Latest News

Wednesday, September 27, 2017

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နှလုံးရောဂါကုပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာနွယ်နွယ်နှင့် တွေ့ဆုံခြင်း

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နှလုံးရောဂါကုပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာနွယ်နွယ်နှင့် တွေ့ဆုံခြင်း

နှလုံးစည်းချက် မမှန်ခြင်းကြောင့် ဖြစ်ပွားနိုင်သော လေဖြတ်ခြင်းကို ကာကွယ်ရန်နှင့် ယင်းကို သတိပြုမိစေရေးအတွက် ယခုလမှစတင်ကာ ပထမဆုံးအကြိမ် “နှလုံးစည်းချက် မူမမှန်ခြင်းကို သတ်ပြုမိစေရန် ပညာပေးကာလ”ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နှလုံးရောဂါကု ပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာနွယ်နွယ်နှင့် The Voice က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : နှလုံးစည်းချက် မမှန်ခြင်းကြောင့်ဖြစ်တဲ့ လေဖြတ်ခြင်းကာကွယ်ဖို့ အသိပညာပေးပွဲ လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦး။
Dr.NN : မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ် ကျင်းပတဲ့ပွဲဖြစ်ပါတယ်။ နှလုံးစည်းချက် မမှန်ခြင်းကို သတိပြုမိစေရန် ပညာပေးကာလအဖြစ် သတ်မှတ်ထားတဲ့ကာလပါ။ နှလုံးစည်းချက် မမှန်ခြင်းကြောင့် သွေးခုန်နှုန်း စည်းချက်မမှန်တာတွေ ဖြစ်လာမယ်။ အဲဒီလိုဖြစ်လာရင် နှလုံးညှစ်အားကျလာမယ်။ ဦးနှောက်ကိုသွားတဲ့သွေးကြောကိုသွားပိတ်ရင် ဦးနှောက်လေဖြတ်မယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို သွားတဲ့သွေးကြောတွေမှာ သွားပိတ်ရင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေက သွေး မလျှောက်တော့ဘဲနဲ့ သွေးမလျှောက်တဲ့ ရောဂါတွေ ဖြစ်မယ်။ ဒါတွေကို ကြိုတင် ကာကွယ်ဖို့ ပြည်သူတွေကို အသိပေးတာပါ။ အသိပေးတဲ့အခါမှာ ကိုယ့်ရဲ့သွေးခုန်နှုန်းစမ်းလိုက်လို့ မမှန်ဘူးဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဖို့ ပြည်သူတွေကို အသိပညာပေးတာပေါ့။ ပညာပေးကာလမှာ ဆရာမတို့က ပန်းဖလက်လေးတွေ ဝေသွားမယ်။ ဆေးရုံပြင်ပလူနာဌာနမှာလည်း ဝေသွားမယ်။ ပန်းဖလက်ကို ပြည်သူတွေလက်ထဲ ရောက်နိုင်မယ့် နေရာတွေမှာ ဝေသွားမှာ ဖြစ်ပါတယ်။

Voice : ဒီရောဂါက ဘယ်လို အသက်အရွယ်တွေနဲ့ ဘယ်လို ရောဂါရှိတဲ့သူတွေမှာ ဖြစ်ပွားနိုင်ပါသလဲ။
Dr.NN : အထူးသဖြင့် အသက်ကြီးတဲ့လူတွေမှာ ၆၅ နှစ်အထက်လူတွေ၊ သွေးတိုးရှိတဲ့လူတွေ၊ ဆီးချိုရှိတဲ့လူတွေမှာ ဖြစ်တယ်။ မြန်မာပြည်မှာ ဖြစ်ပွားမှု များတာက လေးဖက်နာ၊ နှလုံးရောဂါပေါ့။ ဒီလူတွေက နှလုံးစည်းချက် မမှန်တာ ဖြစ်တာများတယ်။ ဖြစ်တဲ့အခါမှာလည်း တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့တိုင်ပင်ပြီး သွေးကျဲဆေးကို သောက်ဖို့လိုတယ်။ သွေးကျဲဆေးကို သောက်မှသာလျှင် နှလုံးစည်းချက် မမှန်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဦးနှောက်လေဖြတ်ခြင်း ရောဂါ၊ ခန္ဓာကိုယ်တစ်ခုလုံး သွေးကြော ပိတ်ရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာ Guideline တွေအရတော့ အသက်ကတော့ ၆၀၊ ၆၅ နှစ်ကျော်ရင် ပိုဖြစ်တတ်တယ်။ မြန်မာပြည်မှာက လေးဖက်နာနဲ့ နှလုံးရောဂါ ဖြစ်တာက မပပျောက်သေးဘူး။ မပပျောက်သေးတဲ့အတွက် ဆရာမတို့ဆီမှာဆို ငယ်ရွယ်တဲ့သူတွေမှာလည်း ပိုဖြစ်တတ်ပါတယ်။

