Latest News

Monday, August 28, 2017

ဒေါ်အောင်ဆန်းစုကြည်ကို အလျင်စလို အပြစ်မတင်သင့်

ဒေါ်အောင်ဆန်းစုကြည်ကို အလျင်စလို အပြစ်မတင်သင့်

ဗြိတိန်သံအမတ်ကြီးဟောင်း ဆာဂျွန်ဂျန်ကင်း ရေးသားပြီး NLM ဘာသာပြန်ဆိုသည်။

လွန်ခဲ့သော ၁၅ နှစ်က ဗြိတိသျှသံအမတ်ကြီးအဖြစ် စာရေးသူ ရန်ကုန်တွင် ရှိနေစဉ် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှ မြောက်ဦးမြို့ဟောင်းသို့ လေတဖြူးဖြူးဖြင့် ငြီးငွေ့လောက်အောင် သွားခဲ့ရသော မြစ်ကြောင်းခရီးစဉ်ကို ပြန်လည်သတိရမိသည်။ မြောက်ဦးသည် ခေတ်သစ်မြန်မာနိုင်ငံ အစောပိုင်းကာလများတွင် ထင်ရှားခဲ့ဖူးသော နိုင်ငံတစ်ခု၏ အာဏာနှင့် ဓနဥစ္စာများကို သက်သေပြနေသော ခံ့ညားသော ယဉ်ကျေးမှုတစ်ခု ဖြစ်သည်။ ထို့အပြင် အင်္ဂလိပ်များက အာရကန်ဟု ခေါ်ဝေါ်သော ရခိုင်ပြည်နယ်သည် ဒုတိယကမ္ဘာစစ်၏ အဓိကတိုက်ပွဲအချို့ ဖြစ်ပွားခဲ့ရာ နယ်မြေဖြစ်ပြီး စာရေးသူ၏ ဦးလေးသည် ဗြိတိသျှ တော်ဝင်မရင်းတပ်ဖွဲ့ဝင်အဖြစ် ရောက်ရှိခဲ့သောနယ်မြေ ဖြစ်သည်။

ယခုအခါ ရခိုင်ကို အခြားသော အကြောင်းရင်းများကြောင့် ကမ္ဘာက သိရှိလာကြသည်။ ရခိုင်ပြည်နယ်သည် နှစ်ပေါင်းငါးဆယ် စစ်အာဏာရှင် အုပ်ချုပ်မှုအလွန် အလုံးစုံ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်ကို ဖြတ်သန်းနေရသော မြန်မာနိုင်ငံနှင့် အနောက်ပိုင်းမှ ဘင်္ဂါလီ စကားပြော မွတ်ဆလင် အသိုင်းအဝိုင်းမှ အစွန်းရောက် အကြမ်းဖက်အုပ်စုများအကြား အန္တရာယ်ကြီးသော ပဋိပက္ခ ဖြစ်ပွားနေသော ဗဟိုချက်နယ်မြေ ဖြစ်နေသည်။

ဤပြဿနာတွင် တစ်ဖက်ဖက်သို့ လိုက်ပါအောင် ဖြားယောင်းနေသော အကြောင်းအရာများ ရှိသည်။ အထူးသဖြင့် ထိုနယ်မြေတွင် နှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံမှုများ ရှိခဲ့ပြီး ဘင်္ဂါလီများသည် မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ ကြမ်းတမ်းသော ဖိနှိပ်ဆက်ဆံမှုကို အမြဲတစေ ကြုံတွေ့ခဲ့ရသည့်အပြင် အတင်းအကျပ် ပြောင်းရွှေ့ခံရခြင်း၊ ရွာများ မီးရှို့ခံရခြင်း၊ နိုင်ငံသားဖြစ်ခွင့် ပိတ်ပင်ခံရခြင်းတို့ကို ရင်ဆိုင်နေကြရသည်ဟု အများက လက်ခံယူဆထားကြသည်။

သို့သော် စာရေးသူတို့သည် ထိုအခြေအနေကို တိုးတက်စေလိုပါက အပြစ်မတင်မီ အခြေအနေကို ဦးစွာ နားလည်သဘောပေါက်ရန် လိုအပ်သည်။ ဤကိစ္စများသည် မြန်မာနိုင်ငံနှင့်သာမက အရှေ့အလယ်ပိုင်းနှင့်လည်း သက်ဆိုင်သည်။

