားတွေက ပြည့်နေပြီ။ ၉၀ ရာ ခိုင်နှုန်းက မူးယစ်ဆေးဝါးနဲ့ကျတဲ့ အကျဉ်းသားတွေဖြစ်တယ်။ ဒီ ဟာတွေကို ကြည့်ခြင်းအားဖြင့် ကချင်ပြည်နယ်ကိုရော၊ တစ်တိုင်း ပြည်လုံးမှာရော မူးယစ်ဆေးဝါးက အင်မတန်မှ ခက်ခဲကြီးမားတဲ့ ပြဿနာကြီးဖြစ်နေတယ်။ ပြည် နယ်နဲ့နိုင်ငံရဲ့ အနာဂတ်အတွက် အင်မတန်မှစိုးရိမ်စရာဖြစ်တယ်။ အဲဒါကြောင့် အန်ကယ်ကဒါကို တတ်နိုင်သလောက် တိုက်ဖျက် နေတယ်။ ဖမ်းတယ်။ ဆီးတယ်။ ပြီးခဲ့တဲ့ မိုးညှင်းခရီးစဉ်တုန်းက လည်း သိန်းပေါင်းသုံးထောင် ကျော်ဖိုးဖမ်းမိတယ်။ ဒါကတော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်တာ တွေပေါ့လေ။

ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါး နဲ့ပတ်သက်ပြီးအစိုးရက လုပ် ဆောင်သလို ပြီးခဲ့တဲ့နှစ်တွေတုန်း က ပတ်ဂျဆန်အဖွဲ့(ကချင်လူထု အခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက် ရေးအဖွဲ့) သွားလုပ်တော့ ပစ် တာ၊ ခတ်တာတွေကြုံခဲ့ရတယ်။ အခုသူတို့ရဲ့လုပ်ငန်းကလည်း ရပ် သွားတယ်။ သူတို့အဲဒီလိုဆောင် ရွက်တဲ့အပေါ်မှာ ၀န်ကြီးချုပ်အ နေနဲ့ ဘယ်လိုမျိုးသုံးသပ်မိသလဲ။

အန်ကယ်တို့အနေနဲ့က တော့ သူတို့လည်းကောင်းတဲ့အလုပ်လုပ်တဲ့အတွက် ဒီပတ်ဂျဆန် အဖွဲ့ကိုလည်း အန်ကယ်တို့အစိုးရ နဲ့ပူးပေါင်းစေချင်တယ်။ ဥပဒေ ဘောင်အတွင်းမှာပေါ့လေ။ ပိုပြီး ထိထိမိမိလေး ဒါကိုတိုက်ဖျက် သွားဖို့၊ ဒီမူးယစ်ဆေးဝါးနဲ့ပတ် သက်ပြီးတော့ပေါ့။ ဒီလိုပဲအန် ကယ်တို့ ဒီလိုရည်ရွယ်ထားပါတယ်။ သူတို့ကိုလည်း ဖိတ်ခေါ် တာပေါ့လေ။ နောက်ပြီးတော့ မူး ယစ်ဆေးဝါးနဲ့ပတ်သက်လို့ပြော ရမယ်ဆို အန်ကယ်တို့က ပြည် နယ်၊ ခရိုင်၊ မြို့နယ်၊ ဟိုးရပ်ကျေး ဆိုပြီးတော့ ကော်မတီတွေဖွဲ့ထား တယ်။ ဒီဟာတွေအကုန်လုံးအ ချိတ်အဆက်မိမိနဲ့အလုပ်လုပ် သွားရင်တော့ အတိုင်းအတာတစ် ခုအနေနဲ့ မူးယစ်ဆေးဝါးပြဿနာ ကို နှိမ်နင်းနိုင်မယ်လို့။ နောက် ပတ်ဂျဆန်လိုအဖွဲ့မျိုးပေါ့လေ။ သူတို့လည်း သေချာအန်ကယ်တို့ နဲ့ ဥပဒေဘောင်အတွင်းမှာ ပူး ပေါင်းလာမယ်ဆိုရင်တော့ ပိုပြီး ကောင်းတာပေါ့လေ။

