Latest News

Wednesday, September 20, 2017

ကိုရီးယားကျွန်းဆွယ်ကို ဗဟိုပြုနေသော လက်နက်အင်အား အပြိုင်အဆိုင်ပြသမှုများ

ကိုရီးယားကျွန်းဆွယ်ကို ဗဟိုပြုနေသော လက်နက်အင်အား အပြိုင်အဆိုင်ပြသမှုများ

ကိုရီးယားကျွန်းဆွယ်တွင် ဖြစ်ပွားနေသည့် တင်းမာမှုများ အပေါ် အခြေပြုပြီး ကမ္ဘာ့အင်အား ကြီးနိုင်ငံများ၏ အပြိုင်အဆိုင် လက်နက်အင်အားပြမှုများ အရှိန် အဟုန်ဖြင့် မြင့်တက်လာသည်။

စက်တင်ဘာ ၁၉ ရက် ကုလသမဂ္ဂအထွေထွေညီလာခံ မစမီ တွင် ကိုရီးယားကျွန်းဆွယ်နှင့် ဆက်စပ်အိမ်နီးချင်း နိုင်ငံများ စစ်ရေးလေ့ကျင့်မှု၊ စစ်အင်အားပြမှု များဖြင့် စည်စည်ကားကား ဖြစ်လာသည်။ ကုလသမဂ္ဂအထွေထွေ၏ ညီလာခံတွင်လည်း မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် နှင့် တိုက်ချင်းပစ်ဒုံးကျည်ကိစ္စကအဓိကအကျဆုံး ဆွေးနွေးမှု ခေါင်းစဉ် ဖြစ်လာရန် သေချာ လျက်ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် မြောက်ကိုရီးယားက တာလတ် ပျံသန်းနိုင်သည့် တိုက်ချင်းပစ်ဒုံး ကျည်တစ်စင်းကို ဂျပန်မြောက် ပိုင်း လေပိုင်နက်ပေါ် ဖြတ်ကျော်၍ ပစ်ခတ်ပြလိုက်သည်။ ထိုကိစ္စက ဂျပန်၊ တောင်ကိုရီးယားနှင့်
အမေ ရိကန်တို့ စစ်မဟာမိတ်အုပ်စုကိုလှုပ်လှုပ်ရှားရှား ဖြစ်လာစေခဲ့ သည်။ မြောက်ကိုရီးယားဒုံးကျည် ပစ်ခတ်ပြီး နာရီပိုင်းအတွင်း တောင်ကိုရီးယားက ၎င်းတို့၏ ဒုံး ကျည်များကို ပစ်ခတ်ပြပြီး တုံ့ပြန် အင်အားပြခဲ့သည်။

ယခုသီတင်းပတ်တွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူး ပေါင်းကာ မြေပြင်ပစ်မှတ်များကို ဗုံးကြဲချေမှုန်းသည့် စစ်ရေးလေ့ ကျင့်မှုများ ဆက်တိုက်လုပ်ဆောင် လာသည်။ ဂျပန်တွင်လည်း အမေ ရိကန်နှင့် ဂျပန်ပြည်စောင့်ကာကွယ်ရေးတပ်ဖွဲ့တို့ ပေါင်းစည်းပြီး မြို့တွင်း သရုပ်တူတိုက်ပွဲများ ဆင်နွှဲလေ့ကျင့်လျက် ရှိသည်။ ထိုလေ့ကျင့်မှုများသည် မြောက်ကိုရီး ယား၏ ခြိမ်းခြောက်မှုကို တန်ပြန် ရန် အဓိက ရည်ရွယ်ခဲ့သော်လည်း ဒေသတွင်း ပြိုင်ဘက်
အင်အားကြီး နိုင်ငံများအတွက်လည်း အာရုံ စိုက်လောက်စရာ ဖြစ်ခဲ့သည်။

