Latest News

Wednesday, September 27, 2017

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလက သတင်းယူရင်း ကျည်ဆန်ထိမှန်သေဆုံးခဲ့သည့် ဂျပန်သတင်းထောက်နာဂါအိ သေဆုံးခြင်း (၁၀) နှစ်ပြည့် အမှတ်တရ အောက်မေ့ဖွယ်ပြုလုပ်

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလက သတင်းယူရင်း ကျည်ဆန်ထိမှန်သေဆုံးခဲ့သည့် ဂျပန်သတင်းထောက်နာဂါအိ သေဆုံးခြင်း (၁၀) နှစ်ပြည့် အမှတ်တရ အောက်မေ့ဖွယ်ပြုလုပ်

ရွှေဝါရောင်တော်လှန်ရေးတွင် သတင်းယူရင်း သေနတ် ကျည်ဆန်မှန်သေဆုံးခဲ့သည့် ဂျပန်သတင်းထောက် ကန်ဂျီနာဂါအိသေဆုံးခြင်း ၁၀ နှစ်ပြည့် အောက်မေ့ဖွယ်အထိမ်းအမှတ် တစ်ခုကို စက်တင်ဘာ ၂၇ ရက်က သတင်းထောက်အချို့မှ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလက သတင်းယူစဉ် လုံထိန်းများ၏ပစ်ခတ်မှုကြောင့် ဂျပန်နိုင်ငံသား သတင်းထောက် ကန်ဂျီနာဂါအိမှာ ကျည်ဆန်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းသေဆုံးခြင်း ၁၀ နှစ်ပြည့် အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် သတင်း ထောက်အချို့မှ အမှတ်တရပန်းစည်းချခြင်းကို နာဂါအိသေဆုံးခဲ့သည့် ဆူးလေဘုရား လမ်းနှင့် အနော်ရထာလမ်းထောင့်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“အသက်ရှင်စဉ်အခါတုန်းက ကျွန်မတို့ တွေ့လည်း မတွေ့ဖူးဘူး။ ပတ်သက်မှုလည်း မရှိဘူး။ ဒါပေမဲ့ ကျွန်မဟာ ၂၀၁၀ နာဂါအိဆုကို ရခဲ့ဖူးတဲ့သူဖြစ်တယ်။ ကိုဝင်းမော်နဲ့ ကျွန်မတွဲပြီးရခဲ့တာပေါ့။ ကျွန်မက သူ့ရဲ့ ၁၀ နှစ်ပြည့်မှာ တစ်ခုခုလုပ်ပေးမယ်ဆိုတဲ့ ရည် ရွယ်ချက်နဲ့ လုပ်တာပါ” ဟု ၂၀၁၀ ပြည့်နှစ်က နာဂါအိဆုကိုပူးတွဲရရှိခဲ့သည့် သတင်းထောက် မလှလှဝင်းက ပြောကြားသည်။

ထို့ပြင် နာဂါအိ အမှတ်တရအဖြစ် အများပြည်သူများ လက်မှတ်ရေးထိုးထားသည့် ၀မ်းနည်းမှတ်တမ်းမှတ်စု စာအုပ်၊ ဗီနိုင်းနှင့် နာဂါအိပုံတူ ကျောက်စီပန်းချီကားအား ဂျပန်သံရုံးမှတစ်ဆင့် နာဂါအိမိသားစုထံပေးပို့ ခဲ့ကြောင်း သိရသည်။

“သူ့ရဲ့ပုံတူကျောက်စီပန်းချီရယ် နောက်ပြီးတော့ ၂၅ ရက်နေ့တုန်းက အများပြည်သူတွေ ၀ိုင်းဝန်းလက်မှတ်ရေးထိုးထားတဲ့ အမှတ်တရ မှတ်စုစာအုပ်ရယ်၊ ဗီနိုင်းတွေကို သူ့မိသားစုဆီကို သံရုံးကနေတစ်ဆင့်ပို့မှာပါ” ဟု မလှလှဝင်းက ပြောကြားသည်။

ဂျပန်နိုင်ငံအခြေစိုက် သတင်းဌာနဖြစ်သည့် အေပီအပ်ဖ် သတင်းထောက် ကန်ဂျီနာဂါအိသည် ၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး နှစ်ရက်အကြာ စက်တင်ဘာ ၂၇ ရက် ရွှေဝါ ရောင်တော်လှန်ရေးကာလတွင် သတင်း ဓာတ်ပုံရိုက်ကူးစဉ် သေနတ်ကျည်ဆန် ထိမှန် သေဆုံးခဲ့ခြင်းဖြစ်သည်။

Eleven Media Group

No comments:

Post a Comment