တချို့ကပြောနေကြတာ အချက် အလက်တချို့အရဆိုရင် အထူး ဒေသ(၁)လိုဆိုရင် ပြည်သူ့စစ်တွေ က ပါဝင်နေတာမျိုးတွေရှိတယ်ဆို ပြီး စွပ်စွဲကြတာတွေရှိတယ်။ အဲဒီ လို ကဏ္ဍတွေဆိုရင်ကော အစိုးရ အနေနဲ့ ကိုင်တွယ်ဖို့ဘယ်လိုဖြစ် နိုင်မလဲ။

အန်ကယ်တို့အနေနဲ့ရိုးရိုး သားသားပြောရမယ်ဆိုရင် နည်းနည်းခက်တာပေါ့။ ဘာလို့လဲဆိုရင် ပြည်သူ့စစ်တို့၊ နယ်ခြားစောင့် တပ်တို့ဆိုတဲ့ဟာတွေက တပ်မ တော်နဲ့ပဲ ဆိုင်တာပေါ့။ အန်ကယ် တို့တိုက်ရိုက်ကြီးသွားကိုင်တွယ် လို့မရဘူး အဲဒီလိုဖြစ်တော့ အခက်အခဲရှိတာပေါ့။

စစ်ရှောင်တွေနဲ့ပတ်သက်ပြီး ပြီးခဲ့ တဲ့ လတွေတုန်းကဆိုရင် KBC တို့ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံ က ခေါ်ပြီးတော့ ပူးပေါင်းဆောင် ရွက်ကြရမယ်၊ အစိုးရနဲ့လည်း နေရပ်ပြန်ချထားရေးတို့၊ ကလေးတွေပညာရေးတို့မှာ ကူညီမယ်လို့ ပြောထားတာရှိပါတယ်။ စစ်ဘေး ရှောင်တွေနဲ့ပတ်သက်ပြီး ကချင် ပြည်နယ်အစိုးရအဖွဲ့မှာ ဘတ်ဂျက်ချပြီး လုပ်ဆောင်တာတွေဘယ်လိုကဏ္ဍတွေရှိမလဲ သိပါရ စေ။

အန်ကယ်တို့ကတော့ တောက်လျှောက်လူကယ်ပြန်က နေရော အန်ကယ်တို့က အတတ် နိုင်ဆုံး နေရပ်ပြန်ရေးတို့ ဘာတို့ကတော့ အန်ကယ်တို့လည်းသူ တို့ရဲ့ဆန္ဒအတိုင်း လုပ်ပေးဖို့အဆင်သင့် အနေအထားမှာရှိပါ တယ်။ ပြီးခဲ့တဲ့ကဆုန်တုန်းကလည်း အန်ကယ်ကိုယ်တိုင်သွားပါတယ်။ သူတို့ရပ်ရွာကို ပြန်ပို့တယ်လေ။ အသေးစိတ်ဆိုရင် တော့ လူမှုရေးဝန်ကြီးကို မေးလို့ရပါတယ်။

လက်ရှိကချင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးအခြေအနေကို ဘယ်လို သုံးသပ်ပါသလဲ။ KIO ကလည်း မြောက်ပိုင်းအဖွဲ့မှာ ပါသွားတယ် ဆိုတော့။