ထို့ကြောင့် အမေရိကန်၏ ပြိုင်ဘက်များဖြစ်သော ရုရှားနှင့်တရုတ်တို့ကလည်း ရေတပ်စစ် ရေးလေ့ကျင့်မှုများ စတင်လုပ်ဆောင်လျက် ရှိသည်။ မြောက်ကို ရီးယား၏ ဒုံးကျည်စမ်းသပ်မှုကို အခြေပြုသော လက်နက်အင်အားပြ ပြိုင်ဆိုင်မှုများသည် ကိုရီးယားကျွန်းဆွယ်၏ တအုံနွေးနွေး အခြေအနေကို ပိုမိုဆူပွက်လာစေခဲ့သည်။

အမေရိကန်၏ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးများဖြစ်သည့် B-1B နှစ်စီးသည် ဂူအမ်ကျွန်း ပေါ်ရှိ အန်ဒါဆန် လေတပ်စခန်းမှ ပျံတက်လာပြီးနောက် ကိုရီးယား ကျွန်းဆွယ်တွင် စစ်ရေးလေ့ကျင့် ပျံသန်းခဲ့သည်။ B-1Bများကို ဂျပန်တွင် အခြေစိုက်သည့် F-35 ပဉ္စမ မျိုးဆက် ကိုယ်ပျောက်တိုက်လေ ယာဉ် လေးစီးနှင့် တောင်ကိုရီးယား လေတပ်မှ F-15K တိုက်လေယာဉ်လေးစီးက ခြံရံလိုက်ပါကာ သုံးနိုင်ငံ ပူးပေါင်းပြီး လေတပ်စွမ်း ရည် မြှင့်တင်လေ့ကျင့်ခဲ့ကြောင်း တောင်ကိုရီးယားကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။

‘‘ဒီလို စစ်ရေးလေ့ကျင့်မှုမျိုး ကို လက်ရှိ အခြေအနေအရဆိုရင် တစ်လမှာ နှစ်ခါ၊ သုံးခါလောက် တောင် လုပ်ဖို့ လိုလိမ့်မယ်’’ဟု ကာကွယ်ရေးဝန်ကြီး ဆောင်ယွန် မူးက သတင်းထောက်များအားပြောကြားသည်။

၎င်းက မြောက်ကိုရီးယား၏ ဒုံး ကျည်ခြိမ်းခြောက်မှုကြောင့် လေ ပိုင်နက်ကာကွယ်မှုစွမ်းရည် မြှင့် တင်ရေးကို အလေးထားလုပ် ဆောင်သင့်ကြောင်း ရည်ရွယ် မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားတွင် သက်တမ်းအိုဟောင်းနေပြီ ဖြစ်သော်လည်း ပစ်အား အလွန်ကောင်း သည့် အမြောက်တပ်ဖွဲ့ကို ပိုင် ဆိုင်ထားပြီး တောင်ကိုရီးယား၏ ဆိုးလ်မြို့တော်ကို အချိန်တိုင်း ခြိမ်းခြောက်လျက် ရှိသည်။ သို့ သော် အမေရိကန်ဦးဆောင်သော မဟာမိတ်အုပ်စုများဘက်က လေ တပ်နှင့် ရေတပ်နည်းပညာပိုင်း အပြတ်အသတ် သာလွန်နေသည်။ ထို့ကြောင့်လည်း မြောက်ကိုရီး ယား၏ ခြိမ်းခြောက်မှုကို တန် ပြန်ရာတွင် ခေတ်အမီဆုံးတိုက် လေယာဉ်နှင့် ဗုံးကြဲလေယာဉ် များကို အမေရိကန်က ထုတ်ပြခြင်း ဖြစ်သည်။ ထိုလုပ်ရပ်ကို မြောက် ကိုရီးယားဘက်ကလည်း အလွန် ရွံမုန်းသည်။

သို့သော် တစ်ဖက်တွင် ကိုရီးယားကျွန်းဆွယ်နှင့် ဆက်စပ်နေ သည့် ရုရှားနှင့် တရုတ်တို့က အမေရိကန်မဟာဗျူဟာ ဗုံးကြဲလေ ယာဉ်ကြီးများ ၎င်းတို့၏ နယ်နိမိတ်အလွန်တွင် တဝီဝီ ပျံသန်းပြနေ ခြင်းကို မပျော်ရွှင်နိုင်သည်မှာ သေချာနေသည်။ ထို့ကြောင့် လက်တွေ့ကျသည့် တုံ့ပြန်အစီအစဉ် များကို အကောင်အထည် ဖော် လာခဲ့သည်။