ပထမဦးဆုံးအချက်မှာ မြန်မာနိုင်ငံတွင် ဘေးဒုက္ခ ခံစားနေရသူများမှာ ရခိုင်ဒေသရှိ မွတ်ဆလင်များချည်း မဟုတ်သောအချက် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၁၉၅၈ ခုနှစ်မှ စတင်ခဲ့သည့် ရက်စက်ကြမ်းတမ်းသော စစ်အုပ်ချုပ်ရေးစနစ်သည် ဗမာ၊ ရှမ်း၊ မွန်၊ ကရင်၊ ကချင်၊ ချင်း၊ ကရင်နီ၊ ပလောင်၊ ကိုးကန့်၊ ရခိုင်ဗုဒ္ဓဘာသာ၊ ရခိုင်ဒေသရှိ မွတ်ဆလင်များ အပါအဝင် လူတိုင်းကို စနစ်တကျ ဖိနှိပ်အုပ်ချုပ်ခဲ့သည်။ ပြည်သူတို့သည် ၎င်းတို့ လူမျိုးစုများ၏ စစ်သားစုဆောင်းမှုကိုလည်း ခံကြရသည်။ စစ်အုပ်ချုပ်ရေးသည် မည်သူ့ကိုမှ ချမ်းသာမပေးပေ။ စစ်အုပ်ချုပ်ရေးသည် စီးပွားရေးကို ဖျက်ဆီးပစ်သည်။ အရပ်ဘက် လူ့အဖွဲ့အစည်းကို ရိုက်ချိုးပစ်သည်။ မြန်မာနိုင်ငံအဖြစ် ဖွဲ့စည်းထားသည့် လူမျိုးအသိုင်းအဝိုင်းများကို တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်အောင် ရန်တိုက်ပေးသည်။

ထို့ကြောင့် ယခုအခါ ရခိုင်ဒေသရှိ မွတ်ဆလင်များ ဖိနှိပ်ခံရမှုကို တားဆီးရန် ထိရောက်သော ဆောင်ရွက်ချက်များ အရေးပေါ်လုပ်ဆောင်ခြင်း မရှိသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို လူအများက အပြစ်တင်ကြသည့်အခါ စာရေးသူ သက်ပြင်းချမိပါသည်။ အမှန်စင်စစ် မြန်မာနိုင်ငံ၏ တစ်စစီ စုတ်ပြတ်ယိုယွင်းနေသော လူ့အဖွဲ့အစည်းကို ပြင်ဆင်ရန် စတင်ရေး လုပ်ငန်းသည်ပင် မျိုးဆက်နှင့်ချီသော တာဝန်တစ်ခုဖြစ်သည်။ သို့သော် လူတိုင်းက သူမ၏ အာရုံစိုက် လုပ်ဆောင်မှုနှင့် လမ်းလျှောက်တတ်စ မြန်မာအစိုးရသစ်အပေါ် စောဒက တက်နေကြသည်။

၂၀၁၅ ရွေးကောက်ပွဲ အောင်ပွဲခံမှုမှ ရရှိလာသော ဒေါ်အောင်ဆန်းစုကြည်၏ အာဏာမှာ ခိုင်မာအားကောင်းသော အရာတစ်ခု မဟုတ်ပေ။ ၂၀၀၈ အခြေခံဥပဒေသည် တပ်မတော်ခေါ် စစ်တပ်အား အဓိကကျသော လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန သုံးခုကို ပေးအပ်ထားသည့်အပြင် လွှတ်တော်တွင် အရပ်သားပြည်သူများ၏ လိုလားချက်များကို ပိတ်ပင်နိုင်သည့် ဗီတိုအာဏာကိုပါ အပ်နှင်းထားသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်စေရန် ပိတ်ဆို့ထားမှုကြောင့် သူမသည် အတိုင်ပင်ခံရာထူးနှင့် နိုင်ငံခြားရေးဝန်ကြီးရာထူးကိုသာ ရယူနိုင်ခဲ့သည်။ ထိုအချက်သည် လက်ရှိအခြေအနေတွင် အရေးပါသောအချက် ဖြစ်သည်။

တိုးတက်ကြီးပွားမှုကို ဒီမိုကရေစီက ဆောင်ကြဉ်းပေးသည်ဟု ပြည်သူများက ရှုမြင်စေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်အစိုးရ ဖျက်ဆီးထားခဲ့သော စီးပွားရေးကို အရေးပေါ်ပြင်ဆင်ရန် လိုအပ်နေသည်။ သူမသည် မြန်မာနိုင်ငံ၏ နိုင်ငံတကာ အနေအထားအပေါ် များစွာသက်ရောက်မှု ရှိသည့် နှစ်ပေါင်းခြောက်ဆယ်ကျော် ပြည်တွင်းစစ်တိုက်ပွဲများ အဆုံးသတ်နိုင်ရေး အတွက်လည်း တရုတ်နိုင်ငံ၏ အကူအညီဖြင့် စေ့စပ်ညှိနှိုင်းရန် ကြိုးစားလျက်ရှိသည်။