အဲဒီဟာက တော်တော်လေး ပြောရခက်တယ်ဗျ။ ငြိမ်းချမ်းရေးကတော့ ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံအတွက်၊ ကျွန် တော်တို့ ပြည်နယ်အတွက်၊ လူမျိုး အတွက်က အဓိကလိုအပ်ချက်က ငြိမ်းချမ်းရေးပဲ။ ဒီတော့ ငြိမ်းချမ်း ရေးကို ပြည်သူတွေအားလုံးပါဝင် ပြီး ပူးပေါင်းပြီးတော့ ဆောင်ရွက်မှသာလျှင် မြန်မြန်ဆန်ဆန်ရရှိ မယ်လို့ဒီလိုပဲမြင်တယ်။ ကျွန် တော်တို့ ပြည်နယ်အစိုးရအနေနဲ့ တော့ ခုနက ပြောသလိုပဲလေ။ အခုက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ဒါကိုဖော်ဆောင် နေတယ်။ လိုအပ်လာရင်တော့ အန်ကယ်တို့အစိုးရအနေနဲ့လည်း ပါဝင်လာဖို့ပေါ့လေ။ အခုလော လောဆယ်ကတော့ ပါဝင်နိုင်တဲ့ အနေအထားတော့ မရှိဘူး။ Space မရှိသေးဘူးပေါ့ဗျာ ဆိုလို ချင်တာက။ ငြိမ်းချမ်းရေးတော့ လိုအပ်တယ်။ ပြောမယ်ဆိုရင် ငြိမ်းချမ်းရေးရဖို့ဆိုရင်တော့ သ ဘောထားကြီးရမယ်။ အားလုံး ကျွန်တော်တို့တိုင်းရင်းသားပြည် သူတစ်ရပ်လုံး အဖွဲ့အစည်းအသီး သီး၊ ကျွန်တော်တို့နိုင်ငံက ဘာအ လိုအပ်ဆုံးဆိုတာ စိတ်ထဲမှာလက် ခံရရှိပြီးတော့ ဒါကိုဦးစားပေးရ မယ်ဆိုတဲ့ဟာကို ဒါကိုလက်ခံရ မယ် နံပါတ်(၁)က။ မိမိလိုချင်တဲ့ ဟာကတော့ နောက်မှပေါ့လေ။ နံပါတ်(၂)၊ (၃)ပေါ့လေ။ နံပါတ် (၁) ဒါကိုအရင်ဝိုင်းလုပ်ကြရမယ် ဆိုတဲ့စိတ်ဓာတ်အရင်မွေးမြူရ မယ် ငြိမ်းချမ်းရေးရရှိဖို့။ ကျွန် တော်တို့ပြည်နယ်အစိုးရတင်မက ဘူး။ ခင်ဗျားတို့ရော အပါအ၀င် ပေါ့လေ။ အကုန်လုံးအဖွဲ့အစည်း တွေအားလုံး တိုင်းရင်းသားလက် နက်ကိုင်တွေရော၊ ဒီဘက်အဖွဲ့ အစည်းတွေရော အားလုံးငြိမ်းချမ်း ရေးတည်ဆောက်ရမယ်၊ ရရှိရ မယ်ဆိုတာကို ၀ိုင်းလုပ်လိုက်။

နောက်မှ ကိုယ်လိုချင်တဲ့ဟာတွေ နောက်မှရှင်းဆိုတဲ့ဟာမျိုး။ အဲဒီ လိုစိတ်ဓာတ်မျိုးနဲ့လုပ်လိုက်ရင် တော့ မြန်မှာပေါ့။ အန်ကယ်က ဒီ လိုပဲမြင်ပါတယ်။ ဒါက အန်ကယ့် ခံယူချက်ပေါ့။

ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာတော့ ပြည်နယ်အစိုးရတာဝန်ရှိသူတွေ၊ KIO တာဝန်ရှိသူတွေပါဝင်တဲ့အ ဖွဲ့တွေက ဆွေးနွေးညှိနှိုင်းဖြေရှင်း ကြတာရှိတာပေါ့။

ခုနက အန်ကယ်ပြောသလို ပေါ့။ ဒါမလာသေးဘူး။ ဒီအစီအ စဉ်မရောက်သေးဘူး။ အန်ကယ် တို့က တစ်နှစ်ခွဲပဲရှိသေးတယ် လေ။ ပြီးခဲ့တဲ့ အစိုးရတုန်းကတော့ လိုင်ဇာဘက်သွားပြီးတော့ရှိတယ် (ဆွေးနွေးမှု)။ လာမှာပေါ့။

