Latest News

Wednesday, September 20, 2017

ရန်လိုသော ထရန့်က မြောက်ကိုရီးယားကို ဖျက်ဆီးပစ်မည်ဟု ကုလသမဂ္ဂ မိန့်ခွန်းတွင် ခြိမ်းခြောက်

ရန်လိုသော ထရန့်က မြောက်ကိုရီးယားကို ဖျက်ဆီးပစ်မည်ဟု ကုလသမဂ္ဂ မိန့်ခွန်းတွင် ခြိမ်းခြောက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စက်တင်ဘာ ၁၉ ရက်တွင် ကုလသမဂ္ဂ၌ ပြောကြားခဲ့သည့် ၎င်း၏ပထမဆုံးမိန့်ခွန်းတွင် မြောက်ကိုရီးယားသည် အမေရိကန်နှင့် မဟာမိတ်တို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့လျှင် မြောက်ကိုရီးယားကို “လုံးဝဖျက်ဆီးပစ်မည်” ဟု ခြိမ်းခြောက်ခဲ့ပြီး ကင်ဂျုံအွန်သည် “ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်နေကြောင်း” ပြောကြားခဲ့သည်။

အဖွဲ့ဝင် ၁၉၃ နိုင်ငံ၏ ရှေ့မှောက်တွင် ပထမဆုံးအကြိမ် ရှေ့ထွက်ခဲ့သည့် ထရန့်က အမေရိကန်၏ စစ်အင်အားကို ဂုဏ်ယူပြောကြားခဲ့ပြီး အီရန်ရှိ “လူသတ်အစိုးရ” နှင့်ရယူထားသော နျူကလီးယား သဘောတူညီချက်ကို ဖျက်သိမ်းရန် အသင့်ထိရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ထရန့်က ပြုံယမ်း၊ ဗင်နီဇွဲလား၊ ဆီးရီးယားနှင့် ကျူးဘားရှိ အမေရိကန်ရန်သူများကို ဒေါသတကြီးဝေဖန်ခဲ့သည်။

“အမေရိကန်က မဟာအင်အားနှင့် သည်းခံမှုရှိထားပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဒါမှမဟုတ် ကိုယ့်ရဲ့မဟာမိတ်တွေကို ကာကွယ်ဖို့ဖြစ်လာခဲ့ရင် မြောက်ကိုရီးယားကို လုံးဝဖျက်ဆီးပစ်လိုက်ရုံကလွဲပြီး ကျွန်တော်တို့မှာ တခြားရွေးစရာမရှိပါဘူး” ဟု ထရန့်က ပြောကြားခဲ့သည်။

ထို့ပြင် ထရန့်က မြောက်ကိုရီးယား ခေါင်းဆောင်၏ အမည်ပြောင်သစ်ကိုသုံးခဲ့ပြီး “ဒုံးပျံလူသားက သူကိုယ်တိုင်နဲ့ သူ့အစိုးရအတွက် သေကြောင်းကြံစည်ရေးမစ်ရှင်ကို ဆောင်ရွက်နေပါတယ်” ဟုပြောခဲ့သည်။

ထရန့်၏ ကုသလမဂ္ဂမိန့်ခွန်းတွင် တရုတ်နှင့် ရုရှားကို ရည်ညွှန်းရုံသာ ရည်ညွှန်းခဲ့ပြီး ဝေဖန်မှုမပြုခဲ့ပေ။ မြောက်ကိုရီးယားနှင့် မည်သည့်ကုန်သွယ်မှုကိုမဆို သိက္ခာအရ မေးခွန်းထုတ်ဖွယ်ရာဖြစ်ကြောင်း ထရန့်က ပြောခဲ့သည်။

ထရန့်သည် အီရန်ကို အကျင့်ပျက်ခြစားနေသော လူဆိုးနိုင်ငံအဖြစ် ရည်ညွှန်းခဲ့ပြီး တီဟီရန်၏ နျူကလီးယားအစီအစဉ်ကို ဟန့်တားရန် ကြိုးပမ်းသည့် ၂၀၁၅ သဘောတူညီချက်အား ဆုတ်ဖြဲပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီသဘောတူညီချက်က အမေရိကန်အတွက် အရှက်ရစရာပါ” ဟု ထရန့်က အထွေထွေညီလာခံတွင် ပြောကြားခဲ့သည်။ သို့သော်လည်း တီဟီရန်အစိုးရအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုသည် အမေရိကန်စစ်ဘက်မဟုတ်ဘဲ အပြောင်းအလဲကို လိုလားသည့် အီရန်ပြည်သူတို့သာဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။

၄၂ မိနစ်ကြာ ပြောကြားခဲ့သော ထရန့်၏မိန့်ခွန်းတွင် ကမ္ဘာ့အစီအစဉ်အတွက် အခြေခံဖွဲ့စည်းရန် နိုင်ငံစုံအဖွဲ့အစည်းများထက် တစ်နိုင်ငံချင်းစီက ဆောင်ရွက်ကြရန် တောင်းဆိုခဲ့သည်။

ထရန့်၏ မိန့်ခွန်းကို ချက်ချင်းပင် တုံ့ပြန်မှုများရှိခဲ့ပြီး ထရန့်သည် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသော်လည်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက မိန့်ခွန်းကို ချီးကျူးခဲ့သည်။

“ကုလသမဂ္ဂနဲ့ ကျွန်တော့်ရဲ့ နှစ် ၃၀ အတွေ့အကြုံမှာ ဒီလိုရဲတင်းပြီး ခွန်အားကြီးမားတဲ့ မိန့်ခွန်းမျိုးကို မကြားဖူးပါဘူး” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

သို့သော်လည်း အမေရိကန်ပြည်တွင်းတွင်မူ ထရန့်ကို လူသိရှင်ကြား ပုတ်ခတ်ဝေဖန်မှုရှိခဲ့ပြီး ၀ါရင့်ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဒိုင်ယာနီဖိန်းစတိန်းက ကုလသမဂ္ဂ၏ ရည်မှန်းချက်များသည် ငြိမ်းချမ်းရေးကို အားပေးရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ဖြစ်သော်လည်း ထရန့်က စစ်ပွဲခြိမ်းခြောက်ရန် စင်မြင်တစ်ခုအဖြစ် အသုံးပြုခဲ့ကြောင်း ဝေဖန်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment