Latest News

Friday, September 1, 2017

မြန်မာနိုင်ငံရှိ အဆင့် အမြင့်ဆုံး တက္ကသိုလ်များ စာရင်း ကြေညာ

မြန်မာနိုင်ငံရှိ အဆင့် အမြင့်ဆုံး တက္ကသိုလ်များ စာရင်း ကြေညာ

ယခုနှစ်တွင် မြန်မာတစ် နိုင်ငံလုံးရှိ အဆင့် အမြင့်ဆုံး တက္ကသိုလ်များ စာရင်းကို ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက သြဂုတ် နောက်ဆုံးပတ်တွင် ပြုလုပ်သည့် ပညာရေး ၀န်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ကြေညာခဲ့သည်။

တက္ကသိုလ်အဆင့် သတ်မှတ်ချက်များ စတင် ထုတ်ပြန် သည့် ပထမဆုံးနှစ်တွင် ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ် ၄၈ ခုအနက် မန္တလေး တက္ကသိုလ်က အဆင့် (၁) ရရှိပြီး ရန်ကုန် တက္ကသိုလ်က အဆင့် (၂) ရရှိခဲ့သည်။ နည်းပညာ တက္ကသိုလ်များတွင် ရန်ကုန် နည်းပညာ တက္ကသိုလ်က အဆင့်(၁)၊ မန္တလေး နည်းပညာ တက္ကသိုလ်က အဆင့် (၂) ရရှိပြီး ကွန်ပျူတာ တက္ကသိုလ် များတွင် မန္တလေး ကွန်ပျူတာ တက္ကသိုလ်က အဆင့် (၁)၊ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် က အဆင့် (၂) ရရှိသည်။ ပညာရေးကောလိပ် ၂၅ ခုအနက် ပုသိမ် ပညာရေး ကောလိပ်က အဆင့် (၁)၊ မန္တလေး ပညာရေး ကောလိပ်က အဆင့် (၂) အသီးသီး ရရှိသည်။ ဆေးနှင့် နှီးနွှယ် တက္ကသိုလ် များ အုပ်စုတွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်က အဆင့် (၁) နှင့် ဆေးတက္ကသိုလ် (မန္တလေး) က အဆင့်(၂) ရရှိသည်။

‘‘အုပ်စုအလိုက် တက္ကသိုလ် Ranking တွေ သတ်မှတ် ပေးတာပေါ့။ အရင်ကတော့ ဒီလိုအဆင့် သတ်မှတ်ချက် မထုတ်ပေးဘူး။ နိုင်ငံအတွက် လိုအပ်တာကြောင့် အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်က ဒီနှစ် စလုပ်ပေးတာပဲ’’ ဟု အဆင့်မြင့်ပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက ပြောသည်။

တက္ကသိုလ်များ၏ အဆင့် သတ်မှတ်ချက် (Ranking)ကို အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်က ယခုနှစ်တွင် စတင်ထုတ် ပြန်ပေးခြင်းဖြစ်ပြီး ပညာရေး ၀န်ကြီးဌာန အောက်ရှိ တက္ကသိုလ်များကို သုတေသန မေးခွန်းများ ပြုစုမေးမြန်းကာ တက္ကသိုလ် အမျိုးအစား အုပ်စု တစ်ခုချင်း အလိုက် အဆင့်များ သတ်မှတ်ခြင်း ဖြစ်သည်။

အမျိုးသားပညာရေးမူဝါဒ ကော်မရှင်အနေဖြင့် သုတေသန လုပ်ငန်း၊ သင်တန်းရေးရာ၊ ဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူအခြေအနေ၊ စီမံခန့်ခွဲရေး အ ခြေအနေဆိုင်ရာ အချက် ၃၆ ချက်ကို မြန်မာနိုင်ငံရှိ တက္ကသိုလ် ၁၅၀ ကျော်သို့ ပေးပို့ပြီး ပြန်လည် ဖြေကြားလာသည့် အခြေအနေ များကို အမှတ်ပေးကာ အဆင့်ခွဲ ခြား သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

‘‘ထိပ်ဆုံးမှာရှိတဲ့ ကျောင်း တွေကလည်း သူတို့ Ranking လျော့မသွားဖို့ ပိုပြီးကြိုးစားချင် စိတ်ရှိမယ်။ အဆင့် သတ်မှတ်ချက် အောက်ပိုင်းမှာရှိနေတဲ့ တက္ကသိုလ်တွေ ကလည်း သူတို့ လိုအပ်ချက်ကို သိပြီး ကြိုးစားချင် စိတ်ရှိလာမှာပေါ့’’ ဟု ဒေါက်တာ အောင်အောင်မင်းက ပြောသည်။

အမျိုးသားပညာရေးမူဝါဒ ကော်မရှင်အောက်ရှိ အမျိုးသား ပညာရေးအဆင့်အတန်းနှင့် အ ရည်အသွေး အာမခံမှု အကဲဖြတ်ရေး ကော်မတီ လုပ်ငန်းတာဝန် များတွင် တက္ကသိုလ်နှင့် အခြေခံ ပညာကျောင်းများ၏ အဆင့်သတ် မှတ်ခြင်း၊ သတ်မှတ်ထားသော အရည်အသွေး စံနှုန်းများ ပြည့်မီမှု ရှိ၊ မရှိ စစ်ဆေးခြင်းတို့ ဆောင်ရွက်ရမည်ဟု ပါရှိသည်။ ယင်း ကော်မတီ အနေဖြင့် တက္ကသိုလ်များ အဆင့် သတ်မှတ်ခြင်းကို ယခုနှစ်ကစကာ နှစ်စဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာတွင် တက္ကသိုလ် နှင့် ကောလိပ်များကို အဆင့်များ သတ်မှတ် ထုတ်ပြန်လေ့ရှိရာ ထိပ်တန်း စာရင်းဝင် တက္ကသိုလ်များ၊ သင်ကြားရေးဌာနများ၊ ဘွဲ့သင်တန်းများကို ပြည်သူများ အလွယ်တကူ သိရှိနိုင်သည့် အပြင် ကျောင်းအချင်းချင်း ပြိုင်ဆိုင်မှု ပြင်းထန်ကာ ပညာရေး အရည်အသွေး မြင့်မားမှုကို တွန်းအားတစ်ခု ဖြစ်စေသည်ဟု ပညာရေး ကျွမ်းကျင်သူ များက သုံးသပ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ် ၁၅၈ ခု ရှိသည်။

7Day News

No comments:

Post a Comment