နောက်တစ်ခုက မြစ်ဆုံအခြေအ နေ နောက်ဆုံးအခြေအနေက ဘယ်လိုရှိလဲဗျ။

မြစ်ဆုံအခြေအနေကတော့ အခုဟာအစီရင်ခံစာမတင်ရသေးဘူး။ အဲဒီလောက်ပဲ ပြောလို့ရမယ်။ သမ္မတဆီကို အစီရင်ခံစာတင်တဲ့နောက်ပိုင်းကျမှ ပြည်သူတွေ အားလုံးသိမှာပေါ့လေ။

ပြီးခဲ့တဲ့စက်တင်ဘာ ၁ ရက်က တရုတ်အစိုးရဘက်က ကိုယ်စားလှယ်အဖွဲ့က KBC ကိုခေါ်ပြီး တော့မှ ပြန်စဖို့ပုံစံမျိုးစည်းရုံးပြောဆိုတာမျိုးတွေရှိတယ်လို့သိရတယ်။ တစ်ဖက်မှာကော ၀န်ကြီးချုပ်တို့ကို တရုတ်ဘက်က ပြောဆိုမှုတွေဘယ်လိုမျိုးရှိလဲ။ အခု နောက်ပိုင်းမှာ။ မြစ်ဆုံရဲ့ အလားအလာက ဆက်ပြီးလုပ်မယ့်အခြေအနေမျိုးလား။

အဲဒါတော့ အန်ကယ်တို့ကို လုပ်ရအောင်ဆိုပြီးတော့ လာပြောတာမရှိဘူး။ အစိုးရကိုလာပြောတာမရှိဘူး။

မြစ်ဆုံဆည်ကို လူထုကလက်မခံဘူးဆိုတဲ့သဘောထားရှိတာပေါ့။ ၀န်ကြီးချုပ်သဘောထားက ဘယ်လိုရှိပါသလဲ။

ဦးတို့သဘောထားလည်း ဒီအတိုင်းပဲလေ။ ဦးတို့ကတော့ ပြည်သူက ရွေးချယ်တင်မြှောက် လိုက်တဲ့အစိုးရဆိုတော့ ပြည်သူရဲ့ ဆန္ဒက အဓိကပဲ။ ပြည်သူက မလိုချင်ဘူးဆိုရင်၊ လက်မခံဘူးဆို ရင် ပြည်သူ့သဘောထားအတိုင်း ဖြစ်လာမှာပါ။

ကော်မရှင်ရဲ့ အစီရင်ခံစာက နိုင်ငံတော်သမ္မတဆီကိုတင်ဖို့ ဘယ်လိုကြောင့် ကြာနေတာပါလဲ။

အကုန်လုံးညှိနှိုင်းဆွေးနွေးရတဲ့ အချက်တွေအများကြီးရှိတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ပေါ့။ အကုန်လုံး အများကြီးညှိနှိုင်းရမယ့်အဖွဲ့တွေပေါ့။ အပြည်ပြည်ဆိုင်ရာအကြံပေးအဖွဲ့ဘာညာတွေနဲ့လည်းမေးပြီးတော့ အကောင်းဆုံးအစီရင်ခံစာကို တင်ဖို့ပေါ့။ ဒါကြောင့် ကြန့်ကြာနေတာပေါ့။

မြစ်ဆုံဘက်က ဒေသခံတချို့က စိတ်ပူနေတာပေါ့။ ၂၀၁၈ မှာမြစ် ဆုံဆည်ပြန်စမယ်ဆိုတဲ့ သတင်း တွေထွက်နေတယ်။ ဒီအပေါ်မှာ စိတ်ပူနေတယ်ဆိုတဲ့ အပေါ်မှာ ပြည်သူလူထုကို ဘယ်လိုသတင်း စကားပါးလိုပါသလဲ။