Voice : ရောဂါရဲ့လက္ခဏာနဲ့ နောက်ဆက်တွဲ ဖြစ်ပွားနိုင်တာလေးတွေ သိပါရစေ။
Dr.NN : ရောဂါလက္ခဏာက အစပိုင်းမှာတော့ ကိုယ့်ဘာသာကိုယ် သွေးခုန်နှုန်း သိပ်မစမ်းရင် မသိဘူး။ ဘယ်အချိန်မှ သိလာမလဲဆိုတော့ တချို့လူတွေကျတော့ ပထမဆုံးအကြိမ် ဆေးရုံကို ရောက်လာတာကတော့ ဦးနှောက်လေဖြတ်ပြီးမှ ရောက်လာတယ်။ အဲဒီ အချိန်ကျရင် အရမ်း နောက်ကျသွားပြီ။ တချို့ကတော့ မောပြီး ကျပ်လာတယ်။ အသက်ရှူ မဝဘူး။ အစောပိုင်းမှာ သိတဲ့သူတွေကျတော့ ရင်တုန်တယ်၊ နှလုံးခုန်နှုန်း မမှန်ဘူး။ တချို့တွေကျတော့ အစပိုင်း လက္ခဏာဖြစ်တဲ့ လေမဖြတ်ခင် မိုက်ခနဲ ခဏဖြစ်သွားပြီးတော့ လေဖြန်းတဲ့အဆင့်မျိုး ဖြစ်လိုက်တဲ့အချိန်မှာ သိတယ်။ သိတဲ့အချိန်က အမျိုးမျိုး ကွာနေတယ်။ တကယ်ရောဂါဖြစ်ပြီးမှသိရင် နောက်ကျတယ်။ ဒါကြောင့် ကိုယ့်ရဲ့လက်ကောက်ဝတ်က သွေးခုန်နှုန်းကို စမ်းကြည့်လိုက်မယ်ဆိုရင် စောစောပိုင်းမှာသိသွားရင် အကျိုးရှိပါတယ်။ ရောဂါကို ကုသမှုမခံယူဘဲ နေမယ်ဆိုရင် ဦးနှောက် လေဖြတ်မယ်။ ဦးနှောက်လေဖြတ်တယ်ဆိုတာ ငယ်ငယ်ရွယ်ရွယ်နဲ့ လေဖြတ်တယ်။ အသက်ကြီးမှ လေဖြတ်တယ်။ ဘာပဲဖြစ်ဖြစ် မိသားစု တစ်ခုလုံးအတွက် ဖိစီးမှုတအား များသွားတယ်။ လူက နာလန်ထဖို့လည်း မနည်းပြန် လုပ်ယူရတယ်။ အလုပ် လုပ်နိုင်တဲ့အချိန်မှာ ဖြစ်သွားတယ်ဆိုရင် မိသားစုအတွက် အများကြီး အကျိုးမဲ့သွားစေတာပေါ့။ နှလုံးကို မကုဘူးဆိုရင် နှလုံးညှစ်အား ကျလာမယ်။ ညှစ်အားကျတဲ့အတွက် မောလာမယ်။