ထို့အပြင် သူမသည် အခြေအနေအရပ်ရပ်ကို ဂရုတစိုက် ကိုင်တွယ်ရန် လိုအပ်နေသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအပေါ် တပ်မတော်၏ သံသယရှိမှု၊ ခွဲထွက်ရေးဝါဒ၊ တိုင်းရင်းသား လူမျိုးစုများနှင့် နိုင်ငံတကာပလေယာများသည် ပျောက်ကွယ်သွားခြင်း မရှိပေ။ ရခိုင်အမျိုးသားပါတီနှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA အပါအဝင် အခြားအင်အားကြီး အုပ်စုများသည် ၎င်းတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များ အသီးသီး ရှိကြသည်။ ရခိုင်ဒေသရှိ မွတ်ဆလင်များ အရေးကို ဒေါ်အောင်ဆန်းစုကြည်က ဂရုမစိုက်ဟု အလွယ်တကူ လက်ညှိုးထိုးခြင်းသည် မှန်ကန်မှု မရှိပေ။ သူမ အမှန်တကယ် လုပ်ဆောင်နေကြောင်း စာရေးသူ သိရှိနားလည်သည်။ သူမသည် ၂၀၁၆ တွင် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဦးဆောင်ရန် သဘောတူခဲ့ပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းရန်အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို ဖိတ်ကြားခဲ့သည်။ အဆိုပါ ကော်မရှင်၏ အစီရင်ခံစာကို ကြာသပတေးနေ့က ရန်ကုန်တွင် ထုတ်ပြန်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က သူမနှင့် သူမ၏ အစိုးရသည် ယင်းကဲ့သို့ ရှုပ်ထွေးသော အခြေအနေမျိုးတွင် ကော်မရှင်၏ အကြံပြုချက်များစွာကို တတ်နိုင်သမျှ အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု တာဝန်ယူ ပြောကြားသည်။

သို့ရာတွင် တိုးတက်မှုကို အလိုရှိသူမှာ လူတိုင်းမဟုတ်ပေ။ သောကြာနေ့ နံနက်အစောပိုင်းတွင် ရန်ကုန်မှ ဖြစ်ရပ်များနှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် ရခိုင်ပြည်နယ် အနောက်ပိုင်းမှ ရဲစခန်း ၂၀ ကျော်ကို ဟာရာကက် အယ်လ် ယာကင် အကြမ်းဖက်အုပ်စုမှ လက်နက်ကိုင် ၁၅၀ ခန့်က အချိန်ကိုက် တိုက်ခိုက်ခဲ့ကြသည်။ ထိုအုပ်စုခေါင်းဆောင်သည် အကြမ်းဖက်ပုန်ကန်မှု အတွေ့အကြုံရှိသူ ဖြစ်ပြီး ၎င်းင်းတို့၏ ရည်ရွယ်ချက်အပေါ် အယ်လ်ကေဒါ၊ ဒေ့ရှ် (IS) နှင့် ပါကစ္စတန်မှ အစွန်းရောက်အုပ်စုများ၏ ထောက်ခံမှုကို ရရှိထားသည်။

စာရေးသူတို့သည် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကမှ အန္တရာယ်အကြီးဆုံး အကြမ်းဖက်ကွန်ရက်များနှင့် နိုင်ငံတကာဖြတ်ကျော် ဆက်နွှယ်မှုရှိသော နောက်ထပ် သူပုန်သူကန်များ မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာခြင်းကို မလိုလားပါ။ သို့ဖြစ်ရာ နိုင်ငံအနောက်ပိုင်းမှ အခြေအနေကို တိုးတက်လာစေရန် မြန်မာအစိုးရတွင် ကြီးလေးသော တာဝန်ရှိကြောင်း ထင်ရှားနေသည်။ သို့ရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်းသည်လည်း အလွယ်တကူ ပြစ်တင်ဝေဖန်နေရုံဖြင့် မပြီးပဲ အကူအညီများ ပေးရမည်ဖြစ်သည်။

၁၉၄၈ လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာနိုင်ငံ ရင်ဆိုင်ခဲ့ရသော ပြဿနာတစ်ခုမှာ ယုံကြည်ရသော မဟာမိတ်နိုင်ငံများ မရှိခြင်းဖြစ်သည်။ ဤအခြေအနေမျိုးကို ထပ်မံဖြစ်ခွင့်ပေး၍ မရပါ။ အင်ဒိုနီးရှားနှင့် စင်ကာပူတို့က အကူအညီဖြစ်နိုင်သော အာဆီယံအနေနှင့် တစ်ထောင့်တစ်နေရာမှ ပါဝင်နိုင်သည်။ အလားတူ ဘင်္ဂလားဒေ့ရှ်သည်လည်း ပါဝင်နိုင်သည်။ ဆော်ဒီအာရေဗျနှင့် အဓိက အာရပ်နိုင်ငံများသည်လည်း ပါဝင်နိုင်သည်။

ဆော်ဒီဘုရင့်နိုင်ငံ၏ နိုင်ငံတကာလှုပ်ရှားမှု ဝါဒအသစ်ကို ကြိုဆိုကြရမည်။ ဆော်ဒီသည် စနစ်တကျ ဖွဲ့စည်းထားသော တော်လှန်ရေး လှုပ်ရှားမှုများ၏ ခြိမ်းခြောက်မှုများကို ရှင်းရှင်းလင်းလင်း သိမြင်ထားသည်။ ထို့ကြောင့် ဆော်ဒီတွင် အီရတ်ဆိုင်ရာ မူဝါဒ ပြောင်းလဲမှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဆော်ဒီအနေနှင့် ၎င်း၏ အိမ်နီးချင်းနိုင်ငံများနှင့် ကွဲပြားစွာ မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှအပေါ် အလားတူ အပြုသဘောဆောင်သော ချဉ်းကပ်မှုမျိုးကို ချမှတ်မည် ဆိုပါက ဝမ်းမြောက်စွာ ကြိုဆိုရမည်ဖြစ်သည်။ ဆော်ဒီအနေနှင့် မြန်မာနိုင်ငံ အနောက်ပိုင်းမှ ရခိုင်ဒေသရှိ မွတ်ဆလင်များ၏ စီးပွားရေးနှင့် လူမှုဆိုင်ရာ အရေးပေါ် ဘေးဒုက္ခများကို ဖြေရှင်းရန် နည်းလမ်းများနှင့် ပတ်သက်၍ မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံခြင်းသည် အလွန်ကောင်းမွန်သော ခြေလှမ်းဖြစ်လိမ့်မည်။

ပြီးခဲ့သော ဆယ်စုနှစ်အတွင်း စာရေးသူတို့ လေ့လာသင်ယူခဲ့သော အရာတစ်ခုမှာ အစွန်းရောက် ခြိမ်းခြောက်မှု အားလုံးကို ဆက်နွှယ်မှု ဖြတ်တောက်ပစ်ရေး ဖြစ်သည်။ မြန်မာနိုင်ငံအနောက်ပိုင်း ဝေးလံခက်ခဲသော ဒေသမှ ဖြစ်ပျက်နေသော အရာများသည် အဆုံးတွင် အားလုံးအပေါ် ရိုက်ခတ်လာမည် ဖြစ်သည်။ အကြမ်းဖက်ပုန်ကန်မှု ဟူသည်မှာ အဆုံးတွင် မည်သူ့ကိုမှ ကောင်းကျိုးမပေးပါ။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် စာရေးသူတို့ အားလုံး၏ အကူအညီကို လိုအပ်နေသည်။ အကယ်၍ သူမ လက်လျှော့စွန့်ခွာသွားပါက အခြားရွေးချယ်စရာ ရှိတော့မည် မဟုတ်ပါ။ စာရေးသူတို့ အားလုံးသည် မြန်မာနိုင်ငံတွင် နောက်ထပ် စစ်အစိုးရသစ်တစ်ခုကို ကြုံတွေ့ကြရလိမ့်မည်။ ထိုအခါ ရခိုင်ဒေသရှိ မွတ်ဆလင်များအတွက် သာမကပဲ မြန်မာနိုင်ငံသားအားလုံးအတွက်၊ မြန်မာနိုင်ငံနှင့် ပတ်သက်ဆက်နွှယ်သူများအတွက် ပျက်စီးရာ ပျက်စီးကြောင်း ကပ်ဘေးဒုက္ခတစ်ခု ဖြစ်လာလိမ့်မည်။      

The Voice

No comments:

Post a Comment