ပြည်သူလူထုကို ခင်ဗျားတို့ ဆန္ဒအတိုင်းပဲလို့ အဲဒီလိုပဲပါးချင်ပါတယ်။

ပြီးခဲ့တဲ့ကာလတွေမှာ ကချင်ပြည်နယ်ရဲ့ သဘာဝသယံဇာတတွေနဲ့ပတ်သက်ပြီး အလွန်အကျွံထုတ်ယူသုံးစွဲခဲ့တာတွေရှိတော့ ပတ်ဝန်းကျင်ပျက်စီးမှုတွေရှိခဲ့တယ် ပေါ့။ ၀န်ကြီးချုပ်တာဝန်ယူတဲ့အချိန်မှာ ဒီဟာတွေကို ဘယ်လိုကိုင် တွယ်ထိန်းချုပ်နေလဲဆိုတာ ရှင်း ပြပေးပါဦး။

ဒါက ပြီးခဲ့တဲ့အစိုးရလက်ထက်တုန်းကလောက်တော့ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးတာတော့မရှိဘူးပေါ့လေ။ ခင်ဗျားတို့က ဖားကန့်ဧရိယာကိုပြောချင် တာမဟုတ်လား။ ဖားကန့်ဧရိယာဆိုတာ အန်ကယ်တို့ကပြည်နယ် ရော၊ နိုင်ငံရော ငြိမ်းချမ်းရေးမရ သေးဘူးလေ။ ငြိမ်းချမ်းရေးမရ သေးတော့ အဲဒီမှာ တရားဥပဒေ စိုးမိုးရေးက တစ်ပြေးညီမလုပ် ဆောင်နိုင်သေးဘူး။ ဆိုတဲ့အခါ ကျတော့ အဲဒီမှာကတော့ နည်း နည်းထိန်းချုပ်ရတာခက်တာပေါ့။ နောက်ပြီးတော့ ဖားကန့်ဆိုတာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းဆိုတာက အန်ကယ်တို့ပြည်နယ် အစိုးရက တိုက်ရိုက်ကိုင်တွယ်တာ မဟုတ်ဘူး။ သယံဇာတနဲ့သဘာဝ ပတ်ဝန်းကျင်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးကနေ တိုက်ရိုက်ကိုင်တွယ်တယ်။ ပြဿနာဖြစ်လာတဲ့အခါကျမှ အန်ကယ်တို့က ၀င်ကူညီရတာပေါ့လေ။ မြေပြို တယ်၊ လူသေတယ်ဆိုတဲ့အခါကျမှပဲ။ အန်ကယ်တို့အစိုးရအနေနဲ့ ဘာမှလုပ်ပိုင်ခွင့်မရှိဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက KBC (ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ ချုပ်)က နိုင်ငံတော်အတိုင်ပင်ခံနဲ့ တွေ့တယ်။ တွေ့ပြီးတော့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ဆွေး နွေးတဲ့အပိုင်းတွေရှိခဲ့တာပေါ့။ အ ခု KBC အနေနဲ့ ပြန်လို့ရတဲ့ရွာတွေ စာရင်းကောက်နေတယ်လို့ ပြော ပါတယ်။ ပြည်နယ်အစိုးရအနေနဲ့ ဒီအပိုင်းမှာ ဘာတွေကူညီသွားဖို့ ရှိလဲ။

အန်ကယ်တို့ကတော့ ပြန်ချင်တယ်ဆိုရင် အန်ကယ်တို့က ကူညီပေးပါမယ်။ လိုအပ်တဲ့အန်ကယ်တို့အပိုင်းပေါ့။ နောက်တပ်ကလည်း မိုင်းရှင်းတာတို့၊ ဘာတို့ ပေါ့လေ။ တပ်နဲ့အန်ကယ်တို့အစိုးရနဲ့ပူးပေါင်းပြီး သူတို့ကိုပြန်ခိုင်းမှာပဲ။ အဲဒီလိုကူညီဖို့တော့အဆင်သင့်ပဲ၊ ပြန်ချင်တယ်ဆိုရင်ပေါ့ လေ။