Voice : နှလုံးနဲ့ပတ်သက်ပြီး ဖြစ်ပွားနိုင်တဲ့ ရောဂါတွေကို ပြောပြပေးပါဦး။
Dr.NN : နှလုံးစည်းချက် မမှန်ခြင်းကြောင့် ဖြစ်တဲ့ရောဂါ၊ နှလုံးသွေးကြောရောဂါ စသဖြင့်ပေါ့။ အဓိက အဖြစ်များတာက နှလုံးသွေးကြောရောဂါ များတယ်။ သူက ဘာကြောင့်ဖြစ်လဲဆိုတော့ ကိုယ့်ရဲ့ နေထိုင်မှုနဲ့ မဆင်ခြင်မှုတွေကနေ နှလုံးသွေးကြောရောဂါ ဖြစ်ဖို့အတွက်ကို ပံ့ပိုးမယ့်အဆင့်တွေ ဖြစ်လာမယ်။ ဥပမာအားဖြင့် ဆေးလိပ် သောက်တယ်၊ အဝ လွန်တယ်၊ ကိုယ် လက် လှုပ်ရှားမှု မရှိဘူး။ နောက်တစ်ခုကကျတော့ အသက်ကြီးလာရင် တချို့တွေမှာ သွေးတိုးဖြစ်လာမယ်။ သွေးချို ဆီးချိုဖြစ်လာမယ်။ ဒါတွေကို သေချာမထိန်းဘူးဆိုရင် အဲဒါတွေ အကုန်လုံးက နှလုံးသွေးကြောရောဂါကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ ဖြစ်တယ်။ နောက်တစ်ခုက နှလုံသွေးကြော ရောဂါအပြင် ဦးနှောက်ကိုသွားနေတဲ့ သွေးကြောတွေ ပိတ်ရင်လည်း ဦးနှောက်လေဖြတ်တဲ့ရောဂါ ဖြစ်သွားနိုင်တယ်။ အဲဒီနှစ်ခုက အရေးကြီးဆုံးပဲ။ မကူးစက်တတ်တဲ့ရောဂါ ကာကွယ်နှိမ်နင်းရေးမှာဆိုရင် နှလုံးသွေးကြော ရောဂါနဲ့ ဦးနှောက်လေဖြတ်တဲ့ရောဂါကို နံပါတ်တစ်နေရာကနေ ထားပြီး ပညာပေး လုပ်ရမယ့် လုပ်ငန်းတွေထဲမှာ ပါသလို ကုသမှုမှာလည်း နံပါတ်တစ်နေရာမှာပဲ ထားရမှာ ဖြစ်ပါတယ်။ WHO ရဲ့ မှတ်တမ်းအရ မြန်မာနိုင်ငံမှာ ၂၅ ရာခိုင်နှုန်းရဲ့သေဆုံးမှုက နှလုံးရဲ့သွေးကြောရောဂါကြောင့်လို့ Report လုပ်ထားတယ်။

Voice : ဆရာမအနေနဲ့ ပညာပေးလုပ်တဲ့ ဒီရောဂါနဲ့ပတ်သက်ပြီး လူထုကို ဖြည့်စွက်စကားလေး ပြောပေးပါဦး။
Dr.NN : ဒီနှလုံးစည်းချက် မမှန်တဲ့ရောဂါကို သိလျှင် သိချင်း သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသမှုကို ခံယူခြင်းအားဖြင့် နောက်ဆက်တွဲဖြစ်တဲ့ နှလုံး အမောဖောက်တဲ့ရောဂါ၊ ဦးနှောက်လေဖြတ်ခြင်းရောဂါ၊ အစာအိမ် သွေးကြောတွေမှာ ပိတ်ခြင်းကြောင့်ဖြစ်လာမယ့် ဆိုးကျိုးတွေကို ကြိုတင်ကာကွယ် နိုင်မယ်။ ဆိုးကျိုးတွေဖြစ်မှကုရင်တော့ သေဆုံးမှုနှုန်းက များလာမှာ ဖြစ်ပါတယ်။ ဆရာမတို့က စောစောသိလေ စောစောကုသမှုခံယူလေ ဒီဆိုးကျိုးတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ

The Voice

No comments:

Post a Comment