Latest News

Wednesday, September 27, 2017

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၏ မောင်တောဒေသ တွေ့ရှိချက်များ ရက်ပိုင်းအတွင်း ထုတ်ပြန်မည်

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၏ မောင်တောဒေသ တွေ့ရှိချက်များ ရက်ပိုင်းအတွင်း ထုတ်ပြန်မည်

ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး တွေ့ရှိချက်များကို ရက်ပိုင်း အတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။

စက်တင်ဘာလ ၂၅ ရက်နေ့က မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် မောင်တောသို့ သွားရောက်ခဲ့ပြီး ဒေသခံများထံ တွေ့ဆုံမေးမြန်းမှုများ စတင် ပြုလုပ်လျက်ရှိသည်။

မောင်တောဒေသတွင် မျိုးတုံး သတ်ဖြတ်မှုများ ရှိနေသည်ဟု စွပ်စွဲမှုများ နိုင်ငံတကာတွင် ပျံ့နှံ့နေမှုများနှင့် ပတ်သက်၍ အဓိက စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး ဘင်္ဂါလီရွာ၊ ဟိန္ဒူရွာနှင့် တိုင်းရင်းသား ရွာများသို့လည်း စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြော ကြားသည်။

ထို့ပြင် လက်ရှိတွင် ဟိန္ဒူဘာသာဝင် အလောင်းများ အစုလိုက် တွေ့ရှိမှုများနှင့်ပတ်သက်၍လည်း စုံစမ်း စစ်ဆေးသွားမည်ဖြစ်ပြီး လာမည့် အောက်တိုဘာလ ဆန်းပိုင်းတွင် အစီရင်ခံစာ ထွက်ပေါ်လာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လက်ရှိတော့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတုန်းဆိုတော့ မှတ်ချက်ပေးဖို့တော့ စောနေသေးတာပေါ့။ ဒေသခံ အားလုံးကို စစ်ဆေးမေးမြန်းနေတယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ARSA အကြမ်းဖက်အဖွဲ့ သတ်ဖြတ်ခံရသည့် ဟိန္ဒူဘာသာဝင် ရုပ်အလောင်း ၁၇ လောင်း ထပ်မံ တူးဖော်တွေ့ရှိခဲ့ပြီး အလောင်း စုစုပေါင်း ၄၅ လောင်းထိ တွေ့ရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

The Voice

No comments:

Post a Comment