အစိုးရနဲ့ KIO ကြားမှာ ဆွေးနွေးမှု တွေရပ်တန့်နေတဲ့အပေါ် နှစ်ဖက် ကို ဘယ်လိုတိုက်တွန်းလိုပါသလဲ။

အန်ကယ်တိုက်တွန်းလိုတာကတော့ မြန်မြန်ဆန်ဆန်စားပွဲပေါ်မှာ တွေ့ဆုံပြီးတော့၊ ညှိနှိုင်းပြီးတော့ ငြိမ်းချမ်းရေးမြန်မြန်ရ အောင် ဆောင်ရွက်ကြပါလို့ နှစ်ဖက်ကို အန်ကယ်က ဒီလိုပဲပြောချင်တာပေါ့။

ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်တာနဲ့ပတ်သက်ပြီး တပ်မတော်အပေါ် ပြောဆိုမှုတွေရှိတာပေါ့။ အန်ကယ့်အနေနဲ့ တပ်မတော်နဲ့ လုပ်ငန်းတွေပူးပေါင်း ဆောင်ရွက်ကြည့်တဲ့အခါ သူတို့ သဘောထားက ဘယ်လိုရှိပါသလဲ။

သူတို့ရဲ့သဘောထားက သူတို့က စစ်ရေးအမြင်နဲ့အလုပ်လုပ်တာ။ သူတို့က အဓိကက လုံခြုံရေးပေါ့။ ပြည်နယ်ရဲ့လုံခြုံ ရေး အဲဒီအတွက်ဆောင်ရွက်တာ။ ဘာမှတော့ အန်ကယ်ဒါကို ထွေ ထွေထူးထူးတော့ မပြောချင်ပါဘူး။

ပြည်သူတွေက NLD ကိုမဲပေးခဲ့ကြတယ်။ ၀န်ကြီးချုပ်အပေါ်လည်း အရင်ဝန်ကြီးချုပ်တွေထက် အများကြီး မျှော်လင့်ထားကြတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေမှာ သူတို့အားမလိုအားမရဖြစ်တာမျိုး တွေရှိတော့ ဝေဖန်ကြတာတွေရှိ တယ်။ အဲဒီတော့ ၀န်ကြီးချုပ်အနေနဲ့ ကချင်ပြည်နယ်မှာနေတဲ့ ပြည်သူလူထုတွေကို ဘာများပြောချင်ပါသလဲ။

