Latest News

Friday, September 1, 2017

မြောက်ကိုရီးယားက လပိုင်းအတွင်း အမေရိကန်နှင့် ဥရောပကိုပင် နျူကလီးယားဖြင့် တိုက်ခိုက်နိုင်စွမ်းရှိဟု ပြင်သစ် သတိပေး

မြောက်ကိုရီးယားက လပိုင်းအတွင်း အမေရိကန်နှင့် ဥရောပကိုပင် နျူကလီးယားဖြင့် တိုက်ခိုက်နိုင်စွမ်းရှိဟု ပြင်သစ် သတိပေး

မြောက်ကိုရီးယား ဒုံးပစ်လွှတ်မှုသတင်းအား သြဂုတ် ၁၀ ရက်က ဆိုးလ်ရှိ ဘူတာရုံတွင် ပြသနေမှုကို ကြည့်ရှုနေသူ တစ်ဦး (Photo: AP)
မြောက်ကိုရီးယားသည် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပကိုပင် လပိုင်းအတွင်း နျူကလီးယားဖြင့် တိုက်ခိုက်နိုင်သည့် စွမ်းရည်ရှိနိုင်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာ ၁ ရက်တွင် သတိပေးခဲ့သည်။

ပြုံယမ်းက ဒုံးများ ပစ်လွှတ်စမ်းသပ်မှု တသီတတန်းကြီး ပြုလုပ်ခဲ့အပြီး အခြေအနေသည် အလွန်အမင်း စိုးရိမ်စရာကောင်းနေကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်းဗီးစ်လီဒရီယန်းက ပြောကြားခဲ့ပြီး မြင့်တက်နေသော တင်းမာမှု ပြေလျော့စေရန်အတွက် ဆွေးနွေးပွဲသို့ ပြန်လာရန် အထီးကျန် မြောက်ကိုရီးယားကို ၎င်းက တိုက်တွန်းခဲ့သည်။


“မြောက်ကိုရီးယားရဲ့ ရည်မှန်းချက်က  နျူကလီးယားလက်နက် သယ်ဆောင်နိုင်တဲ့ ဒုံးတွေ ရရှိနိုင်ဖို့ပဲလို့ ကျွန်တော်တို့က ရှုမြင်ထားတယ်” ဟု လီဒရီယန်းက RTL အသံလွှင့်ဌာနသို့ ပြောကြားခဲ့သည်။

လာမည့် လအနည်းငယ်အတွင်း ယင်းကိစ္စသည် အမှန်တကယ် ဖြစ်လာနိုင်ကြောင်း၊ လတ်တလောတွင် အမေရိကန်ကိုပင် ပစ်ခတ်နိုင်သည့် စွမ်းရည်ရှိနေချိန်တွင် အနည်းဆုံးအားဖြင့် ဂျပန်နှင့် တရုတ်သို့ လည်းကောင်း၊ ထို့ပြင် ဥရောပကိုပင် နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်လာနိုင်ကြောင်း၊ အခြေအနေသည် ပေါက်ကွဲသွားလိမ့်မည် ဖြစ်ကြောင်း ၎င်းက သတိပေးခဲ့သည်။

သြဂုတ် ၂၉ ရက်တွင် မြောက်ကိုရီးယားက တာလတ်ပစ်ဒုံး Hwasong-12 တစ်စင်းအား ဂျပန်ကိုကျော်၍ ပစ်လွှတ်ခဲ့ရာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြိုတင်လက်ဦးမှုယူ၍ စစ်ရေးဖြင့် အရေးယူနိုင်သည့် ခြိမ်းခြောက်မှုအား သွယ်ဝိုက်ရည်ညွှန်းလျက် ရွေးချယ်စရာ နည်းလမ်းအားလုံး ရှိနေကြောင်း သတိပေးခဲ့သည်။

ပြုံယမ်း၏ ယင်းနောက်ဆုံးဒုံးပစ်လွှတ်မှုအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ရှုတ်ချခဲ့ပြီး မြောက်ကိုရီးယား အနေဖြင့် ၎င်း၏ နျူကလီးယားနှင့် ဒုံးစီမံကိန်းများကို ရပ်တန့်ရန်လည်း ယင်းကောင်စီက တိုက်တွန်းခဲ့သည်။

တင်းမာမှုများ ကျဆင်းစေရန် ပြုံယမ်းအနေဖြင့် ညှိနှိုင်းရေးလမ်းကြောင်းကို ပြန်သွားရန် လီဒရီယန်းက တိုက်တွန်းခဲ့သည်။

တရုတ်နှင့် ရုရှားတို့က ပူးတွဲတင်ပြခဲ့သော စေ့စပ်ညှိနှိုင်းရေး အစီအစဉ်အရ မြောက်ကိုရီးယားက ၎င်း၏ ဒုံးစမ်းသပ်မှုများအား ရပ်ဆိုင်းရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် ဆိုးလ်တွင် အမေရိကန်-တောင်ကိုရီးယားတို့၏ နှစ်စဉ်ပြုလုပ်နေကျ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ရပ်ဆိုင်းပေးရမည်ဖြစ်ကြောင်း အဆိုပြုထားသည်။

မြောက်ကိုရီးယားသည် အမေရိကန်၏ စစ်စခန်းများရှိသော ဂူအမ်ကျွန်းစု အနီးသို့ ဒုံးလေးစင်း ပစ်လွှတ်မည်ဟုလည်း သြဂုတ်လ အတွင်းက ခြိမ်းခြောက်ခဲ့သေးသည်။ ပြီးခဲ့သော ဇူလိုင်တွင် မြောက်ကိုရီးယားသည် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးများကို ပထမဆုံးအကြိမ် ပစ်လွှတ်စမ်းသပ်မှုနှစ်ခုသည် အောင်မြင်ခဲ့ပြီး အမေရိကန်ပြည်မကြီးအထိ ရောက်အောင် ပစ်ခတ်နိုင်သည့် စွမ်းရည် ရရှိသွားဖွယ်ရှိကြောင်း သိရသည်။

ယင်းအချိန်တွင် နှစ်နိုင်ငံအကြား တင်းမာမှုများကြောင့် အမေရိကန်က မြောက်ကိုရီးယားသို့ ခရီးသွားရောက်မှုများအား ပိတ်ပင်မှုသည် စတင်သက်ဝင်ခဲ့သည်။

Ref: AFP

Eleven Media Group


No comments:

Post a Comment