Latest News

Wednesday, September 27, 2017

ရန်ကုန်တိုင်းအစိုးရက ၀ယ်ယူထားသည့် ကျောင်းကားများ အောက်တိုဘာလအတွင်း ပြေးဆွဲနိုင်ရန်ဆောင်ရွက်နေ

ရန်ကုန်တိုင်းအစိုးရက ၀ယ်ယူထားသည့် ကျောင်းကားများ အောက်တိုဘာလအတွင်း ပြေးဆွဲနိုင်ရန်ဆောင်ရွက်နေ


ရန်ကုန်တိုင်းအစိုးရမှ ၀ယ်ယူထားသည့် ကျောင်းကားများ အောက်တိုဘာလအတွင်း ပြေးဆွဲနိုင်ရန် ဆောင်ရွက်နေကြောင်း YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

“ကျောင်းကားတွေ ပြေးဖို့လုပ်တုန်းပဲ၊ သေချာတော့ မပြောနိုင်သေးဘူး။ အောက်တိုဘာလအတွင်း ပြေးနိုင်ဖို့စီမံနေတယ်။ သီတင်းကျွတ် ကျောင်းဖွင့်ရက်အတွင်း ပြေးနိုင်ဖို့ ကြိုးစားနေပါတယ်” ဟု ဒေါက်တာမောင်အောင်က ပြောကြားသည်။

ရန်ကုန်တိုင်းအစိုးရမှ ၀ယ်ယူထားသည့် ကျောင်းကားများ အများပိုင်ကုမ္ပဏီဖွဲ့စည်းပြီးမှ ပြေးဆွဲနိုင်မည်ဖြစ်ပြီး ကုမ္ပဏီမှတ်ပုံတင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်

အဆိုပါ ကျောင်းကားကိစ္စနှင့် ပတ်သက်၍ မေ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အစိုးရမှတင်သွင်းမည့် ကျောင်းကားအစီး ၂၀၀ သည် ယခင်ကကျောင်းပေါင်း ၂၆ ကျောင်းအတွက် ရည်ရွယ်ထားသော်လည်း လက်ရှိတွင် ကျောင်းပေါင်း ၂၂ ကျောင်းအတွက်သာ အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ၀ယ်ယူထားသည့် အဆိုပါ ကျောင်းကားအစီး ၂၀၀ သည် ယခုလအတွင်း ရောက်ရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

အစိုးရမှဝယ်ယူမည့် ကျောင်းကားအစီး ၂၀၀ သည် Show Room တွင် ၀ယ်ယူမည်ဆိုပါက တစ်စီးလျှင် ဒေါ်လာ ၄၀၀၀၀ ခန့်ရှိ မည်ဖြစ်ပြီး အစိုးရမှဝယ်ယူသဖြင့် တစ်စီးလျှင် ဒေါ်လာ ၁၀၀၀၀ ခန့်သက်သာမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိပြေးဆွဲနေသည့် ကျောင်းကားခ ဈေးနှုန်းများအနေနှင့် ခရီးအကွာအဝေး၊ ကျောင်းနှင့်နေထိုင်သည့်မြို့နယ် အနီးအဝေးအပေါ်တွင် မူတည်ပြီး ကျပ်နှစ်သောင်းမှ သုံးသောင်း၊ လေးသောင်းအထိ အမြင်ဆုံးကုန်ကျကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

ကျောင်းကားများ အဆင့်မြှင့်တင်ရေးနှင့် စနစ်တကျရှိစေရေးအတွက် ဆောင်ရွက်ခဲ့သည်မှာ ယခုအစိုးရလက်ထက်တွင်သာ မဟုတ် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အဆိုတင်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀ယ်ယူထားသည့် ကျောင်းကားအစီး ၂၀၀ ကို ကျောင်းကားပြေးဆွဲမည့်သူများမှ ပြန်လည်ဝယ်ယူမည်ဆိုပါက အခွန်အခ သက်သာမည့်အပြင် ဘဏ်များဖြင့်ချိတ်ဆက်ကာ ချေးငွေဖြင့်ဝယ်ယူမှုပြုလုပ်နိုင်မည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားထားသည်။

Eleven Media Group

No comments:

Post a Comment