အန်ကယ်တို့အနေနဲ့ အခု တစ်နှစ်ခွဲပဲရှိသေးတယ်။ ပြည်သူ တွေက အခုတစ်နှစ်ခွဲကာလမှာ ပြည်သူတွေ ဘာအခက်အခဲရှိတယ်၊ ဘယ်လိုပြဿနာတွေရှိတယ်ဆိုတာ အန်ကယ်တို့က ပိုပြီးသိမြင်လာတယ်။ အဲဒီလိုဖြစ်တဲ့အခါ အန်ကယ်တို့ကဒီဟာတွေကို အတတ်နိုင်ဆုံးဖြည်းဖြည်းချင်း ဖြေလျှော့သွားမှာပေါ့။ အခုက ၂၀၁၆-၁၇ ဘတ်ဂျက်ပဲရှိသေးတယ်။ ၂၀၁၇-၁၈ ဘတ်ဂျက်က အခုအကောင်အထည်ဖော်မယ်။ အဲဒီလိုပေါ့လေ။ အန်ကယ်တို့က မစ်ရှင်(Mission)၊ ဗီရှင် (Vision)ဆိုတာ ရှိပါတယ်။ အန်ကယ်တို့ အစိုးရက။ ပြောရမယ်ဆိုရင် ဗီရှင်ကို အရင်ပြောရင်ငြိမ်းချမ်းသာယာပြီး ပြည်ထောင်စုတိုင်းရင်းသားများ အတူတကွယှဉ်တွဲနေထိုင်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော မူး ယစ်ဆေးဝါးကင်းစင်သည့် ပြည် နယ်ကြီးတစ်ခုဖြစ်ပေါ်လာရေး ပေါ့။ ဒါက အန်ကယ်တို့ဗီရှင်ပေါ့။ မစ်ရှင်အနေနဲ့က ငြိမ်းချမ်းရေးရရှိ ရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊ မြို့၊ ကျေးရွာအား လုံးလျှပ်စစ်မီးရရှိရေး၊ မူးယစ် ဆေးဝါးပပျောက်ရေး၊ တိုင်းရင်း သားလူမျိုးအချင်းချင်းချစ်ကြည် ရင်းနှီးမှုပိုမိုခိုင်မြဲစေရေး၊ လုံခြုံ ရေးနဲ့ ဥပဒေစိုးမိုးရေးဒါတွေပေါ့။ နောက်ပြည်နယ်သူ၊ ပြည်နယ် သားများရဲ့ လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်ရေး အဲဒါက ဘယ်မှာ အခြေခံမလဲဆိုတော့ စိုက်ပျိုးရေး နဲ့မွေးမြူရေး၊ ခရီးသွားကဏ္ဍကို မြှင့်တင်ခြင်းဖြင့် ဒါအလုပ်အကိုင် ရရှိဖို့အတွက် နိုင်ငံခြားကတိုက် ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ၊ ပြည်တွင်း က လုပ်ငန်းရှင်တွေ ဒီပြည်နယ်မှာ လာပြီးတော့ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍမှာ လာပြီးရင်းနှီး မြှုပ်နှံဖို့အန်ကယ်တို့က ဖိတ်ခေါ် နေတယ်။ နောက်ပြီးတော့ ဌာန ဆိုင်ရာ အသီးသီးရဲ့ဝန်ဆောင်မှု လုပ်ဆောင်ချက်တို့သည် အများ ပြည်သူယုံကြည်အားထားလက်ခံ သည့် ၀န်ဆောင်မှုလုပ်ဆောင် ချက်များဖြစ်စေရေး၊ မလိုလား အပ်ဘဲ နှောင့်နှေးကြန့်ကြာမှု၊ အ ခက်အခဲဖြစ်စေမှု၊ အဂတိလိုက် စားမှုအစရှိသည်တို့ကို တိုက်ဖျက် လျှော့ချရေး။ ဒါတွေကို ပြည်သူ တွေအတွက် ကြိုးစားပြီးလုပ်သွား မှာပါ။

အရပ်သားအစိုးရမှာ ဘာစိန်ခေါ်မှုတွေရှိလဲ။

စိန်ခေါ်မှုက ပြောရမယ်ဆိုရင် ငြိမ်းချမ်းရေးမရသေးတဲ့အတွက် အုပ်ချုပ်ရေးစနစ်မှာနည်း နည်းအခက်အခဲလေးတွေရှိတာပေါ့။ အဆင်မပြေမှုလေးတွေရှိတာပေါ့။

ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးမရသေးဘူး။ ပြီးတော့ တခြား ပြဿနာတွေလည်း အများကြီး ရှိနေတယ်။ ဒီအပေါ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ၀န်ကြီးချုပ်ကို ဘယ်လိုလမ်းညွှန်ချက်တွေ ပေးထားတာမျိုးရှိလဲ။

လမ်းညွှန်ချက်ကတော့ အခု အခက်အခဲပြဿနာရှိရင် ပြည် ထောင်စုအစိုးရကို တင်ပြဖို့ပေါ့။ ဒါပါပဲ အဓိကက။

ဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောပေးပါဦး။

တခြားမရှိတော့ပါဘူး။

ကျေးဇူးတင်ပါတယ်။

7Day News

No comments:

Post a Comment