တရုတ်အစိုးရပိုင် Xinhua သတင်းဌာနက တရုတ်နှင့် ရုရှားတို့ ပူးပေါင်းပြီး ရုရှားအရှေ့ဖျား ဆိပ် ကမ်းမြို့ ဗလာဒီဗိုစတော့ခ်၏ ကမ်းလွန်ပင်လယ်ပြင်တွင် ရေတပ်စစ်ရေးလေ့ကျင့်မှုများ စတင်ခဲ့ကြောင်း ကြေညာသည်။ စိတ်ဝင်စားစရာ အချက်မှာ ထိုလေ့ ကျင့်မှုကို မြောက်ကိုရီးယားနှင့် ရုရှားတို့ကြား ထိစပ်နေသည့် နယ် နိမိတ်နှင့် အလှမ်းမကွာလှသော နေရာတွင် ပြုလုပ်ခြင်း ဖြစ်သည်။

အဆိုပါ လေ့ကျင့်မှုသည် တရုတ်-ရုရှား ရေတပ်များ ပူး ပေါင်း၍ စွမ်းဆောင်ရည် မြှင့်တင်မှုဒုတိယအဆင့်ဟု Xinhua က ဆိုသည်။ ပထမအဆင့်ကို ဇူလိုင်အတွင်းက ဘောလ်တစ် ပင်လယ် ပြင်တွင် လုပ်ဆောင်ခဲ့သည်။ Xinhua က နှစ်နိုင်ငံ ပူးပေါင်း၍ ရေတပ်စစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယား ပြဿနာနှင့် တိုက်ရိုက် ဆက်စပ်နေသည့် သဘောမျိုး ရည်ညွှန်းခြင်းမူ မရှိ ခဲ့ချေ။

မြောက်ကိုရီးယားနှင့် အမေ ရိကန်တို့ကြား ရန်လိုသော စကား လုံး တိုက်ပွဲများ ဆင်နွှဲနေပြီး အပြိုင်အဆိုင် စစ်လက်နက်အင် အားပြနေချိန်တွင် ပဋိပက္ခကိုငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းရန် တရုတ်နှင့် ရုရှားတို့က အစဉ်တ စိုက် တိုက်တွန်းခဲ့ကြသည်။ သို့သော်အခြေအနေမှာ အကောင်း ဘက် ဦးတည်မလာချေ။ ကိုရီးယားကျွန်းဆွယ်တွင် အချိန်မရွေးဆိုးရွားသည့် အလှည့်အ ပြောင်းများ ဖြစ်သွားနိုင်သော အနေအထား၌ ရုရှားနှင့် တရုတ်တို့ အနေဖြင့် စစ်ရေးအရ ပူးပေါင်းပြီး နိုးနိုးကြားကြား စောင့်ကြည့်နေ ခြင်းက မဟာဗျူဟာအရ မဖြစ်မနေ ရွေးချယ်ရမည့် အခြေအနေဟု လည်း ဆိုနိုင်မည် ဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင် စီညီလာခံတွင် အမေရိကန်သံအမတ် နစ်ကီဟာလေက မြောက်ကိုရီးယား၏ လက်နက်စီမံကိန်းနှင့် ပတ်သက်၍ အမေရိကန်တွင် စစ်ရေးအရ တုံ့ပြန်ရန်မှလွဲ၍ အခြားရွေးချယ်စရာ ရှားပါးလာပြီဟု ပွင့်ပွင့်လင်းလင်း သတိပေးခဲ့သည်။ တရုတ်က ယခုကိစ္စတွင် စစ်အင်အားဖြင့် တုံ့ပြန်ခြင်းမှာ အဖြေမဟုတ်ကြောင်း၊ မြောက်ကိုရီး ယားပြဿနာနှင့် ဆက်စပ်နေ သည့် နိုင်ငံတိုင်း သိမ်မွေ့ပါးနပ်စွာ ကိုင်တွယ်ရန် လိုအပ်ကြောင်း တုံ့ ပြန်ခဲ့သည်။

