Latest News

Wednesday, September 20, 2017

လိုအပ်လာပါက မြောက်ကိုရီးယားကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်ဟု ထရမ့်ပြောကြား

လိုအပ်လာပါက မြောက်ကိုရီးယားကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်ဟု ထရမ့်ပြောကြား

မဖြစ်မနေ လိုအပ်လာသည့် အခြေအနေ တစ်ရပ်တွင် အမေရိကန်သည် မြောက်ကိုရီးယားကို ဖျက်ဆီးပစ်လိုက်နိုင်စွမ်း ရှိနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အမေရိကန် သမ္မတအနေဖြင့် ပထမဆုံးအကြိမ် ပြောကြားသော မိန့်ခွန်းအတွင်း မြောက်ကိုရီးယားအပေါ် ၎င်း၏ သဘောထားကို ထရမ့်က ပွင့်ပွင့်လင်းလင်း ထည့်သွင်း ဖော်ပြသွားခဲ့သည်။

အမေရိကန်နှင့် မဟာမိတ် နိုင်ငံများ၏ လုံခြုံရေးကို ထိပါးလာပြီ ဆိုပါက မြောက်ကိုရီးယားသည် အမေရိကန်၏ တိုက်ခိုက် ဖျက်ဆီးခြင်းကို လက်တွေ့ ကြုံသွားရနိုင်ကြောင်း ထရမ့်က သတိပေးခဲ့သည်။

ထို့အပြင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းကိုလည်း မိမိကိုယ်ကိုယ် သေကြောင်းကြံသည့် ရည်မှန်းချက်မျိုးနှင့် ဒုံးကျည်သမားဟု ထရမ့်က ရည်ညွှန်း လှောင်ပြောင်သွားခဲ့သည်။

ထရမ့်၏ မိန့်ခွန်းထဲတွင် အမေရိကန် အနေဖြင့် တစ်ဖက်သတ် အလျှော့ပေးထားရသည့် စာချုပ် သဘောတူညီမှုများကို ရှေ့ဆက် လက်ခံတော့မည် မဟုတ်ကြောင်းလည်း ပါရှိသည်။ ယင်းသည် ၎င်းအာဏာရလာပြီးနောက် မဟာမိတ် နိုင်ငံများနှင့် ကုန်သွယ်မှု သဘောတူ စာချုပ်ပါ အချက်အလက်များကို ပြင်ဆင်ရန် အားထည့် လုပ်ဆောင်နေခြင်းနှင့် တိုက်ရိုက် ဆက်စပ်နေသည်။

မြောက်ကိုရီးယား၏ လက်နက်ရည်မှန်းချက်များနှင့် ပတ်သက်ပြီး ထရမ့်က “တကယ်လို့ အမေရိကန်ဟာ ကိုယ့်ကိုယ်ကိုယ်နဲ့ မဟာမိတ်တွေကို မဖြစ်မနေ ကာကွယ်ရမယ့် အခြေအနေမျိုး ကြုံလာပြီ ဆိုပါစို့။ ကျုပ်တို့ဟာ မြောက်ကိုရီးယားကို အလုံးစုံ ဖျက်ဆီးပစ်လိုက်မှာပဲ”ဟု ပြောကြားခဲ့သည်။

ထရမ့်က မြောက်ကိုရီးယားအပြင် အီရန်နှင့် ဗင်နီဇွဲလား နိုင်ငံများနှင့် ပတ်သက်၍လည်း တင်းမာသည့် သဘောထား မှတ်ချက်များ ပေးသွားခဲ့သေးသည်။ အီရန်တွင် ပြည်သူများက အပြောင်းအလဲကို အလွန်အမင်း လိုလားနေသော်လည်း အစိုးရက ဖျက်လိုဖျက်ဆီး ဆက်လက် ပြုမူနေသည်ဟု ထရမ့်က ဝေဖန်ခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး အီရန် နိုင်ငံခြားရေးဝန်ကြီး ယာဗက်ဒ်ဇာရစ်ဖ်က ထရမ့်၏ အသိပညာနည်းပါးပြီး အမုန်းတရား လွှမ်းမိုးသော မိန့်ခွန်းမျိုးသည် ၂၁ ရာစုနှင့် မကိုက်ညီဘဲ အလယ်ခေတ်ကာလ ပြောဆိုမှုမျိုးဟု Twitterမှတဆင့် တုံ့ပြန် လှောင်ပြောင်သွားခဲ့သည်။

Ref: BBC

7Day News

No comments:

Post a Comment