ထို့အပြင် မြောက်ကိုရီးယား ၏ စီးပွားရေးကို အကြီးအကျယ် အထိနာစေမည့် အရေးယူပိတ် ဆို့မှု အသစ်များကို အမေရိကန်က ဦးဆောင်တင်သွင်းကာ ကုလသမဂ္ဂက အတည်ပြုပြဋ္ဌာန်းလိုက် သည့်နောက် အခြေအနေမှာ ပိုမို၍ ဆိုးရွားလာမည့်သဘော ရှိနေ သည်။ ပိတ်ဆို့မှု အသစ်များက မြောက်ကိုရီးယား၏ ပြည်ပရေနံ ဝယ်ယူတင်သွင်းခွင့်နှင့် ပြည်ပသို့ အဝတ်အထည်များ တင်ပို့ခွင့် တို့ကို အဓိကပစ်မှတ်ထား အရေး ယူထားခြင်း ဖြစ်သည်။

မြောက်ကိုရီးယား၏ ရေနံဝယ်ယူခွင့်ကို ကန့်သတ်လိုက် ခြင်းက ၎င်းတို့၏ ဒုံးကျည်နှင့် နျူက လီးယားလက်နက် စီမံကိန်းများကို တုံ့ဆိုင်းသွားစေမည်ဟု အမေရိကန်သံအမတ် ဟာလေကဆို သည်။ သို့သော် ထိုပိတ်ဆို့မှုအပြီး ရက်ပိုင်းအတွင်း မြောက်ကိုရီး ယားက ဂျပန်ပိုင်နက်ကိုကျော်ပြီး ဒုံးကျည်ပစ်ခတ်ပြလိုက်သည်။ ယင်းအပြင် မြောက်ကိုရီးယား သည် ၎င်းတို့၏ နျူကလီးယား လက်နက် ရည်မှန်းချက်ကို လက် တွေ့အောင်မြင်သည်အထိ အ ကောင်အထည် ဖော်သွားရန် ခေါင်းဆောင်ကြီး ကင်ဂျုံအန်က ဆုံးဖြတ်ထားကြောင်း အစိုးရပိုင် ကေစီအန်အေ သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာရေးရာ သုတေ သီများက မြောက်ကိုရီးယားနှင့် အမေရိကန်တို့ စစ်တိုက်ရန် လက်တွေ့ဖြစ်နိုင်ခြေ နည်းပါးလွန်း သော်လည်း ရာနှုန်းပြည့် ငြင်းပယ် ၍ မရနိုင်ဟု သုံးသပ်ထားသည်။ စစ်ပွဲမဖြစ်ပွားသည့်တိုင် စစ်ငွေ့သန်းနေသည့် အနေအထား ကြောင့် ကွဲပြားသော ရည်မှန်းချက် များဖြင့် ကိုရီးယားကျွန်းဆွယ် အနီးတစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှု များ အပြိုင်အဆိုင် အကောင်အထည်ဖော်နေခြင်းက အရေးကြီးသည့် မဟာဗျူဟာကစားကွက် များဟု ဆိုရမည် ဖြစ်သည်။

၁၉၅၀ မှ ၁၉၅၃ အထိ ဖြစ်ပွားခဲ့သည့် ကိုရီးယားကျွန်းဆွယ် စစ်ပွဲသည် အပစ်အခတ် ရပ်စဲမှုဖြင့် အဆုံးသတ်ခဲ့သော်လည်း ငြိမ်းချမ်းရေး စာချုပ်တစ်ရပ် ချုပ်ဆိုထားခြင်း မရှိချေ။ ထို့ကြောင့် အမေရိကန်၊ တောင်ကိုရီးယား နှစ်နိုင်ငံ နှင့် မြောက်ကိုရီးယားတို့မှာ သီအိုရီအရ ယနေ့တိုင် စစ်ဖြစ်နေဆဲ နိုင်ငံများ အနေဖြင့် ရပ်တည်လျက်ရှိ သည်။

—Ref: AFP

7Day News

No comments:

Post a Comment